အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်နှစ်နီးပါး ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသားများအမှု ရုံးချိန်းထပ်ရွှေ့

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် နှစ်နှစ်နီးပါး ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားငါးဦးအမှုကို ယမန်နေ့ (နိုဝင်ဘာ ၈) တွင် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်။

ကျောက်ဆိပ်ရွာသားငါးဦးဖြစ်သည့် ကိုညီညီအောင်၊ ကိုမျိုးလင်းဦးနှင့် ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့ကို AA သံသယဖြင့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအချိန်က ရခိုင်ပြည်နယ်တွင် AA နှင့် စစ်တပ်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန်လည်းဖြစ်သည်။ 

အဆိုပါအမှုတွင် စစ်ဆေးရန် ကျန်ရှိနေသည့် တစ်ဦးတည်းသော တရားလိုပြသက်သေ ဗိုလ်မှူးသည် ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသဖြင့် ကော်မရှင်နာဖြင့် စစ်ဆေးရန် တင်ပြထားသော်လည်း ၆ လကျော်လာသည်အထိ သက်ဆိုင်ရာတရားရုံးက အကြောင်းပြန်ခြင်း မရှိသဖြင့် အမှုရှေ့ဆက်မရဘဲဖြစ်နေခြင်းဟု ကျောက်ဆိပ်ရွာသားများ၏ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။ 

“ကော်မရှင်နာ သက်သေစစ်တဲ့စာ ရောက်ရင် သက်သေခံသွင်းပြီး အမှုကို ဆက်သွားမယ်။ စစ်သားက ရှေ့တန်းထွက်နေတာနဲ့ အဲဒီမှာစစ်လို့ မရလို့ပြောတယ်။ ကော်မရှင်နာက စစ်တွေခရိုင်တရားရုံးကနေ ပို့ထားတာက ၆ လ လောက်ရှိပြီ” ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်နေသည့် အဆိုပါအမှုအတွက် နောက်တစ်ပတ်ရုံးချိန်းကို နိုဝင်ဘာ ၂၂ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟုလည်း ဦးကျော်ညွန့်မောင်က ပြောသည်။ 

အဆိုပါအမှုကို ၆ လအတွင်း အပြီးသတ်စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ထားသော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် တရားရုံးပိတ်ထားရခြင်း၊ တရားလိုသက်သေများ သက်သေထွက်ဆိုရန် ရောက်ရှိမလာသောကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု သိရသည်။ 

“ကျွန်တော့​အမှုသည်တွေတော့ အများကြီးနစ်နာတယ်။ ဒီအမှုဟာ ၆ လနဲ့ပြီးရမဲ့အမှုဟာ တစ်နှစ်နဲ့‌ ခြောက်လကြာသွားတာ။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ၊ ဒီအမှုကို စစ်ဆေးနေတဲ့ တရားသူကြီးတို့ ၊ အုပ်ချုပ်သူလူတွေအနေနဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မကြန့်ကြာအောင်၊ မလိုလားအပ်ဘဲ ကြန့်ကြာနေတဲ့အတွက် ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်သင့်တယ်” ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ကျောက်ဆိပ်ရွာသားများကို ဖမ်းဆီးစဉ်က စစ်ရေယာဉ်ပေါ်၌ လက်ပြန်ကြိုးတုပ်ကာ မျက်နှာကို အဝတ်စည်းလျက် စစ်သားများ ရိုက်နှက်ကန်ကျောက်နေသည့် ရုပ်သံဖိုင်များ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့သဖြင့် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ဝေဖန်မှုများထွက်ပေါ်ပြီးနောက် ယင်းသို့အပြစ်ကျူးလွန်သူ တပ်မတော်သားများကို စစ်စည်းကမ်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် ကျောက်ဆိပ်ရွာသားများကို စစ်တွေအကျဉ်းထောင်၌ ချုပ်နှောင်ခဲ့ပြီး အကြမ်းဖက်ဖြင့် အမှုဖွင့်ခံရသော်လည်း စစ်သားများကို အမှန်တကယ်အရေးယူခြင်း ရှိမရှိ မသိရပေ။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ကာ AA နှင့် ပတ်သက်ဆက်နွှယ်သံသယဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျောက်ဆိပ်ရွာသားငါးဦးမှာမူ လွတ်မြောက်လာခြင်းမရှိဘဲ နှစ်နှစ်နီးပါး အမှုပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိပေ။ 

ဖမ်းဆီးခံထားရသူ ကျောက်ဆိပ်ရွာသားငါးဦးအနက် ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ရုံးချိန်းပေါင်း မြောက်မြားစွာ သွားလာနေရသဖြင့် ငွေကြေးကုန်ကျမှုများကာ စားဝတ်နေရေးပင် အခက်အခဲရှိလာကြောင်း ပြောသည်။

“သွားဖို့လာဖို့ဆို၊ သားကိုပေးဖို့အတွက်ဆိုရင် တစ်ကြိမ်မှာ ပိုက်ဆံ လေးငါးသောင်းလိုတယ်။ အန်တီတို့ ဘယ်လောက် ငတ်မွတ်သွားမှာလဲ စဉ်းစားကြည့်ပေါ့။ အန်တီမှာ ရှိသမျှဟာလည်း ကုန်ပြီ။ သားကို လွှတ်ပေးပါတော့ ကျေးဇူးရှင်တွေ။ ဒီသားလွှတ်ရင် အန်တီနတ်ပြည်တက်ပြီ၊ ထမင်းဝပြီ” ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စဉ်က ဒေသခံအများအပြားကို AA သံသယဖြင့် စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဒေသခံ ၂၀၀ ကျော်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးသူများရှိသော်လည်း ထိန်းသိမ်းခံထားရသူ ၁၆၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်ဟု ရခိုင်အရပ်ဘက်အဖွဲ့များ၏ စာရင်းများအရ သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button