ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ချပြီး ခြောက်ရက်အကြာ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင်များက ထိုစီရင်ချက်နှင့်ပတ်သက်၍ တံခါးပိတ် ဆွေးနွေးရန်ရှိသည်။
တံခါးပိတ်အစည်းအဝေးကို နယူးယောက်စံတော်ချိန် နံနက် ၁၀ နာရီ၊ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် စတင်ရန် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဦးစွာဆွေးနွေးပြီးနောက် ဗြိတိန်၏ တောင်းဆိုချက်အရ မြန်မာအရေးကို “အခြားကိစ္စရပ်များ” အစီအစဉ်အောက်တွင် ဆွေးနွေးရန်ရှိကြောင်း ကုလကထုတ်ပြန်သည်။
ဒီဇင်ဘာလ ၇ ရက်တွင် မြန်မာ့အရေးကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးမည့် သီးသန့်အစည်းအဝေးတရပ်လည်း ကျင်းပရန်ရှိကြောင်း သိရှိရသည်။ ဗြိတိန်က တောင်းဆိုပြီး ပြင်သစ်က ထောက်ခံထားသည့် ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ပ်နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုတို့ကို အခြေအနေ ရှင်းလင်းတင်ပြပေးရန် ဗြိတိန်က တောင်းဆိုထားသည်။
နိုဝင်ဘာလ ၁၉ ရက် စီရင်ချက်တွင် မြန်မာစစ်တပ် ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ဆက်လက်ချိုးဖောက်နေမှုများ ရပ်တန့်ရန်၊ ကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးရန်နှင့် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးရန်လည်း မြန်မာနိုင်ငံကို ညွှန်ကြားထားသည်။
စီရင်ချက်ကို အမှုသည်နိုင်ငံများ လိုက်နာအကောင်အထည်ဖော်ရန် ဥပဒေအရ တာဝန်ရှိကြောင်း ပြင်သစ်က ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ချက်ကို မှတ်သားထားကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကို သမိုင်း၊ လူမျိုးနှင့် ဘာသာရေးဆိုင်ရာ အခြေအနေများ ထည့်သွင်းစဉ်းစား၍ ဖြေရှင်းသင့်ကြောင်း ပြောသည်။ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ကူညီမည်ဟုလည်း တရုတ်က ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ချက်၏ သက်ရောက်မှုများကို လေ့လာနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ICJ ကို နိုင်ငံရေးအရ အသုံးချခြင်းမှ ကာကွယ်ရန် အရေးကြီးကြောင်းနှင့် ရိုဟင်ဂျာများ၊ အခြားလူနည်းစုများအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အလေးအနက် စိုးရိမ်ကြောင်းလည်း ဆိုသည်။
မြန်မာအမှုတွင် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ICJ က ကောက်ချက်ချခဲ့ပုံသည် ဂါဇာတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အစ္စရေးကို တောင်အာဖရိကနိုင်ငံက ICJ တွင် စွဲဆိုထားသည့် အမှုအပေါ်တွင် မည်သို့သက်ရောက်လာနိုင်မည်ကို ဝါရှင်တန်က စိုးရိမ်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
မြန်မာနိုင်ငံက စီရင်ချက်အရ ဆောင်ရွက်ရမည့် တာဝန်များကို မလိုက်နာပါက အမှုတင်သွင်းခဲ့သည့် ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၉၄(၂) အရ လုံခြုံရေးကောင်စီထံ တင်ပြနိုင်သည်။ လိုအပ်သည်ဟု ကောင်စီက ယူဆပါက မြန်မာနိုင်ငံကို စီရင်ချက်လိုက်နာရန် အကြံပြုတိုက်တွန်းနိုင်သလို စီရင်ချက် အကောင်အထည်ဖော်စေရန် အစီအမံများလည်း ချမှတ်နိုင်သည်။
ထိုသို့ အစီအမံချမှတ်မည့် အဆိုတရပ် အတည်ပြုရန် ကောင်စီဝင် ၁၅ နိုင်ငံအနက် အနည်းဆုံး ကိုးနိုင်ငံ၏ ထောက်ခံမဲ လိုအပ်သည်။ ဗီတိုအာဏာသုံးနိုင်သော အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့အနက် တစ်နိုင်ငံက ကန့်ကွက်မဲပေးလျှင် အဆို အတည်မပြုနိုင်ပေ။
ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်နှစ်သက်တမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ၂၀၂၆ ခုနှစ်၏ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံမှာ ဘာရိန်း၊ ကိုလံဘီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဂရိ၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ ပါကစ္စတန်၊ ပနားမားနှင့် ဆိုမာလီယာတို့ ဖြစ်သည်။
၂၀၂၇ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် စင်ကာပူက ရိုဟင်ဂျာအမှုတွင် ICJ ချမှတ်ခဲ့သည့် စီရင်ချက်ကို လေးစားပြီး ယင်း၏ သက်ရောက်မှုများကို လေ့လာနေကြောင်း၊ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန်လည်း မြန်မာစစ်အုပ်စုကိုထပ်မံတိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်သည်။



