အာဏာသိမ်းစစ်တပ်၏ Certificate of Identification(CI) ဖျက်သိမ်းရန် ဆန္ဒပြနေစဉ် ထိုင်းအမျိုးသားရေးသမားများ၏ ကိုယ်ထိလက်ရောက်တိုက်ခိုက်ဟန့်တားခံခဲ့ရသော်လည်း အဆိုပါစနစ်ဖျက်သိမ်းရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု Bright Future အလုပ်သမားအဖွဲ့ခေါင်းဆောင်က ပြောသည်။
မည်သူမည်ဝါဖြစ်ကြောင်း CI(Certificate of Identification) စနစ်သည် ထိုင်းရောက်မြန်မာအလုပ်သမားများကို စစ်တပ်က အကျပ်ကိုင် ငွေညှစ်သည့် ယန္တရားတစ်ခုသဖွယ် ဖြစ်နေသည်။
Bright Future အမည်ရှိ ထိုအဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကို လွှတ်တော်နှင့် ထိုင်းအစိုးရဌာနများကို တောင်းဆိုမှုများရှိခဲ့သလို ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းလိုက်ချိန်မှစ၍ တော်လှန်ရေးနှင့်ဆိုင်သော ဆန္ဒထုတ်ဖော်မှုပေါင်း ၆၀ ကျော်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် ထိုင်းအာဏာပိုင်များ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဘန်ကောက်မြို့ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ရုံးရှေ့တွင် စစ်အုပ်စုဝင်ငွေရနေသော CI စနစ်ဖျက်သိမ်းရန် ဆန္ဒပြစဉ် ဟန့်တားနှောင့်ယှက်ခံခဲ့ရခြင်းဖြစ်ကြောင်း Bright Future အဖွဲ့ခေါင်းဆောင် မြန်မာနွယ်ဖွား ဆူရတ်ဂီရိက ပြောသည်။
ထိုဆန္ဒပြမှုကို အချိန်တစ်ပတ်ခန့်ယူ၍ တိတ်တဆိတ်စီစဉ်ခဲ့ပြီး နံနက် ၁၀ နာရီမှ နေ့လယ်၁၂ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရရှိထားသည်။ ဆန္ဒပြသော ထိုနေ့နံနက်တွင် တော်လှန်ရေးသီချင်းဖွင့်ခြင်း၊ သံချပ်ထိုးခြင်းများပြုလုပ်ပြီး အာဏာသိမ်းမြန်မာစစ်တပ်ဝင်ငွေရနေသော CI စနစ်ကို ဖျက်သိမ်းရေး တောင်းဆိုချက်အား ဖတ်ပြနေစဉ် ထိုင်းအမျိုးသားရေးသမား ၁၀ ဦးခန့်က ကားဖြင့်ရောက်လာကာ တွန်းထိုးတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
“အချိန်တစ်ပတ်လောက်ယူပြီး တိတ်တိတ်ပုန်းလုပ်တဲ့ပွဲ ဟုတ်တယ်။ အဲ့ဒါကြောင့်မို့လို့ လိုင်းပေါ်မှာလည်း မတင်ဘူး။ ပိုစတာလည်းမလုပ်ဘူး။ နောက်တစ်ခုက Live လွှင့်ပြီးမှလည်း ဒီအကြောင်းကို မပြောဘူး။ တိတ်တိတ်ပုန်းလုပ်တဲ့ပွဲ။ ဒီလောက် နည်းစနစ်နဲ့ တိတ်တိတ်ပုန်းလုပ်တာတောင်မှ ဒါက ဒီကောင်တွေ ရုတ်တရက်ရောက်လာပြီးမှ အဲ့ဒီလိုမျိုး ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။
ထိုဆန္ဒပြမှုကို ဦးဆောင်သော ခေါင်းဆောင်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး အခြားသော အဖွဲ့ဝင်များကို ဘာမျှမလုပ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ကတော့ ကျွန်တော့်ကို ဦးတည်ပြီးမှလုပ်တာ။ ခေါင်းဆောင်ကို ဦးတည်ပြီးတော့မှ လုပ်တာ။ ကျွန်တော်နဲ့ လာတဲ့အဖွဲ့တွေကကြတော့ ဘာမှမလုပ်ဘူး။ နောက်တစ်ခုက သူတို့ရောက်လာတဲ့အဖွဲ့က အကုန်လုံးက ၁၀ ယောက်ကျော်တယ်ဗျာ။ မာဖီယားအဖွဲ့တွေ။ နှုတ်ခမ်းမွှေးတို့ အချိတ်အဆက်တွေပေါ့။ သူတို့ရဲ့အဖွဲ့တွေပဲပေါ့ဗျာ။ ဒီမဘသအဖွဲ့ ဆိုကတည်းက အကုန်လုံးက သူတို့လူတွေပဲပေါ့”ဟု ဆူရတ်ဂီရိက ပြောသည်။
