မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) ၏ သမိုင်းဝင်စီရင်ချက်ကို မျှတမှုမရှိသည့် ဆုံးဖြတ်ချက်ဟု စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်လိုက်သည်။
ယင်းအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများအပေါ် သဘောထားများကိုလည်း ၎င်းက ထည့်သွင်းကိုးကားပြောဆိုလိုက်သည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့သည့် အမှုတွင် မြန်မာနိုင်ငံသည် မတရားစွပ်စွဲခံခဲ့ရခြင်းဖြစ်ပြီး တရားရုံး၏ အမိန့်များကိုလည်း လိုက်နာဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
“ကျွန်မတို့နိုင်ငံဘက်က မတရားစွပ်စွဲခံရတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး တော့လည်း ကျွန်မတို့ ဖြေရှင်းချက်တွေ တကယ်ကို ထဲထဲဝင်ဝင် အကုန်လုံး စနစ်တကျ လုပ်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် တရားရုံးက ချမှတ်ခဲ့သည့် အမိန့်များကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံး လိုက်နာဆောင်ရွက်ခဲ့ကြောင်း ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
“သူတို့ချတဲ့အမိန့်တွေ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတဲ့ဟာတွေ အကုန်လုံးကိုလည်း လိုက်နာခဲ့ပါတယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
သို့သော် နိုဝင်ဘာလ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် ICJ ၏ စီရင်ချက်တွင် မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများကို ထိန်းသိမ်းရန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ချမှတ်ခဲ့သည့် ကြားဖြတ်အမိန့်ကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ထားသည်။
ထို့ကြောင့် တရားရုံး၏ အမိန့်များကို အပြည့်အဝ လိုက်နာခဲ့ကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်မှာ ICJ ၏ စီရင်ချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။
ဒေါ်ခိုင်ခိုင်စိုးက တရားသူကြီး ၁၅ ဦးအနက် ကိုးဦးသာ ထောက်ခံခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သောကြောင့် မျှတမှုမရှိဟုလည်း ဝေဖန်ခဲ့သည်။
“တရားသူကြီး ၁၅ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူး။ ကိုးယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်။ ခြောက်ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံး တညီတညာထဲ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ Fair မဖြစ်ဘူးလို့ (မမျှတဘူးလို့) ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော် ICJ ၏ စီရင်ချက်များသည် တရားသူကြီးအားလုံး တညီတညွတ်တည်း သဘောတူရန် မလိုအပ်ဘဲ မဲအများစုဖြင့် ဆုံးဖြတ်နိုင်ပြီး သက်ဆိုင်ရာနိုင်ငံများအတွက် ဥပဒေအရ လိုက်နာရန် တာဝန်ရှိသည်။
အဆိုပါစီရင်ချက်နှင့် ပတ်သက်၍ အသေးစိတ်တုံ့ပြန်ရန် အချိန်ယူလေ့လာရဦးမည်ဟုလည်း ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
“တရားရုံးရဲ့ ဆုံးဖြတ်ချက်က စာမျက်နှာ ၁၈၆ မျက်နှာ ရှိပါတယ်။ တရားသူကြီးတွေရဲ့ စီရင်ချက်က စာမျက်နှာ ၂၆၉ မျက်နှာဆိုတော့ ကျွန်မတို့ဘက်က ဒီဟာတွေကိုလည်း သေသေချာချာ အချိန်ယူပြီးတော့၊ ဒါ ဥပဒေနဲ့ပတ်သက်တဲ့ စာတွေဖြစ်ပါတယ်။ ကျွန်မတို့ လေ့လာရပါမယ်” ဟု ၎င်းက ဆိုသည်။
စစ်အုပ်စု၏ သဘောထားကို အသေးစိတ်မပြောမီ ကမ္ဘာ့အင်အားကြီးနိုင်ငံ သုံးနိုင်ငံ၏ ခေါင်းဆောင်များဖြစ်သည့် ထရမ့်၊ ရှီကျင့်ဖျင်နှင့် ပူတင်တို့၏ နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းများအပေါ် သဘောထားများကို နားထောင်ကြည့်ရန်လည်း ဒေါ်ခိုင်ခိုင်စိုးက တိုက်တွန်းခဲ့သည်။
“ICC နဲ့အလားတူ နိုင်ငံတကာအဖွဲ့အစည်းတွေက တရားစီရင်ခွင့်အာဏာကို အလွဲသုံးစားမပြုလုပ်သင့်ကြောင်း၊ နောက် ICJ ဟာလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန်က လေ့လာသုံးသပ်နေတယ်။ ဒါက နိုင်ငံရေးအရ အသုံးမပြုသင့်ဘူး” ဟု ဒေါ်ခိုင်ခိုင်စိုးက ဆက်လက်ပြောဆိုသည်။
၎င်းကိုးကားခဲ့သည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို စစ်ဆေးသည့် တရားရုံးဖြစ်ပြီး ICJ မှာ နိုင်ငံများအကြား ဥပဒေရေးရာအငြင်းပွားမှုများကို စီရင်ဆုံးဖြတ်သည့် ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေးအဖွဲ့အစည်း ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် ICJ ၏ စီရင်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်၏စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထိုစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
အဆိုပါ စစ်ဆင်ရေးများကို ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဦးမင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်၊ ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရန် တာဝန်များကို ပျက်ကွက်ခဲ့ကြောင်းလည်း ICJ က ဆုံးဖြတ်ခဲ့သည်။
တရားရုံးက ရိုဟင်ဂျာများ မိမိတို့နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ရန်၊ ကွဲကွာနေသည့် မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး စီစဉ်ရန်နှင့် နစ်နာသူများအတွက် လျော်ကြေးပေးရန်လည်း မြန်မာနိုင်ငံကို အမိန့်ချမှတ်ခဲ့သည်။
ICJ ၏ စီရင်ချက်ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရက မြန်မာစစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်ရန် အမိန့်ပေးခဲ့သလို မြန်မာသံရုံး၏ ယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ခဲ့သည်။
ထို့အပြင် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ဗြိတိန်က တောင်းဆိုခဲ့ပြီး စစ်အုပ်စုအပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုများကို လာမည့်ရက်များအတွင်း ကြေညာမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်းက ပြောဆိုထားသည်။
ICJ ၏ စီရင်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိသကဲ့သို့ သက်ဆိုင်ရာနိုင်ငံများက ဥပဒေအရ လိုက်နာရန် တာဝန်ရှိသည်။ သို့သော် တရားရုံးတွင် ၎င်း၏ စီရင်ချက်များကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်သည့် ယန္တရားမရှိပေ။



