အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့တွင် ပစ်ခတ်မှုများကြောင့် စစ်သားနှစ်ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့

ရန်ကုန်မြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၇) က တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် လှိုင်သာယာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သားနှစ်ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

စစ်တပ်နယ်မြေဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လက်နက်ကိုင် စစ်သားသုံးဦးစောင့်ကြပ်နေသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ရုပ်သံမှတ်တမ်းအရ စစ်သားများရှိနေသည့် အုပ်ချုပ်ရေးမှူးရုံးရှေ့ဂိတ်တဲကို သေနတ်သမားများက ကားပေါ်မှနေ၍ အဆက်မပြတ်ပစ်ခတ်သွားခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကို ရန်ကုန်အခြေစိုက် Fight for Freedom (FFF) နှင့် Myanmar Underground Revolutionary Movement (MURM) ဆိုသည့် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့များက ယနေ့ထုတ်ပြန်သည်။ 

အရပ်သားတစ်ဦး သေဆုံးရခြင်းအပေါ် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် နောက်နောင်တွင် ထိုသို့ဖြစ်မလာစေရန် အရပ်သားများအနေဖြင့် စစ်ကောင်စီဘက်တော်သားများနှင့် ဝေးရာတွင် နေထိုင်ကြရန် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရပ်သားဆိုရင် စစ်ကင်းတဲ အထဲမှာ ဘာကြောင့်ဝင်ထိုင်နေသလဲ။ မြင်တော့ လုံးဝရှောင်မရတော့ဘူး။ ပထမသုံးချက်က ပစ်ပြီးနေပြီ။ ရပ်လိုက်ရင် ကျွန်တော်တို့အတွက် အရင်းအနှီးအရမ်းကြီးသွားလိမ့်မယ်” ဟု အဆိုပါပစ်ခတ်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။ 

“အဖွဲ့တွေကနေ စာတွေထုတ် ပြောပြနေတာပဲ။ ရှေ့ဆက်ပြီး စကစ (စစ်ကောင်စီ) နဲ့က ထိပ်တိုက်ဆက်တွေ့နေရမှာ။ ဒီလို လူသားဒိုင်းလို အသုံးချခံရမဲ့လူတွေအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ လုံခြုံရေးကင်းတဲကို အဖွဲ့နှစ်ဖွဲ့ပေါင်းကာ သေနတ်နှစ်လက်ဖြင့် အချက် ၅၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ကျေးရွာအနီးရှိ လေတပ်စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရမှုမှာမူ ၎င်းတို့လက်ချက်မဟုတ်ကြောင်း အထက်ပါအဖွဲ့နှစ်ဖွဲ့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးရုံးရှေ့ ဂိတ်တဲပစ်ခတ်ခံရမှုတွင် စစ်သားနှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးသည်ဟု တိုက်ခိုက်ခဲ့သည့် အဖွဲ့များက ဆိုသော်လည်း စစ်သားသုံးဦးနှင့် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ရေးသားထားသည်။ 

မင်္ဂလာဒုံမြို့နယ်တွင် လက်နက်ကိုင်စစ်သားများ စောင့်ကြပ်နေသည့် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ကင်းတဲကို သေနတ်သမားများက ကားပေါ်မှ ပစ်ခတ်ခဲ့စဉ်။ 

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ် ၂၀ ရပ်ကွက်တွင်လည်း ယမန်နေ့က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ကြီးနေသူ ဦးအောင်နိုင်မြင့် ခေါ် နဂါးလေးဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်စဉ် စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း RFA သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။ 

ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီက အစစ်အဆေးကြမ်းခဲ့ရာ ကားလမ်းများပိတ်ဆို့ပြီး တောင်ဒဂုံစက်မှုဇုန်သို့ အလုပ်သွားလုပ်သူများ အလုပ်ချိန်မမီတော့သဖြင့် လှည့်ပြန်ခဲ့ရသူများရှိသည်ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

“တောင်ဒဂုံမှာ အစစ်အဆေး အဖမ်းအဆီးကြမ်းနေလို့ဆိုပြီး ခုနလေးတင်ပဲ ပြန်ရောက်လာတာ။ ထမင်းချိုင့်တောင် ဖွင့်မစားလာခဲ့ကြဘူး။ မဟုတ်တဲ့သူတွေရော သိမ်းကျုံးဖမ်းနေတော့ မဆိုင်တဲ့သူတွေလည်း ကျီးလန့်စာစားဖြစ်နေတော့တာ” ဟု တောင်ဒဂုံအသွား လှည့်ပြန်ခဲ့သူများအကြောင်း ၎င်းက ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့တွင် သေနတ်သမားသုံးဦးက ဝင်ရောက်ပစ်ခတ်ရာ အမျိုးသားသုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

ပစ်ခတ်မှုကြောင့် ရုံးအတွင်း အလုပ်လုပ်နေသူ ဦးကျော်စိုးဝင်း၊ အောင်ပြည့်စုံထွန်း၊ ဝင်းဘိုဆိုသူတို့ သေဆုံးခဲ့ပြီး အာကာဆိုသူကို ဆေးရုံတင်ထားရကြောင်း၊ ပစ်ခတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှ ၉၉ မမ ပစ်စတိုကျည်ခွံ ၄၉ တောင့် သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက ဆိုသည်။

ထိုပစ်ခတ်မှုမှာ ဒလန်ဟု နာမည်ကြီးနေသူ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကို လာရောက်လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း အထက်ပါ မရမ်းကုန်းဒေသခံက ပြောသည်။

သေဆုံးခဲ့သူများမှာ စစ်ကောင်စီသတင်းပေး ဒလန်များဖြစ်သည်ဟု ဆိုသော်လည်း ပစ်ခတ်မှုဖြစ်စဉ်အပါအဝင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ပစ်ခတ်မှုအပြီး ရပ်ကွက်ရုံးအနီးရှိ ခုံးတံတားပေါ်၌ လမ်းလျှောက်လာသည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး လူမြင်ကွင်း၌ အပြင်းအထန်ရိုက်နှက်နှိပ်စက်ခဲ့ကာ ဘုရင့်နောင်ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း မရမ်းကုန်းဒေသခံက ဆိုသည်။ 

“လက်ထိတ်ခတ်ပြီး အဲ့ဒီ ခုံးတံတားအောက်မှာ ထုတာ။ သူတို့က အဲဒီအခြေအနေနဲ့ ကြုံကြိုက်သွားတာကိုး။ တကယ်လုပ်တဲ့သူတွေကတော့ လွတ်သွားတယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ် အမှတ်(၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းတွင်လည်း ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသည့် ဦးဝေဆိုသူ လုပ်ကြံခံခဲ့ရသည်။ ထိုသူမှာ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်နှင့်ဆိုင်သည့် သတင်းများကို ဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုက ဆိုသည်။ 

လှိုင်သာယာမြို့နယ်၌ပင် ယမန်နေ့ညဦးပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဗုံးသုံးလုံးပစ်ပေါက် ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Civial Guerrilla Force – HTY ဆိုသည့်အဖွဲ့က ကြေညာထားသည်။ 

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာအပြီး နှစ်လအကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် ဒေသအသီးသီး၌ တိုက်ပွဲများဖြစ်နေသည်။

ထိုနှစ်လတာကာလအတွင်း စစ်ကောင်စီဘက်တော်သား ၁၀၀၀ ကျော် သေဆုံးပြီး စစ်တပ်သုံးယာဉ်အများအပြား မိုင်းခွဲတိုက်ခိုက်ခံရကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles