အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“ရိုဟင်ဂျာတွေရဲ့ အသံကို နောက်ဆုံးမှာ ကမ္ဘာ့အမြင့်ဆုံးတရားရုံးက ကြားနာလိုက်ပါပြီ” — ယန်ဟီးလီ

ICJ ၏ သမိုင်းဝင် လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်၏ အရေးပါမှု၊ အာဆီယံ၏ ရပ်တည်ချက်နှင့် စစ်အုပ်စုအပေါ် နိုင်ငံတကာက ထိရောက်စွာ အရေးယူရန် လိုအပ်မှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက Myanmar Nowနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။

နိုင်ငံတကာတရားရုံး (ICJ) က မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သမိုင်းဝင်စီရင်ချက် ချမှတ်လိုက်ခြင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့် ရိုဟင်ဂျာများအတွက် အရေးပါသော အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူဟောင်း ယန်ဟီးလီက ပြောသည်။

သို့သော် စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် နိုင်ငံတကာ၏ ဖိအားပေးမှုများ လိုအပ်ကြောင်း၊ ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) တွင်လည်း တာဝန်ရှိကြောင်း သူက ထောက်ပြသည်။

တောင်ကိုရီးယားနိုင်ငံသူ ယန်ဟီးလီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယန်ဟီးလီသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာက ထိရောက်စွာ အရေးယူရန် တောင်းဆိုခဲ့သူလည်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) ကို ပူးတွဲတည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

ယန်ဟီးလီနှင့် Myanmar Now တို့၏ မေးမြန်းချက်အပြည့်အစုံကို ဆီလျော်အောင်ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။ 

မေး။  ။ ICJ ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ ဘယ်လောက်အထိ အရေးပါပါသလဲ။ ဒီစီရင်ချက်က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး ဘာတွေကို ဖော်ပြနေပါသလဲ။

ဖြေ ။  ။ ပထမဆုံးအနေနဲ့ ကျွန်မကို အခုလို ဖိတ်ခေါ်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီအမှုရဲ့ အရေးပါမှုကို ပြောမယ်ဆိုရင် ၁၉၄၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံးကို စတင်တည်ထောင်ခဲ့ပြီးကတည်းက နိုင်ငံတစ်နိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်တာဖြစ်တယ်ဆိုတဲ့ အချက်ကို မပြောဘဲ မနေလို့မရပါဘူး။

ဒါကြောင့် ဒီစီရင်ချက်ဟာ တရားရုံးအတွက်လည်း သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။

ဒါပေမဲ့ ရိုဟင်ဂျာတွေအတွက်တော့ ဒီထက်ပိုပြီး သမိုင်းဝင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ညှဉ်းပန်းခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုတွေကို ခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ အသံကို နောက်ဆုံးမှာ ကမ္ဘာ့အမြင့်ဆုံးတရားရုံးက ကြားနာအသိအမှတ်ပြု လိုက်တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုသို့ ယန်ဟီးလီ သွားရောက်လည်ပတ်စဉ်။ (ဓာတ်ပုံ- AFP)

မေး ။  ။  ICJ ရဲ့ စီရင်ချက်တွေဟာ ဥပဒေအရ လိုက်နာဖို့ တာဝန်ရှိပေမယ့် စစ်အုပ်စုဘက်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်လို့ မျှော်လင့်ပါသလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းကရော ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။

ဖြေ ။  ။  တရားရုံးမှာ သူ့ရဲ့စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကိုယ်ပိုင်ယန္တရား မရှိပါဘူး။ အမိန့်ကို အတင်းအကျပ် လိုက်နာစေဖို့ ရဲတပ်ဖွဲ့လို အာဏာမျိုးလည်း မရှိပါဘူး။

ဒါကြောင့် အခုအချိန်မှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဒီစီရင်ချက်ကို လိုက်နာအောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း တာဝန်ရှိပါတယ်။

ရိုဟင်ဂျာတွေ သူတို့ရဲ့ မူလနေရပ်ဒေသတွေကို ပြန်နိုင်ဖို့၊ သူတို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကို အပြည့်အဝ ပြန်လည်ကုစားပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေကို ပေးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ တရားဝင်အစိုးရအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံထားပါတယ်။

NUG က ဒီဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောထားသလို ရိုဟင်ဂျာတွေကို လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အမိန့်ချမှတ်နေစဉ်။ (ဓာတ်ပုံ- ICJ)

