အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်နယ် ၄ ခုနှင့် တနင်္သာရီတွင် ဗုံးကြဲမှုကြောင့် ဘုရားကျောင်း ပျက်စီး၊ အရပ်သားများ သေဆုံး

နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ကရင်နီ (ကယား)၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သုံးရက်တာ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း နှစ်ခုလည်း ပျက်စီးခဲ့သည်။

ကရင်နီ (ကယား)၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်တပ်က နိုဝင်ဘာလ ၁၅ ရက်မှစတင်၍ ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) အတွင်း ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ကိုးဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ၊ ဒေသခံများထံက သိရသည်။

စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်သည့် မွန်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဗုံးကြဲခဲ့ရာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရကြသည်။  

ရေးချောင်းဖျားဒေသ ရေးမြို့အရှေ့ဘက် ၁၁ မိုင်အကွာရှိ ဖလံချောင်းဝကျေးရွာကို  နိုဝင်ဘာလ ၁၅ ရက်ညပိုင်းတွင် Y-12 ထောက်ပို့လေယာဉ်က ဗုံး နှစ်လုံးကြဲချခဲ့ရာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

“နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီမှာ အဲဒီ ဖလံချောင်းဝကို Y-12 နဲ့ အလုံး ၂၀ လောက် ၁၂၀ မမ စိန်ပြောင်းကျည်တွေ လာကြဲ (ချ) သွားတယ်။ လူတစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ အများကြီးပဲ ပျက်စီးသွားတယ်” ဟု အဆိုပါဖြစ်စဉ်ကို သိသည့် မွန်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့နောက် နိုဝင်ဘာလ ၁၆ ရက်မှာပင် မွန်ပြည်သစ်ပါတီ (NMSP) စိုးမိုးနယ်မြေ ချဲတိုက်ကျေးရွာကို ဗုံးကြဲခံရပြီး လူ သုံးဦးသေဆုံးကာ ၁၄ ဦးထက်မနည်းဒဏ်ရာရကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်ပြည်သစ်ပါတီ (NMSP) သည် တနိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့ ဖြစ်ပြီး စစ်တပ်ကို လက်နက်ကိုင်တိုက်နေသော မွန်ပြည်သစ်ပါတီ (AD) စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုသည့် ခွဲထွက်အဖွဲ့လည်းရှိသည်။

စစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင်ရှိသော မွန်ကျေးရွာများကို မည်သည့်အကြောင်းကြောင့် စစ်တပ်ဗုံးကြဲရသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ခရစ်ယာန်ဘုရားကျောင်းများ ပစ်မှတ်ထားခံရ

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းတို့တွင်မူ နိုဝင်ဘာလ ၁၆ ရက် တစ်ရက်တည်းမှာပင် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရသည်။

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာရှိ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းသည် နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီတွင် စစ်တပ်၏ အသေခံဒရုန်း (Suicide Drone) ဖြင့် တိုက်ခိုက်ခံရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဘုရားကျောင်း မျက်နှာကြက်များ ထိခိုက်ပျက်စီးခဲ့ပြီး ထိုအချိန် လူသူမရှိသဖြင့် ထိခိုက်မှု မရှိခဲ့ပေ။

ဖာပွန်မြို့နယ် ဘူးအာဒဲကျေးရွာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- Screengrab)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ် ဘူးအာဒဲကျေးရွာ ခရစ်ယာန်ဘုရားကျောင်းသည် နိုဝင်ဘာလ ၁၆ ရက် စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း လုံးဝနီးပါး  ပြိုကျပျက်စီးသွားသည်။

စစ်တပ်သည် ဘူးအာဒဲရွာအပါအဝင် ဖာပွန်မြို့နယ်ရှိ လောဖလောသစ်ရွာကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၂ နှစ် အရွယ် ကလေးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရကြောင်း ကရင်ပြည်နယ်သတင်းများဖော်ပြသည့် KIC သတင်းဌာနက ရေးသားသည်။

စစ်ရေးပြင်းထန်နေသည့် ဖာပွန်မြို့နယ်အတွင်း အရပ်သားပစ်မှတ်များကို ဗုံးကြဲမှုများ ဆက်တိုက်ရှိနေရာ နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း ပီကင်းဒဲကျေးရွာအုပ်စုကို တိုက်လေယာဉ်၊ Y-12 ထောက်ပို့လေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ လယ်နာဒဲရွာ ကျမ်းစာကျောင်းအနီး ဗုံးသီး ၁၃ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူနှစ်ဦးကိုဆေးရုံသို့ပို့ဆောင်စဉ် နော်ဝါးလယ်(၂၀ နှစ်)မှာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့သည်။ ထို့အပြင် ကျမ်းစာသင်ကျောင်းစာကြည့်တိုက်၊ ကျမ်းစာသင် ကျောင်းခန်းမဆောင်၊ ကျောင်းသူကျောင်းသားဘော်ဒါဆောင်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ခံရသည့် ကရင်နီပြည်နယ်တွင် စစ်တပ်၏ ကြီးမားသော ထိုးစစ် မရှိသော်လည်း ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်တွင်မူ စစ်တပ်သည် KNU တပ်မဟာ (၅) နှင့် ပူးပေါင်းတပ်များကို ကမမောင်းမြို့မှတဆင့် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာအုပ်စု ဝင်းကဖော်ကျေးရွာနှင့် အနီးတဝိုက်ဒေသများကို နိုဝင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီက လေယာဉ်နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။  နေအိမ် သုံးလုံး ထိခိုက်ပျက်စီးပြီး အသက် ၁၈ နှစ်အရွယ်နှင့် အသက် ၇၃ နှစ်အရွယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။ 

တောင်​ပျောက်တိုက်နယ်ရှိ ​ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Kyaw Min Htike Facebook) 

ကျောက်တော်နှင့် သံတွဲကိုဗုံးကြဲမှု ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်တော်နှင့် သံတွဲမြို့တို့ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့နှင့် ယနေ့(နိုဝင်ဘာလ ၁၇ ရက်) တို့တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိ သွားသည်။ 

ယမန်နေ့(နိုဝင်ဘာလ ၁၆ ရက်)၊ ည ၁၁ နာရီခွဲခန့်တွင် ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ပတ်ဝန်းကျင်တို့ကို ဗုံးငါးကြိမ် ကြဲချခဲ့သောကြောင့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး နှလုံးခုန်ရပ်၍ သေဆုံးပြီး အသက် ၂၅ နှစ်အရွယ် ကိုမျိုးမင်းကိုနှင့် မယုဇာခိုင်တို့ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဂျက်ဖိုက်တာ သုံးလေးစီးနဲ့  ဗုံးလာကြဲသွားတာ။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အမျိုးသမီးကြီး တစ်ယောက်တော့ ဗုံးကြဲသံကြောင့် နှလုံးရပ်ပြီးသေသွားတယ် “ဟု ၎င်းက ဆိုသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၁ နာရီခွဲခန့်ကလည်း သံတွဲမြို့ စက်မှုလက်မှုသိပ္ပံကျောင်း(GTI)နှင့် အနီးဝန်းကျင်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသားနှစ်ဦးသေကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

“နှစ်ယောက်သေတယ်လို့ပြောပါတယ်။ ဒဏ်ရာရသူတွေလည်းရှိကြပါတယ်။ အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး”ဟု အထက်ပါဒေသခံက ဆိုသည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့လက်လွှတ်ထားရသည့် ရခိုင်ပြည်နယ် မြို့ရွာများကို လေကြောင်းဖြင့် တိုက်ခိုက်နေပြီး ယခုလဆန်းမှစတင်၍ နေ့စဉ်နီးပါး ဗုံးကြဲသောကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေသည်။

ထိုသို့လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲနေသောကြောင့် စိုးရိမ်ကြောက်လန့်နေရကြရပြီး အသက် အန္တရာယ်အချိန်မရွေးထိခိုက်နိုင်သည့် အခြေအနေရှိနေသည်ဟု ရခိုင်ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာအနီးရှိ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်သောကြောင့် လူတစ်ဒါဇင်နီးပါးသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိသွားသည်။ 

လက်ရှိတွင် စစ်တပ်နှင့် AA တို့သည် စစ်တွေမြို့ပတ်ဝန်းကျင်နှင့်ပေါက်တော(ဝီရဌာနီ)မြို့နယ်၊ ငပြီကျွန်းတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် အရပ်သား သေဆုံးထိခိုက်မှုများ တိုးလာနေသည်။

အရပ်ဘက် အဖွဲ့တစ်ဖွဲ့ဖြစ်သော ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ စာရင်းများအရ နို၀င်ဘာလ ၁၅ ရက်တွင် နိုင်ငံတဝန်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုဖြစ်စဥ် အနည်းဆုံး ၂၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ထိုဖြစ်ပွားမှုများအနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲ  ၁၂ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်၊ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှု ၁၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထား သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံ။ (ဓာတ်ပုံ-ပြည့်ဖြိုးနိုင်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles