အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တော်လှန်ရေးအဖွဲ့များ၏ ထောက်ပို့လမ်းကြောင်း ဆုံးရှုံးမှုနှင့် စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲ

နိုင်ငံတဝန်းရှိ အဓိကဆက်သွယ်ရေးလမ်းပိုင်းများကို စစ်တပ်က ပြန်လည်ထိန်းချုပ်လာခြင်းကြောင့် တော်လှန်ရေးတပ်များအကြား ကူးလူးသွားလာရေးနှင့် ထောက်ပို့ရေး ပိုမိုခက်ခဲလာကြောင်း တော်လှန်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးမှအစပြု၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တော်လှန်ရေးတပ်များသည် မြို့နယ်ပေါင်း ၁၄၄ ခုအထိ စိုးမိုးထားနိုင်ခဲ့သည်။ မြို့နယ်ပေါင်း ၁၄၄ ခု အနက် ၄၈ မြို့နယ်သည် လုံးဝ လွတ်မြောက်နယ်မြေဖြစ်သွားပြီး ၉၆ မြို့နယ်ကို ထိန်းချုပ်စိုးမိုးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ခဲ့သည်။ 

သို့သော် သုံးနှစ်နီးပါးအကြာတွင် အခြေအနေက ပြောင်းပြန် ဖြစ်သွားသည်။ ၂၀၂၅ ခုနှစ်မှစ၍ တော်လှန်ရေးတပ် ဖော်ဆောင်သည့် ထိုးစစ်များ လျော့နည်းလာပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်က ပိုများလာသည်။ စစ်တပ်သည် ဆုံးရှုံးသွားသည့် မြို့နှင့် မဟာဗျူဟာအရအရေးပါသည့် ဆက်သွယ်ရေးလမ်းများကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်လာနိုင်သည်။

စစ်တပ်ပြန်ရသည့်မြို့ပေါင်းသည် ၂၁ မြို့အထိ ရှိသည်။

တော်လှန်ရေးအဖွဲ့များလက်အောက် ကျရောက်သွားခဲ့သည့် ကော့ကရိတ်- မြဝတီအာရှလမ်း၊ ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ- သီပေါလမ်း၊ မန္တလေး- မြစ်ကြီးနားလမ်းနှင့် ကလေး- တမူးလမ်းတို့အပါအဝင် နိုင်ငံတဝန်းရှိ အဓိကဆက်သွယ်ရေးလမ်းပိုင်းများကို စစ်တပ်က ၂၀၂၅ ခုနှစ်မှစ၍ တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်လာခြင်း ကြောင့် တော်လှန်ရေးတပ်များအကြား ကူးလူးသွားလာရေးနှင့် ထောက်ပို့ရေး ပိုမိုခက်ခဲလာကြောင်း တော်လှန်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
၂၀၂၄ခုနှစ် မတ်လ ၁၉ ရက်တွင် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက အမှတ် (၈) ပြည်ထောင်စုလမ်းရှိ ရေး- ထားဝယ်လမ်းပိုင်း၌ စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- Dawna Column Facebook)

သို့သော် လမ်းပိုင်းအားလုံးကို စစ်တပ်က အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းတော့ မရှိသေးပေ။ အချို့လမ်းပိုင်း တို့တွင် တော်လှန်ရေးတပ်များ ဆက်လက်လှုပ်ရှားနေပြီး စစ်ယာဉ်တန်းများ တိုက်ခိုက်ခံနေရသော်လည်း အဓိကမြို့များနှင့် လမ်းဆုံများ ပြန်ပေးလိုက်ရခြင်းကြောင့် တော်လှန်ရေးအဖွဲ့များ ဒေသတစ်ခုနှင့် တစ်ခုကြား သွားလာရေး အဟန့်အတားဖြစ်လာသည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ ထောက်ပံ့ပို့ဆောင်ရေး ပိုမိုခက်ခဲလာသည်ကို ဝန်ခံသော်လည်း အရေးပါသည့် ထောက်ပို့လမ်းကြောင်းများကို ကြီးကြီးမားမားဆုံးရှုံးထားခြင်း မရှိကြောင်း Myanmar Now ကို ပြောသည်။

“တော်လှန်ရေးကာလ ထောက်ပို့ဆိုတာက နည်းလမ်းတစ်ခုမကရှိတယ်”ဟု ဆိုပြီး အခက်အခဲအချို့ရှိသော်လည်း ပစ္စည်းသယ်ယူပို့ဆောင်မှု လုံးဝမလုပ်နိုင်သည့် အခြေအနေမျိုးမဟုတ်ဟု ၎င်းကပြောသည်။ 

ဆုံးရှုံးနယ်မြေများ စစ်တပ်ပြန်လည်ထိန်းချုပ်ထားနိုင်မှုနှင့်ပတ်သက်၍ စစ်တပ်သမ္မတရုံး ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကို တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိပါ။ 

ချင်းမြောက်၊ စစ်ကိုင်းမှသည် လိုင်ဇာ

တော်လှန်ရေးတပ်များ အဓိက ဆုံးရှုံးခဲ့သည့် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုမှာ အိန္ဒိယနယ်စပ်ရှိ Camp Victoria နှင့် တရုတ်နယ်စပ်ရှိ လိုင်ဇာတို့အကြား ထောက်ပို့လမ်းကြောင်းဖြစ်သည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ Camp Victoria သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဌာနချုပ်ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ် လိုင်ဇာနှင့် မိုင် ၂၉၀ ခန့် ဝေးသည်။

ချင်းပြည်နယ် မြောက်ပိုင်းနှင့် ကလေး- တမူးလမ်းကို ပြန်မဆုံးရှုံးခင်က ထိုခရီးကို ဆိုင်ကယ်၊ ကားတို့ဖြင့် သုံးရက်အတွင်း သွားနိုင်ခဲ့ကြောင်း NUG သမ္မတရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုတော့ အဲဒီလောက်နဲ့မရတော့ဘူး။ အများကြီး ပိုကြာသွားနိုင်တယ်” ဟု ၎င်းကပြောသည်။

ချင်းမြောက်ပိုင်းတကြောနှင့် ကလေး- တမူးလမ်းကို စစ်တပ်ပြန်လည်ထိန်းချုပ်ခြင်းနှင့်အတူ ချင်းတောင်ပိုင်းအခြေစိုက် အင်အားစုများနှင့် ကချင်ပြည်နယ်အခြေစိုက် အင်အားစုများကြား ဆက်သွယ်သွားလာရေး ပိုမိုခက်ခဲကြန့်ကြာသွားသည်။

ထိုအခက်အခဲများကို ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်က ဩဂုတ်လ ၂၈ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုခဲ့သည်။ စစ်တပ်က လမ်းမကြီးများကို ထိန်းချုပ်လာခြင်းကြောင့် ပြည်သူများနှင့် တော်လှန်ရေးတပ်များ အခက်အခဲကြုံနေရကြောင်း ၎င်းက အတည်ပြုသော်လည်း အသေးစိတ် မပြောပေ။

“ပြည်သူဖြစ်ဖြစ်တော်လှန်ရေးတပ်ဖြစ်ဖြစ်၊ တော်လှန်ရေးလမ်းကြောင်းတွေ တခြားလမ်းတွေတော့ အများကြီးတော့ရှိသေးတယ်။ ဒီလမ်းမရရင် ဟိုဘက်လမ်းပေါ့။ ဟိုဘက်လမ်းမရရင် ဒီလမ်းပေါ့။ အဲဒီလိုပုံစံနဲ့ပဲ ကျွန်တော်တို့က ဆက်တွန်းနေတယ်။ အခက်အခဲတော့တွေ့စေတယ်”ဟု ဆလိုင်း ကပ်ချင်းထန်က ပြောသည်။

ရှမ်းမြောက်နှင့် အညာတခွင်

တချိန်တည်းတွင် ရှမ်းမြောက်၊ မန္တလေးနှင့် စစ်ကိုင်းတို့အကြား စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲနှင့်အတူ တော်လှန်ရေး၏အရှိန်အဟုန်လည်း ပြောင်းလဲလာသည်။ 

၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထိုးစစ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်တပ်များသည် အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် မန္တလေး- လားရှိုး- မူဆယ်လမ်းမပေါ်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို သိမ်းပိုက်ခဲ့သည်။ အခြားသောတစ်ဖက်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) နှင့် အခြား PDF တပ်များက ‘ရှမ်း- မန်းစစ်ဆင်ရေး’ ကို ဖော်ဆောင်ကာ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ခဲ့သည်။

သို့သော် စစ်တပ်သည် တရုတ်အစိုးရ၏ ဖိအားအကူအညီဖြင့် MNDAA ထံမှ လားရှိုး၊ TNLA ထံမှ ပတ္တမြားမြို့တော် မိုးကုတ်နှင့် ရှမ်းမြောက်ရှိ မိုးမိတ်မြို့တို့ကို ကျည်မပေါက်ရဘဲ ပြန်လည်ရရှိသွားခဲ့သည်။ နောင်ချို၊ ကျောက်မဲနှင့် သီပေါတို့ကိုမူ TNLA ထံမှ တိုက်ခိုက်၍ ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။
သို့သော် သီပေါနှင့် လားရှိုးကြားတွင် MNDAA တပ်များကသာ ကျေးလက်ဒေသကို စိုးမိုးထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တော်လှန်ရေးတပ် စိုးမိုးလမ်းနှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလ စစ်တပ်ပြန်ရသွားသည့်လမ်းများ နှိုင်းယှဉ်ချက်ပြပုံ။

ရှမ်းမြောက်ရှိ နယ်မြေဆုံးရှုံးမှုများနှင့်အတူ မန္တလေးတိုင်းတွင်လည်း တော်လှန်ရေးတပ်များသည် ရရှိထားသည့် မြို့နှင့်နယ်မြေတို့ကို ဆက်တိုက်လက်လွှတ်ခဲ့ရသည်။ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ကို MDY-PDF ထံမှ စစ်တပ်ပြန်လည်သိမ်းယူခဲ့ခြင်းက အရှေ့ဘက် ရှမ်းမြောက်နှင့် အနောက်ဘက် စစ်ကိုင်းတိုင်းတို့အကြား ထောက်ပို့လမ်းကြောင်းများကို ကြားဖြတ်တားဆီးနိုင်သည့် အနေအထား ဖြစ်လာသည်။

ထို့အတူ မန္တလေး- မြစ်ကြီးနားလမ်းမကြီးကို စစ်တပ်က ပြန်လည်ထိန်းချုပ်သည်။ အဆိုပါလမ်းမကြီးမှာ မန္တလေးမှ မြောက်ဘက် မတ္တရာကို ဖြတ်၍ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင်၊ မိုးညှင်း၊ မိုးကောင်းမှတဆင့် မြစ်ကြီးနားအထိ ပေါက်သည့် လမ်းဖြစ်သည်။

ထိုလမ်း၏ အစိတ်အပိုင်းများကို စစ်တပ်က လက်လွှတ်ခဲ့ရသည်မှာ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် စတင်ခဲ့သည့် ရှမ်း- မန်းစစ်ဆင်ရေးအပါအဝင် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့၏ စစ်ဆင်ရေးများအတွင်း ဖြစ်သည်။ TNLA နှင့် PDF များသည် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် တကောင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ သည်။ မော်လူးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး အင်းတော်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။

ထီးချိုင့်၊ ကသာ၊ မိုးညှင်းတို့ကျမသွားအောင် စစ်တပ်က ဆက်လက်ထိန်းထားနိုင်သော်လည်း ကျေးလက်ဒေသနှင့် လမ်းပိုင်းအချို့ကို တော်လှန်ရေးတပ်များက စိုးမိုးထားခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်တွေ့ရသော လားရှိုး- မူဆယ်လမ်းပေါ်ရှိ TNLA ရဲတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- ကျော်ဇင်)

မန္တလေး- မြစ်ကြီးနားလမ်းမကြီးကို ပြန်ရပြီဟု စစ်တပ်ကကြေညာပြီးနောက် မေလ ၉ ရက်တွင် မန္တလေးမှ မြစ်ကြီးနားသို့ စစ်ယာဉ်တန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်စည်များကို ပို့ဆောင်ခဲ့ပြီး ၁၆ ရက်ညတွင် ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

သို့သော် စစ်တပ်သည် လမ်း၏ အရေးပါသည့်နေရာအချို့ကိုသာ ပြန်လည်စိုးမိုးနိုင်ခြင်းဖြစ်ပြီး လမ်းတလျှောက် အပြည့်အဝထိန်းချုပ်ထားခြင်း မဟုတ်ကြောင်း MDY- PDF ၏ ဒုတိယ တပ်မ ကွပ်ကဲရေးမှူး ပါဘလိုက Myanmar Now ကိုပြောသည်။ စစ်တပ်သည် သပိတ်ကျင်းအထိ အပြည့်အဝ စိုးမိုးနိုင်သော်လည်း သပိတ်ကျင်းမြောက်ဘက်တွင် တော်လှန်ရေးတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဟု ၎င်းက ဆိုသည်။

Sစစ်တပ်ပြန်သိမ်းထားသည့်မြို့များပြပုံ။

ရှမ်းတောင်မှ တောင်ဘက်စူးစူးသို့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စတင်ခဲ့သည့် “၁၁၁၁ စစ်ဆင်ရေး” တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်များသည် ရှမ်းတောင်နှင့် ကရင်နီ(ကယား) ဒေသများဖြစ်သည့် မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့နှင့် ရှားတောတို့အပါအဝင် နေရာအများအပြားကို သိမ်းပိုက်ခဲ့သည်။

ထိုသို့ မြို့များနှင့် ဆက်သွယ်ရေးလမ်းများ ဆုံးရှုံးသွားခြင်းကြောင့် စစ်တပ်၏ တပ်စခန်းအချို့မှာ ဝိုင်းပတ်ပိတ်ဆို့ခံရပြီး ကုန်းလမ်းမှတဆင့် စစ်ကူနှင့် ရိက္ခာပို့ဆောင်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

သို့သော် စစ်တပ်သည် ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ “ရန်နိုင်မင်းစစ်ဆင်ရေး” ဖြင့် ကရင်နီဒေသရှိ တော်လှန်ရေးတပ်များကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ယခုနှစ် အောက်တိုဘာလအထိ စစ်တပ်၏ ထုတ်ပြန်ချက်များအရ ဟိုပုံး- ဆီဆိုင်- လွိုင်ကော်နှင့် ပင်လောင်း- ဆောင်းပြောင်း- ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် လမ်းတို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်သည်။ ထို့အတွက်ကြောင့် ရှမ်းမြောက်မှ ကရင်နီအထိ ဆက်သွယ်သွားလာရေးအပိုင်း ထိခိုက်ရသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။ 

ယခင်က ရှမ်းမြောက်အခြေစိုက်တပ်များထံမှ Type-81 ချေမှုန်းရေးရိုင်ဖယ်များ၊ ထိုရိုင်ဖယ်သုံး ၇ ဒသမ ၆၂ ကျည်များနှင့် အခြားလက်နက်ခဲယမ်းအချို့ကို အဆိုပါလမ်းကြောင်းများမှတဆင့် ကရင်နီ၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ တော်လှန်ရေးတပ်များထံ ပို့ဆောင်နိုင်ခဲ့ဖူးသည်။ ယခုမူ လက်နက်သယ်ယူရေးသာမက ကူးလူးသွားလာရေးပါ ပိုမိုခက်ခဲလာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်တပ်နှင့် ပြည်သူ့စစ်များ၏ ပိတ်ဆို့ဖမ်းဆီးမှုကို ကြုံရသည်။

ဖမ်းဆီးခံရသူများထဲတွင် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်းလည်း ပါဝင်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရှမ်းမြောက်မှ ကရင်နီဘက်သို့ ထွက်လာစဉ် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၌ စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဖြစ်စဉ်ကိုသိသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ အကြီးတန်းအရာရှိများက Myanmar Now ကို ပြောသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ မန္တလေး- မြစ်ကြီးနားလမ်းဖြတ်သန်းရာ စဉ့်ကူးမြို့ပေါ်တွင်တွေ့ရသည့် MDY- PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – MDY- PDF)

သို့သော် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို- ဘော်လခဲ- ဖားဆောင်းလမ်းကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။  စက်တင်ဘာလ တတိယပတ်အတွင်း ဒီးမော့ဆို- ဖရူဆိုလမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကားတစ်စီး ပျက်စီးသွားခဲ့သည်ဟု KNDF ဗဟို ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက ပြောသည်။ 

တော်လှန်ရေးတပ်များစိုးမိုးထိန်းချုပ်ထားသည့် ဆက်သွယ်ရေးလမ်းများ။ (ဓာတ်ပုံ – NUG- MOD)

ထိုလမ်းပိုင်းများကို ဆုံးရှုံးလိုက်ရခြင်းထက် ပိုဆိုးသည်က ၎င်းတို့နှင့်နယ်မြေတဆက်တည်းဖြစ်သည့် ကရင်ပြည်နယ်ရှိ နာမည်ကျော် အာရှလမ်းကိုပါ ပြန်ပေးလိုက်ရခြင်းဖြစ်သည်။ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်- မြဝတီလမ်းခေါ် အာရှလမ်းကို စစ်တပ်ပြန်ထိန်းချုပ်သွားခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်သည့် နယ်မြေများအကြား သွားလာရေး ပိုမိုခက်ခဲလာသည်။

ထိုင်းမှ မြန်မာသို့ ကုန်ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းလုပ်ကိုင်နေသည့် တော်လှန်ရေးတပ်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက အာရှလမ်းတလျှောက် စစ်တပ်၏ စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပိုများလာကြောင်း Myanmar Now ကို ပြောသည်။

အာရှလမ်း၏ အဓိကလမ်းပိုင်းဖြစ်သည့် ကျုံဒိုး- ကော့ကရိတ်လမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလထဲမှာပင် ထိန်းချုပ်နိုင်ခဲ့သည်။ 

သို့သော် ထိုလမ်းပိုင်းကို ပြန်ရရန် စစ်တပ်က ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်တွင် တန်ပြန်ထိုးစစ်စတင်ခဲ့ပြီး ဇူလိုင်လတွင် ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

KNLA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် သင်္ဃန်းညီနောင်ကို ဝိုင်းပတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၅ ရက်တွင် သိမ်းပိုက်ခဲ့သည်။ စစ်ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအပါအဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချခဲ့ကြောင်း KNLA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၁၀ ရက်အကြာတွင် KNLA နှင့် ပူးပေါင်းတပ်များသည် မြဝတီမြို့ရှိ စစ်တပ်၏ ခလရ (၂၇၅) ကိုပါ သိမ်းပိုက်ခဲ့သည်။ စစ်တပ်တပ်ဖွဲ့ဝင်အချို့သည် ထိုင်း- မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားဘက်သို့ ဆုတ်ခွာခဲ့သည်။ သို့သော် ဧပြီလ ၂၁ ရက်တွင် KNLAနှင့် ပူးပေါင်းတပ်များက မြဝတီမှ ရုတ်တရက်ဆုတ်ခွာခဲ့ သဖြင့် စစ်တပ်က မြဝတီမြို့နှင့် ခလရ (၂၇၅) ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက် ရန်ကုန်- မန္တလေး လမ်းဟောင်းဖြတ်သန်းရာ တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့ကို တိုက်ခိုက်ပြီးနောက် တွေ့ရသည့် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန Facebook)

ထိုကာလအတွင်း စစ်တပ်က မြဝတီမှ သင်္ဃန်းညီနောင်ဘက်သို့ ဆက်လက်မတိုးနိုင်ခဲ့သဖြင့် လမ်းပိုင်းအချို့သည် KNLA နှင့် ပူးပေါင်းတပ်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ သို့သော် စစ်တပ်က ၂၀၂၅ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် အဆိုပါ လမ်းပိုင်းတို့ကို ထိုးစစ်ဆင် ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဤလမ်းကြောင်းများ ပြောင်းလဲသွားမှုသည် ကရင်ပြည်နယ်မြောက်ပိုင်း၊ ကရင်နီ၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းနှင့် တနင်္သာရီတိုင်းအခြေစိုက်တပ်များကြား စစ်ရေးနှင့် လူမှုစီးပွားရေး မျက်နှာစာအရပ်ရပ်တွင် အကျိုးသက်ရောက်သွားခဲ့သည်။

နိုင်ငံတောင်ပိုင်း၏ မတူညီသည့်အခြေအနေ

ကရင်ပြည်နယ်တောင်ဘက် မြန်မာပြည်၏တောင်ဘက်ဆုံး တနင်္သာရီတိုင်းတွင် ထားဝယ်- မြိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်က ယခုနှစ် မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သော်လည်း ဒေသတွင်းသတင်းရင်းမြစ်များက ထိုအချက်ကို လက်မခံကြပါ။  ထိုလမ်းတလျှောက်ရှိ ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးတပ်များက စိုးမိုးထားဆဲ ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးနှင့် လူမှုစီးပွားအခြေအနေများကို လေ့လာနေသည့် Fe5 Thanintharyi အဖွဲ့က ပြောသည်။

ထားဝယ်- မြိတ်လမ်းပေါ်ရှိ ဝင်းဝရွာကို KNLA တပ်မဟာ ၄ လက်အောက်ခံတပ်များနှင့် PDF ပူးပေါင်းတပ်များက ယခုနှစ် မတ် ၁၂ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ယင်းကြောင့် စစ်တပ်၏ ကုန်းလမ်းသွားလာမှု ခက်ခဲလာသည်။

ပဲခူးတိုင်း ဘုရားကြီးမြို့မှ တနင်္သာရီတိုင်းမြိတ်မြို့အထိ ဆက်သွယ်ထားသော အမှတ် (၈) ပြည်ထောင်စုလမ်းတလျှောက်ရှိ တော်လှန်ရေးတပ်များကို ရှင်းလင်းရန် လိုအပ်ကြောင်း စစ်တပ်၏ ဒုတပ်ချုပ်  ကျော်စွာလင်းက ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ကျွန်းစုမြို့နယ်ရှိ ၎င်း၏ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ပြောသည်။ ထို့နောက် ဩဂုတ်လတွင် စစ်ကြောင်းများ ထိုး၍ စစ်ဆင်ခဲ့သော်လည်း ထင်သလောက် မတိုးနိုင်ခဲ့ကြောင်း Fe5 Thanintharyi အယ်ဒီတာတစ်ဦးက ပြောသည်။

၎င်း၏အဆိုအရ စစ်တပ်သည် ပုလောနှင့် ပလမြို့ကြားရှိ စက်တော်ရာကျေးရွာအနီး နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ထားဝယ်- မြိတ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟူသော စစ်တပ်၏ ကြေညာချက်ကို အပြည့်အဝယုံကြည်ရန် ခက်ခဲသည်။

ခေါက်ရှာငှက်များ

၂၀၂၅ ခုနှစ်မှစ၍ စစ်တပ်၏ တန်ပြန်ထိုးစစ်များနှင့်အတူ တော်လှန်ရေးတပ်များ၏ ထိုးစစ်အရှိန် လျော့ကျလာခဲ့သည်။ နိုင်ငံတဝန်း အထက်ဖော်ပြပါ ထောက်ပို့လမ်းကြောင်းများကို စစ်တပ်ပြန်မရမီကာလတွင် တော်လှန်ရေးနယ်မြေများအကြား လက်နက်ခဲယမ်း၊ လူအင်အားနှင့် ကုန်စည်များကို ပိုမိုလွယ်ကူစွာ ပို့ဆောင်နိုင်ခဲ့သည်။ 

တော်လှန်ရေးတပ်နယ်မြေများအကြား ကုန်စည်ရောင်းဝယ်သည့် အရပ်သားပြည်သူများအတွက်လည်း လုံခြုံရေးအခြေအနေ ပြောင်းလဲလာသည်။ အထူးသဖြင့် တော်လှန်ရေးတပ်များနှင့် နီးစပ်သူများမှာ စစ်တပ်တပ်စွဲထားသည့် လမ်းများကို ဖြတ်သန်းပါက ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိသည်။

စစ်တပ်ရှိရာလမ်းများကို ဖြတ်သန်းပါက တိုက်ခိုက်ခံရနိုင်သလို ဖမ်းဆီးခံရနိုင်သည်။  ကြမ်းတမ်းသောရှောင်ကွင်းလမ်းများမှ သွားရသဖြင့် ခရီးဖင့်သည့်အပြင် ရိက္ခာနှင့် ငွေကြေးအကုန်အကျပိုများလာနိုင်သည်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးပြု၍ လူအင်အားဖြည့်တင်းလာသကဲ့သို့ FPV ဒရုန်းများ၊ အသေခံဒရုန်းများနှင့် ဗုံးသီးကြဲချနိုင်သည့် ဒရုန်းများကိုလည်း ပိုမိုအသုံးပြုလာသည်။ တစ်ဖက်တွင် တော်လှန်ရေးတပ်များမှာ လက်နက်ခဲယမ်းနှင့် အလှူငွေထောက်ပံ့မှု အခက်အခဲများ၊ ဘက်ပြောင်းလက်နက်ချမှုအချို့ကို ရင်ဆိုင်နေရသည်။ 

NUG သမ္မတရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ “အခုအချိန်ကတော့ အင်အားကိုစု၊ အခွင့်ကောင်းကို စောင့်ရမယ့်အချိန်ဖြစ်သွားတယ်” ဟု ပြောသည်။

နယ်မြေဆုံးရှုံးမှုများ ရှိသော်လည်း ၂၀၂၆ ခုနှစ်ကို PDF များ တပ်ပြင်ဆင်စုဖွဲ့သည့်နှစ်အဖြစ် သတ်မှတ်ထားကြသည်။ သို့သော် ထိုပြင်ဆင်မှုမှတဆင့် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ ထိုးစစ်ကြီးများ ပြန်လည်ဖော်ဆောင်နိုင်မည်လားဆိုသည်မှာ မရှင်းလင်းသေးပေ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကမူ တော်လှန်ရေးတွင် အနိမ့်အမြင့်အခြေအနေများ ရှိကြောင်း ပြောသည်။ 

“တော်လှန်ရေးဆိုတာ နိမ့်တလှည့်၊ မြင့်တလှည့်ရှိပါတယ်။ ကျွန်တော်တို့ဟာ ခေါက်ရှာငှက်တွေလိုပဲ နိမ့်တုံ၊ မြင့်တုံ ပျံသန်းနေရမှာပါပဲ” ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။