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အမိန့်ချမှတ်နေစဉ်။ (ဓာတ်ပုံ- ICJ)

မေး  ။  ။  အဲဒီအချက်နဲ့ပတ်သက်ပြီး ဆက်မေးချင်ပါတယ်။ NUG ကလည်း ICJ ရဲ့ စီရင်ချက်ထွက်ပေါ်လာပြီး ချက်ချင်းပဲ တရားရုံးရဲ့ အခွင့်အာဏာနဲ့ စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း၊ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ အင်အားစုတွေဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ဆောင်ရာမှာ ဘယ်လောက်အထိ အရေးပါမယ်လို့ ထင်ပါသလဲ။

ဖြေ  ။  ။ ပထမဆုံး ပြောချင်တာက ဒီကိစ္စမှာ တာဝန်ရှိတာဟာ နိုင်ငံတော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တာဝန်ရှိတာပါ။

ဒါကြောင့် စစ်အုပ်စုကို ဆန့်ကျင်နေကြတဲ့ NUG၊ SCEF လို အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုအင်အားစုတွေဟာလည်း တရားရုံးရဲ့ အမိန့်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းရမှာဖြစ်ပါတယ်။

ကျွန်မအနေနဲ့ အံ့အားသင့်ခဲ့ရသလို အလွန်လည်း ဝမ်းသာခဲ့ရတဲ့အချက်တစ်ခုကတော့ ရိုဟင်ဂျာတွေအတွက် နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပေးရေး၊ လျော်ကြေးနဲ့ နစ်နာကြေး ပေးအပ်ရေးအတွက် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာကို နှစ်နှစ်အတွင်း တရားရုံးဆီ အစီရင်ခံတင်ပြဖို့ မြန်မာနိုင်ငံကို အမိန့်ချမှတ်ခဲ့တာပါပဲ။

ဒါဟာ တရားရုံးက ဒီကိစ္စကို မြန်မာအာဏာပိုင်တွေရဲ့ လက်ထဲမှာပဲ ထားခဲ့မှာ မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။

တရားရုံးက ဒီကိစ္စကို နောက်ထပ် အချိန်တစ်ခုအထိ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

 နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ကို တရားရုံးက ဖတ်ကြားနေစဉ် နားထောင်နေကြသည့် မြန်မာကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ရှေ့နေများ။ (ဓာတ်ပုံ- ICJ)

မေး  ။  ။ စီရင်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ  ။  ။  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အင်္ဂလန်နိုင်ငံမှာရှိတဲ့ စစ်အုပ်စုခန့် မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ကျွန်မ အလွန်ဝမ်းသာမိပါတယ်။

ဒါဟာ မမျှော်လင့်ထားတဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံကို ချီးကျူးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာတဝန်းက တခြားနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကိုတော့ ကျွန်မ မကြားရသေးပါဘူး။

အထူးသဖြင့် အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်မှုကို မကြားရသေးပါဘူး။ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ အလွန်နီးကပ်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ရှင်လည်း သိတဲ့အတိုင်း မကြာသေးခင်ကစပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားဟာ မြန်မာနိုင်ငံနဲ့ ပုံမှန်အတိုင်း ဆက်ဆံရေးပြန်လုပ်တဲ့ သဘောထားမျိုးကို စတင်ကျင့်သုံးလာကြ ပါတယ်။

သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးအကျိုးစီးပွားတွေအတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို ပြန်လည်ထိတွေ့ဆက်ဆံလာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သမိုင်းဝင်စီရင်ချက် ချမှတ်ခဲ့သည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားခွင်မြင်ကွင်း။ (ဓာတ်ပုံ – UN Photo/ICJ-CIJ/Frank van Beek)

မေး  ။  ။  ICJ က ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး ဆောင်ရွက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေ အများကြီး ပြောင်းလဲသွားပါပြီ။ ဒီလိုအခြေအနေမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။

ဖြေ  ။  ။  သိတဲ့အတိုင်းပဲ အခုအချိန်မှာ မြန်မာစစ်အုပ်စုက ရခိုင်ပြည်နယ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။

ရခိုင်ပြည်နယ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ မူလနေရပ်ဒေသ ဖြစ်ပါတယ်။