Facebook လူမှုကွန်ရက်တွင် ပျံနှံ့လာသော ရုပ်သံမှတ်တမ်းများအရ ဆူရတ်ဂီရိအပါအဝင် အဖွဲ့ဝင်လေးဦးခန့်က ကုလသမဂ္ဂရုံးရှေ့တွင် CI စာအုပ်ဖျက်သိမ်းရေး၊ အခွန်ဗန်းပြငွေညှစ်မှု ရပ်တန့်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးပိုစတာများကိုချခင်း၍ ဆန္ဒပြတောင်းဆိုနေစဉ် ထိုင်းအမျိုးသားရေးသမားများက အသံချဲ့စက် လော်စပီကာပါသော ကားဖြင့်ရောက်ရှိလာပြီး ဆန္ဒပြမှုကို ရပ်တန့်ရန် ကြိုးစားခဲ့ကြောင်း တွေ့မြင်ရသည်။
ထို့ကြောင့် ဆန္ဒပြပိုစတာများကို ရုပ်သိမ်း၍ အခြားလမ်းတစ်ဖက်ခြမ်းသို့ ထွက်ခွာသွားချိန် ရဲတပ်ဖွဲ့အချို့က အကာအကွယ်ပေးထားသော်လည်း ထိုင်းအမျိုးသားရေးသမားများက အဘက်ဘက်မှ အတင်းတိုးဝင်၍ ခြေထောက်ဖြင့်ကန်ကျောက်ခြင်း၊ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်ဖြင့်ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထိုရုပ်သံတွင် တွေ့ရသည်။
တော်လှန်ရေးနှင့်ယှဉ်တွဲ၍ အလုပ်သမားအရေးတောင်းဆိုမှုကို ထိုင်းအမျိုးသားရေးသမားများ၊ အာဏာသိမ်းစစ်တပ်၏ CI ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် အကျိုးစီးပွားဖြစ်နေသော ပွဲစားများက မျက်စိဒေါက်ထောက်ကြည့်၍ တိုက်ခိုက်နေသော်လည်း တောင်းဆိုမှုများရပ်တန့်သွားမည်မဟုတ်ဟု ၎င်းက ဆိုသည်။
“ကျွန်တော့်အတွက် ဒီဥစ္စာတွေက ဟန့်တားမှုဟုတ်တယ်ဆိုရင် ပထမတခါကတည်းက ပြီးသွားပြီလေ။ ဘာမှဆက်လုပ်စရာအကြောင်းမရှိတော့ဘူး။ ဆက်ပြီးမှ သွားမှာဗျာ။ တချို့အရာတွေက ဒီထက်ကြမ်းရင် ကြမ်းနိုင်တယ်။ အဲ့ဒါ ဆက်ပြီးမှ အစီအစဉ်တွေလုပ်သွားမှာ။ စောစောကပြောတဲ့အတိုင်း ကျွန်တော်တို့က ဆူးခင်းလမ်းကို လျှောက်နေတာ။ ပန်းခင်းလမ်းမဟုတ်ဘူး။ ဆူးခင်းလမ်းကိုတောင်မှ ခြေထောက်ဗလာနဲ့ လျှောက်နေတာဗျ။ ဆူးတော့စူးမှာပဲ။ ဒါပေမဲ့ ပန်းတိုင်ရောက်အောင်လျှောက်မှာပဲ” ဟု သူက ဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရုပ်သံသက်သေများကိုအခြေခံ၍ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လေးဦးထက် မနည်းကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)တွင် သွားရောက်အမှုဖွင့်ခဲ့ပြီး ရဲစခန်းက အမှုကိုလက်ခံလိုက်ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားခဲ့ပြီး တိုင်ကြားစာ လက်ခံခဲ့ကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထိုတိုင်ကြားစာတွင် ဆူရတ်ဂီရိအပါဝင် အဖွဲ့ဝင်လေးဦးသည် စစ်အုပ်စု၏ CI စနစ်ဖျက်သိမ်းရန် ယာဉ်သွားယာဉ်လာပိတ်ဆို့မှုမရှိဘဲ တနင်္ဂနွေရုံးပိတ်ရက်တွင် သတ်မှတ်ချက်နှင့်အညီ တောင်းဆိုဆန္ဒပြ ခဲ့ခြင်းဖြစ်ပြီး ထိုင်းအမျိုးသားရေးသမားများ၏ တိုက်ခိုက်မှုခံရခြင်းကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံရေးသမားများနှင့် ထိုင်းလူမှုအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချမှုများရှိပြီး စစ်အုပ်စု၏ CI စနစ်မှာ ထိုင်းရောက်မြန်မာအလုပ်သမားများအပြင် ထိုင်းလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် စီပွားရေးလုပ်ငန်းများအထိ သက်ရောက်မှုရှိနိုင်ကြောင်း သဘောပေါက်သွားသည်ဟု ဆန္ဒပြခေါင်းဆောင်က ဆိုသည်။
သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် သက်သေအထောက်အထားများစုဆောင်းရန်၊ CCTV မှတ်တမ်းများကို စစ်ဆေးရန်နှင့် အကြမ်းဖက်မှုကျူးလွန်သူများကို ကျောသားရင်သား မခွဲခြားဘဲ ဥပဒေကြောင်းအရ အရေးယူရန် တောင်းဆိုကြောင်း မြန်မာ့အရေးနှင့်ပတ်သက်၍ အစဉ်တစိုက် ဆွေးနွေးလေ့ရှိသည့် ထိုင်းလွှတ်တော် အမတ်ဟောင်း ကန်ဗီ ဆုဘ်ဆန်(Kannavee Suebsang) က သူ၏ Facebook တွင် ထိုင်း၊ အင်္ဂလိပ်၊မြန်မာ သုံးဘာသာဖြင့် ရေးသားထားသည်။
“ထိုင်းနိုင်ငံတွင် “တရားဝင်” နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများတွင် အသက်ရှင်ခွင့်နှင့် ကိုယ်ခန္ဓာလုံခြုံခွင့်ဟူသည့် အခြေခံအခွင့်အရေးများ ရှိပါသည်။ ၎င်းတို့တွင် ထင်မြင်ယူဆချက်ကို ဖော်ပြခွင့်နှင့် မိမိတို့၏ဘဝကို ထိခိုက်စေသော မူဝါဒများကို ပြန်လည်သုံးသပ်ပေးရန် ထိုင်းဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ တောင်းဆိုခွင့်လည်း ရှိပါသည်” ဟု ၎င်းက ရေးသားထားသည်။
မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များကို အလေးအနက် စဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။
အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် အလုပ်လုပ်ကိုင်ခွင့် ယာယီသက်သေခံ ကတ်ပြားအပြင် လွတ်လပ်စွာခရီးသွားလာခွင့်နှင့် အခြားအကျိုးခံစားခွင့်များရရန် အဆိုပါ CI သက်သေခံလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်သည်။
ထို CI ကတ်ရှိပါက ထိုင်းတနိုင်ငံလုံးအနှံ့ လွတ်လပ်စွာ သွားလာခွင့်ရှိပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ခရီးသွားလာရာတွင် နိုင်ငံကူးလက်မှတ် (Passport) အစား အစားထိုးအသုံးပြုခွင့်ရှိသောကြောင့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအတွက် အရေးကြီးသည်။
သို့ရာတွင် အလုပ်သမားများသည် CI နှင့် အခြားသောအထောက်အထားများအတွက် ပွဲစားများကို အဓိကအားကိုးနေရပြီး ဘတ်သောင်းနှင့်ချီ ငွေကြေးကုန်ကျနေရသည်။
CI စာအုပ်လျှောက်ထားရာတွင် တရားဝင်မဟုတ်သော တန်းစီခ၊ ဝင်ငွေခွန်၊ အလုပ်သမားလစာ ၂၅ ရာခိုင်နှုန်းပြန်လွှဲပို့ရေး စသည်ဖြင့် ကောက်ခံနေသည်ဟု အလုပ်သမားများကဆိုသည်။
စစ်အုပ်စုအတွက် CI လုပ်ငန်းစဉ်များမှ နိုင်ငံခြားငွေရနိုင်သော ယန္တရားတစ်ခုဖြစ်နေပြီး စစ်တပ်နှင့်ဆက်နွှယ်သည့် ကုမ္ပဏီများ၊ ပွဲစားများက နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေကြောင်း ၎င်းတို့က ဆိုသည်။
CI ဖျက်သိမ်းရန် တောင်းဆိုမှုများရှိလာသလို ထိုအခြေအနေကို ထိုင်းနိုင်ငံရေးသမားများက အဘက်ဘက်မှ ထောက်ခံပြောဆိုမှုများရှိသော်လည်း သိသာသောရလဒ်များ မဖြစ်ပေါ်သေးကြောင်း သိရသည်။



