ဆန္ဒပြလူငယ်များကို ယမန်နေ့က ရိုက်နှက်ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့သည့် ရန်ကုန်ရှိ နာမည်ကျော် မြန်မာပလာဇာ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် သပိတ်မှောက်ကြရန် လှုံ့ဆော်နေကြရာ ယနေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းမှစ၍ စစ်ကောင်စီက ပလာဇာအဆောက်အအုံကို လုံခြုံရေးအပြည့်ချထားသည်။
ထိုကုန်တိုက်သို့ ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ရောက်ရှိခဲ့သူ နှစ်ဦး၏ အဆိုအရ အဆောက်အအုံပတ်ပတ်လည်တွင် ရဲနှင့် စစ်သား အင်အားအများအပြားရှိနေပြီး အတွင်းရှိ ဆိုင်ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။
အင်းလျားကန်ဘေး မြန်မာပလာဇာ၏ ဝင်ပေါက်အသီးသီးတွင် ရဲနှင့် စစ်သား ၁ဝ ဦးခန့်စီ လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေကာ ထိုနေရာကို ပတ်၍ ကင်းလှည့်နေသည့် စစ်ကားများကိုလည်း တွေ့ရကြောင်း ရန်ကုန်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“မြန်မာပလာဇာထဲကို ဝင်တဲ့သူပဲဖြစ်ဖြစ် ထွက်တဲ့သူပဲဖြစ်ဖြစ် တားပြီးတော့ စစ်တယ်။ ပစ္စည်းတွေပါလို့ရှိရင် မေးတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့နံနက် ၉ နာရီခန့်မှစ၍ ဆိုင်ခန်းများပိတ်သိမ်း၊ စစ်သားနှင့် ရဲများ ရှိနေသည်မှအပ ဈေးရောင်းဈေးဝယ်ရှင်းလင်းနေသည့် ထိုပလာဇာဓာတ်ပုံများမှာ မြန်မာနိုင်ငံတွင် လူသုံးများသည့် Facebook တွင်လည်း ပြန့်နေပြီဖြစ်သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ စက်မှု(၁) ကားမှတ်တိုင်အနီးရှိ မြန်မာပလာဇာအတွင်း ဆန္ဒပြမှုတစ်ခုကို ထိုကုန်တိုက်၏ ဖြေရှင်းမှုနှင့် ပတ်သက်၍ လူထုက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။
စစ်တပ်နှင့် ပတ်သက်သည့် ပါရမီယာဉ်လိုင်းများ၊ Omni Focus ယာဉ်လိုင်းများ စီးနင်းခြင်း မပြုကြရန် LGBT ရန်ကုန်ကွန်ရက်မှ လူငယ်ဆယ်ဦးခန့် ဆန္ဒပြနေစဉ် ကုန်တိုက်လုံခြုံရေးဝန်ထမ်းတို့က ထိုးကြိတ် ဖမ်းဆီးသဖြင့် အမျိုးသမီးများအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
လိုက်ဖမ်းသဖြင့် ထွက်ပြေးရသည်ဟု ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီကို ပြေးလာတာ ကျွန်တော်တို့လည်း ပြေးတာပေါ့။ မောလ်(ကုန်တိုက်) ထဲမှာ နှစ်ယောက်မိတယ်။ ကားပါကင်မှာ ကျွန်တော့်ကို မိတယ်။ ကျွန်တော်က စက်လှေကားပေါ်က ခုန်ဆင်းတော့ ခြေထောက်က ကွဲသွားတယ်။ သွေးတွေ အများကြီးထွက်နေတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
မြန်မာပလာဇာ ဒုတိယထပ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်သည့် စာရွက်များကြဲချပြီးနောက် ဟောပြောနေချိန် တစ်မိနစ်ခန့်အတွင်းတွင် ကုန်တိုက်လုံခြုံရေးများက ဝိုင်းပိတ်ကာ ဖမ်းခြင်းဖြစ်ကြောင်း ထိုသူ့ထံမှ သိရသည်။
“ထော့နဲ့ထော့နဲ့ ကားပါကင်မှာ ပတ်ပြေးနေတုန်း၊ ပြေးကန်တယ်။ မှောက်သွားတော့ လုံခြုံရေးတစ်ယောက်က ပြေးထိုးတယ်။ ကျွန်တော့မျက်မှန်ကျိုးသွားတော့ ကျွန်တော်မမြင်ရတော့ဘူး။ အဲဒီမှာ မျက်မှန်စမ်း(ရှာ) နေတုန်း ဝိုင်းကန်တာ ၇ ယောက်လောက်ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်ကြောင့် ခြေထောက်၊ ညာဘက်လက်၊ ဒူးခေါင်း၊ ရင်ဘတ်နှင့် မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။
“ဝိုင်းကန်နေတုန်းမှာ မင်းတို့တွေ သောက်လုပ်ရှုပ်လို့ ကိုယ့်ထမင်းကိုယ်စားပြီး အဲဒီသောက်လုပ်တွေ လုပ်နေလို့ ငါတို့က ပြဿနာတက်တာ ဟိုတစ်ခေါက်ကလည်း။ မင်းကို စစ်တပ်လက်ထဲ အပ်မယ်လို့ အဲဒီလိုပြောတယ်” ဟု ၎င်းက ပြောသည်။
နောက်ပိုင်းတွင် အခြားဖမ်းဆီးခံရသူများနည်းတူ ပြန်လွှတ်ပေးခဲ့သည်ဟု အထက်ပါ ကိုယ်တွေ့ကြုံရသူကပင် ပြောသည်။
“အခုနာမည်ကြီးနေတဲ့ မန်နေဂျာ ကိုနိုင်လင်း (Facebook တွင် မြန်မာပလာဇာ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဟု ပြန့်နေသူ) ဆိုတာ သူက သူ့ကို ငါခေါ်သွားမယ်ဆိုပြီးတော့ အပြင်ကို ထုတ်ပေးတယ်” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချမှုများ Facebook တွင် ပြန့်ပြီးနောက်တွင် မြန်မာပလာဇာ၌ ဖွင့်လှစ်ထားသည့် ဈေးဆိုင်တချို့က ၎င်းတို့ဆိုင်များကို ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ယမန်နေ့(နိုဝင်ဘာ ၂၅) ညမှစ၍ ကြေညာနေကြသည်။ ပိတ်သိမ်းသည့် ဆိုင်ခန်းအရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြန်မာပလာဇာ၏ ထိုလုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်နေကြသည့် ရန်ကုန်မြို့ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း ပြည်သူများ မြန်မာပလာဇာအနီး သွားလာခြင်းမပြုကြရန် သတိပေးစာများ ထုတ်ပြန်ထားသည်။
ထို့နောက်တွင် မြန်မာနိုင်ငံဗဟိုဘဏ်၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနီး တည်ရှိပြီး စည်ကားလေ့ရှိသည့် မြန်မာပလာဇာရှေ့တွင် ယခင်က နေရာလုနေကြသည့် တက္ကစီများ ယနေ့ မရှိတော့ဘဲ တစ်စီး၊ နှစ်စီးသာ တွေ့ရသည်ဟု ထိုနေရာသို့ ရောက်ခဲ့သူ နောက်တစ်ဦးက ပြောသည်။
“အစားအစာရောင်းတဲ့ ဈေးဆိုင်တန်းဘက်မှာလည်း ပုံမှန်ဆို Food Panda သမားတွေ စက်ဘီးတွေ ဂိတ်ထိုးတဲ့နေရာ။ ဒီနေ့တော့ လုံးဝမရှိဘူး၊ သူတို့နေရာကို ရဲတွေက သေနတ်တွေနဲ့ စောင့်နေတာ” ဟု ၎င်းက ပြောသည်။

ယခင် စက်မှု(၁) ဝန်ကြီးဌာနပိုင် မြေနေရာတွင် တည်ဆောက်ထားပြီး ရန်ကုန်မြို့၏ အကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်သည့် မြန်မာပလာဇာကို ဗီယက်နမ်နိုင်ငံအခြေစိုက်ကုမ္ပဏီ Hoang Anh Gia Lai (HAGL) က ပိုင်ဆိုင်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း မြန်မာပလာဇာက ယမန်နေ့ညကတည်းက Facebook မှတစ်ဆင့် ကြေညာချက်ထုတ်ခဲ့သည်။ သို့သော်လည်း အလေးအနက်တောင်းပန်မှုမပြုလျှင် ထိခိုက်ဆုံးရှုံးမှု ကြီးမားနိုင်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။
ယခုဖြစ်ရပ်တွင် ပြည်သူလူထု၏ တုံ့ပြန်မှုကို ကြည့်ပါက စစ်အာဏာရှင်ကို မည်မျှ ရွံမုန်း၊ နာကြည်းနေသည်ကို တွေ့နိုင်သည်ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် လူထုက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်နေကြသည်။ ကျော်ကြားသည့် လုပ်ငန်းကြီးနှစ်ခုဖြစ်သည့် Myanmar Beer နှင့် Mytel ဆက်သွယ်ရေးကုမ္ပဏီတို့၏ ဝင်ငွေလျော့ကျမှုများမှာ အထင်ရှားဆုံးဖြစ်သည်။
Mytel သည် အာဏာသိမ်းပြီး သုံးလ(ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ) သုံးလအတွင်း ကန်ဒေါ်လာ ၂၅ သန်း(ကျပ် ၄၅ ဘီလျံ) ခန့် ထိခိုက်သည်အထိ ဖြစ်ခဲ့သည်။ Myanmar Beer သည်လည်း ပြီးခဲ့သည့်နှစ်နှင့် ယှဉ်လျှင် ရောင်းအား ၄ဝ ရာခိုင်နှုန်း၊ အမြတ်အစွန်း ၅ဝ ရာခိုင်နှုန်းအောက် ကျဆင်းနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