သူတို့အနေနဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် အပြည့်အဝ ပြန်လည်ကုစားမှုနဲ့ လျော်ကြေးရရှိဖို့ဆိုရင် မူလနေထိုင်ခဲ့တဲ့ နေရာတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ရရှိဖို့ လိုအပ်ပါတယ်။

၂၀၁၇ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုနောက်ပိုင်းမှာ မြန်မာစစ်တပ်၊ တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို မြေထိုးစက်တွေနဲ့ ထပ်မံဖျက်ဆီးပြီး အဲဒီနေရာတွေမှာ အဆောက်အအုံနဲ့ အခြေခံအဆောက်အဦအသစ်တွေ ဆောက်လုပ်ခဲ့တာကို ကျွန်မတို့ သိထားပါတယ်။

အထူးသဖြင့် စစ်တပ်အဆောက်အအုံတွေ ဆောက်လုပ်ခဲ့သလို လမ်းအမည်တွေကိုတောင် ပြောင်းလဲခဲ့ကြပါတယ်။

အခု ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ဆိုရင် တပ်မတော်က သူတို့ဆီကနေ သိမ်းယူသွားတဲ့ အရာတွေကို ပြန်လည်ပေးဖို့ လိုအပ်ပါတယ်။

ဒါဟာ အချိန်အတော်ကြာယူရမယ့် ကိစ္စဖြစ်သလို အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါလိမ့်မယ်။

အခု အာရက္ခတပ်တော် (AA) ဟာ နိုင်ငံအဆင့်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေ သူတို့ရဲ့ မူလနေရပ်ဒေသတွေကို ပြန်နိုင်ရေးအတွက် AA မှာလည်း တာဝန်ရှိပါတယ်။ လက်ရှိမှာ ကျွန်မ ကြားသိနေရတဲ့ သတင်းတွေကတော့ အလွန်စိုးရိမ်စရာကောင်းပါတယ်။

အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ဆက်လက်ကျူးလွန်နေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတွေကို ကျွန်မ ကြားသိနေရပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေ၊ အစီအစဉ်တွေအားလုံးကလည်း ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပေးရေးနဲ့ ပတ်သက်ပြီး AA က သူ့ရဲ့တာဝန်တွေကို ဖြည့်ဆည်းဆောင်ရွက်လာအောင် သေချာစေရမှာ ဖြစ်ပါတယ်။ 

(အယ်ဒီတာမှတ်ချက် – ICJ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် အခြေအနေကို စောင့်ကြည့်နေကြောင်းနှင့် အမှန်တရားနှင့်တရားမျှတမှုအပေါ်ရပ်တည်ပြီး အာရက္ခဒေသအကျိုးစီးပွားအတွက်လုပ်ဆောင်မည်ဟု AA ပြောရ ဦးခိုင်သုခက သတင်းဌာနများကို ပြောကြားထားသည်။)

မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချမှတ်ခဲ့သည့် နိုင်ငံတကာတရားရုံး (ICJ) ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa)

မေး  ။  ။ ကျွန်တော်တို့ မေးမြန်းဖို့ ကျန်ခဲ့တဲ့ အရေးကြီးတဲ့အချက်တွေ ရှိသေးတယ်လို့ ထင်ပါသလား။ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသလား။

ဖြေ  ။  ။  အခုအချိန်ဟာ ကမ္ဘာကြီးအနေနဲ့ အမှန်တကယ် ပိုမိုအားစိုက်လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။

ပြောဆိုထားတဲ့ စကားတွေဟာ စကားသက်သက်အဖြစ်ပဲ ကျန်မနေဘဲ လက်တွေ့အရေးယူဆောင်ရွက်မှုတွေအဖြစ် ပြောင်းလဲလာဖို့ လိုအပ်ပါတယ်။

နိုင်ငံတွေဟာ သူတို့ ဘာတွေလုပ်ဆောင်မယ်ဆိုတာကို ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတွေအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ရပါမယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဆီ စီးဝင်နေတဲ့ ငွေကြေးထောက်ပံ့မှုတွေကို ဖြတ်တောက်ရပါမယ်။ လေယာဉ်ဆီ ထောက်ပံ့မှုတွေကိုလည်း ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ဟာ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ပါ။

ကျွန်မတို့ အခု စကားပြောနေတဲ့ အချိန်မှာတောင် စစ်တပ်က မြို့တွေ၊ မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်တဲ့ နည်းလမ်းတွေ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles