အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တွေနှင့် ပုဏ္ဏားကျွန်းတို့တွင် AA နှင့် စစ်တပ် အပြန်အလှန်ထိုးစစ်ဆင်

စစ်တပ်က မြောက်ဘက် ပုဏ္ဏားကျွန်းနယ်အတွင်း ဒရုန်းထိုးစစ်ဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေသလို AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဖြင့် စစ်တပ်အခြေစိုက်သည့် စစ်တွေနယ်အတွင်း ဝင်ရောက်ရန် တိုက်ခိုက် နေသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား ယခုလအတွင်း တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်တပ်များက အပြန်အလှန် ထိုးစစ်ဆင်နေရာ  စစ်တပ်ထိုးစစ်ကို  အာရက္ခတပ်တော် (AA) က ဟန့်တားနိုင်ခဲ့ပြီး ပုဏ္ဏားကျွန်းမှ စစ်တပ်အခြေပြုရွာ သုံးရွာကို သိမ်းလိုက်သည်ဟု AA နှင့် နီးစပ်သူများထံက သိရသည်။

ယခုလဆန်းမှ စတင်၍ စစ်တပ်က မြို့နယ်နှစ်ခုအစပ် မင်းချောင်းတံတားဘက်မှနေ၍ အဆင်မြင့်ဒရုန်း အများအပြား အသုံးပြုကာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေသလို AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တွေနယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေသည်။ 

ယခင်ကတည်းက စစ်တပ် ခြေကုပ်ယူခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက်အစွန်ဆုံး ကုလားတန်မြစ် အနောက်ဘက် မြစ်ကမ်းဘေးမှ ရဲရုပ်ပြင်၊ အောင်မြေကုန်း၊ ခမောင်းတော စသည့် ကျေးရွာတို့ကိုလည်း AA က ယခုရက်အတွင်း ပြန်သိမ်းပိုက်ထားကြောင်း AA နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒါတွေအားလုံး သိမ်းထားပြီးပြီ။ အဲဒါတွေကို ကျော်သွားပြီ။ အဲဒါတွေကျော်ပြီး မနည်းထိုးထားပြီ။ ဒီဘက်မှာလည်း ဂန့်ဂေါ်ကျွန်းတို့လည်း ကိုယ်တို့ဘက်က ရထားပြီ”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လတ်တလောတွင် မြို့နယ်နှစ်ခုအစပ်သာမက စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းကျေးရွာအနီး ကျားမသောက်၊ တောကန် စသည့် ကျေးရွာတို့နှင့် ရွှေမင်းဂံဆိပ်ကမ်းပတ်ဝန်းကျင်တို့တွင် တိုက်ပွဲပြင်းထန်နေသည်။ ကျားမသောက်ရွာသည် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၏ မြောက်ဘက် နှစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။  တိုက်ပွဲဖြစ်သော နေရာများအနီး ဝါဘို၊ မီးလောင်၊ မြစ်နား စသည့် ကျေးရွာတို့ကို AA က ထိန်းချုပ်ထားသည်။

တပြိုင်နက်တည်းတွင် ပုဏ္ဏားကျွန်းဝင်ပေါက် မင်းချောင်းတံတားဘက်မှ စစ်တပ် ထိုးစစ်ကိုလည်း ဟန့်တားနိုင်ခဲ့ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က ယမန်နေ့ ( စက်တင်ဘာလ ၂၀ရက်) တွင် ဓာတ်ပုံများ၊ ရုပ်သံဖိုင်များဖြင့် ထုတ်ပြန်သည်။ 

စက်တင်ဘာလ ၁၆ ရက် အမြင့်ကျွန်း- ကွမ်းတောင်ရွာအနီးတိုက်ပွဲတွင်  မကွေးတိုင်း ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မမှ စစ်သားလေးဦးကို အရှင် ဖမ်းမ်ခဲ့ပြီး  ခြေမြန်တပ်မ (၁၀၁) ဘက်တံဆိပ်ပါ စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းအများအပြားနှင့် စစ်ဝတ်တန်ဆာများကိုလည်း သိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။ 

စစ်တပ်သည် စက်တင်ဘာလ ၄ ရက်ကတည်းက စစ်တွေမြို့မှတဆင့် မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အမြင့်ကျွန်းတံတားကိုပင် မကျော်နိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရကြောင်း AA နှင့်နီးစပ်သူက ပြောသည်။

” (အခု) ကိုယ့်ဘက်က (ပြန်) ထိုးစစ်ဆင်နေတာ။ အရင် သူတို့ (စစ်တပ်)ဘက်က ထိုးခဲ့တာ။ အခြေအနေတော့ ကောင်းတယ်။ ပွဲက တော်တော်ကြမ်းတယ်။ ညရော၊ နေ့ရော တစ်ရက်လုံးဗုံးကြဲနေတာ”ဟု ၎င်းက ဆိုသည်။

စစ်သုံ့ပန်းလေးဦးနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AA) 

လက်ရှိတွင် မြို့နယ်နှစ်ခုအစပ်များဖြစ်သော အမြင့်ကျွန်းတံတားအနီးနှင့် စစ်တွေမြို့တောင်ဘက်စွန်း ကုလားတန်မြစ်ကမ်းဘေး ရွှေမင်းဂံရေတပ်စခန်းအနီး တိုက်ပွဲများ ဖြစ်နေသည်ဟု ထိုသူက ပြောသည်။

“စစ်တွေတိုက်ပွဲကတော့ ဘယ်လိုဖြစ်နေလဲဆိုရင် ကုလားတန်မြစ်နဲ့ မေယုမြစ်ကြား၊ ပြောမယ်ဆိုရင် ဒီဘက်ကဆိုရင် အမြင့်ကျွန်းတံတားက ဝင်သွားတဲ့အပေါက်က ဟိုဘက် ရွှေမင်းဂံက ထွက်တယ်။ အဲဒီ တစ်ကြောင်းလုံးမှာဖြစ်နေတာ “

စစ်တွေမြို့နယ်ဘက်မှ ထွက်ပါက ဒေသအခေါ် အမြင့်ကျွန်းတံတားဟု ခေါ်သည့် မင်းချောင်း တံတားကို ဖြတ်သန်းပြီးသာ ပုဏ္ဏားကျွန်းမြို့နယ်အစ ကွမ်းတောင်ရွာကို ရောက်ရှိသည်။

စစ်တပ်က ထိန်းချုပ်နယ်မြေအများစုကို လက်လွှတ်ခဲ့ရသည့် “၁၀၂၇ စစ်ဆင်ရေး” အပြီး တန်ပြန်ထိုးစစ် ပြုလုပ်ရာတွင် ၎င်းတို့ အထိနာခဲ့သည့် ဒရုန်းကို အဆင့်မြှင့်တင်၍ မန္တလေးတိုင်း ထိုးစစ်တွင် မြေပြင်ထိုးစစ်မဝင်မီ အဆင့်မြင့်ဒရုန်းအများအပြား အသုံးပြု၍ ထိုးဖောက် ဝင်ရောက်ခဲ့သည်ကို တွေ့ရသည်။ ယမန်နှစ် ဗန်းမော်မြို့တိုက်ပွဲထိုးစစ်တွင်လည်း ညကြည့်ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့၍ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့်မဟာမိတ်များ ထိခိုက်မှုရှိခဲ့သည်ကို တွေ့ရသည်။

ထိုကဲ့သို့ အလားတူ တိုက်ခိုက်မှုများကို ပုဏ္ဏားကျွန်းထိုးစစ်တွင် အသုံးပြုလာသည်ဟု ယူဆရပြီး စစ်တပ်က တရားဝင်ထုတ်ပြန်မှုမရှိသော်လည်း စစ်တပ်ဝါဒဖြန့်သူများက “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ဒရုန်းတိုက်ခိုက်မှုရုပ်သံများ ဖော်ပြနေကြသည်။ ထိုရုပ်သံဖိုင်များတွင် ထိရောက်သော ပစ်ခတ်မှုများ၊ ဘန်ကာများအား တိုက်ခိုက်နိုင်မှုများကို ဖော်ပြထားပြီး AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများ ထိခိုက်သေဆုံးမှုများရှိသည်ကို တွေ့ရသည်။ 

လက်နက်ကြီး၊ လက်နက်ငယ်သံများကို မြို့နယ်နှစ်ခုအစပ်တွင် နေထိုင်ကြသော ဒေသခံများ နေ့စဥ်နီးပါး ကြားနေရပြီး  လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက် ပြုလုပ်နေသောကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။ 

ယမန်နေ့ (စက်တင်ဘာလ  ၂၀ ရက်) နံနက် ၁၀ နာရီခန့်က စစ်တွေမြို့ရှိ စစ်တပ်အထိုင်စခန်းများက ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာနေ ဒေါ်အေးနုဖြူ (၇၂ နှစ်) နှင့် သမီးဖြစ်သူ ဒေါ်မရွှေတင် (၄၂ နှစ်)တို့ သေဆုံးသွားသည်။

” (စစ်တပ်က) လက်နက်ကြီးနဲ့ ပစ်လို့ အိမ်မှာကျသွားတာ။ သမီးဖြစ်သူ ဒကာမကတော့ ငါးရောင်းလို့ ပြန်လာတယ်။ သူ့အမေကတော့ စိတ်မနှံ့ဘူး။ ဒါကြောင့် အမေကိုတခြားရွာကို ခေါ်မရလို့ အဲဒီရွာမှာ နေတာ။ သူက ဟင်းသီးဟင်းရွက်တွေကို ဟိုနေရာသွားရောင်း၊ ဒီနေရာသွားရောင်းပြီးလို့ ပြန်လာသေး။ ပြန်လာတာမှာ ထိုင်နေတုန်းမှာ လက်နက်ကြီး ကျသွားတာ”ဟု ဒေသတွင်းလူမှုကူညီရေးပြုလုပ်နေသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

AA နှင့် စစ်တပ်အကြား စစ်ရေးပြင်းထန်လာမှုနှင့်အတူ ဒေသတွင်း လေကြောင်းဗုံးကြဲမှုများ ဆက်တိုက် ပြုလုပ်နေရာ စက်တင်ဘာလ ၁၇ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာကို ဗုံးကြဲသောကြောင့် အသက် ၄၀ အရွယ် ကိုအောင်မြင့်နိုင် ဒဏ်ရာရသွားသည်။  နောက်တစ်နေ့တွင် သံတွဲမြို့နယ် အိုးမြေရွာ ကိုလည်း ဗုံးကြဲသောကြောင့် ကိုခန့်မင်းသူ (၂၀ နှစ်) သေဆုံးသွားသည်။ စက်တင်ဘာလ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီအနီး ဗုံးကြဲမှုကြောင့် နှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရရှိခဲ့သည်။

အထက်ပါ တိုက်ပွဲများအပြင် တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူမြို့နယ်တွင်လည်းတိုက်ပွဲ ဖြစ်နေကာ မြို့နယ်အတွင်းရှိ AA ထိန်းချုပ်သည့် စနဲမြို့အနီး တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ 

AA သည်  ရခိုင် ၁၄ မြို့နယ် သိမ်းထားပြီး နယ်မြေထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို လည်း သိမ်းပိုက်ထားပြီး တစ်ပြည်နယ်လုံး သိမ်းပိုက်နိုင်ရန် မျှော်မှန်းထားသည်။ 

စစ်တပ်၏ ဖိတ်ခေါ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေကြသော်လည်း  ထိုအထဲတွင် AA နှင့် အခြားသောတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပါဝင်ခြင်း မတွေ့ရပေ။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား စစ်ရေးအခြေအနေပြမြေပုံ။ 
စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား စစ်ရေးအခြေအနေပြမြေပုံ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles