အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာဗုံးကြဲခံရမှု ကလေးအပါအဝင် ၄ ဦးသေဆုံး

BNRA တပ်မှူးနှစ်ဦး ထွက်ပြေးသွားပြီးနောက် ၎င်းတို့ နောက်ဆုံးရှိခဲ့သည့်ကျေးရွာကို နောက်တစ်နေ့တွင် စစ်လေယာဉ်များက ဗုံးကြဲပစ်ခတ်ခဲ့၍ ကလေးအပါအဝင် အရပ်သားများ သေဆုံးသွားသည်၊ လူတစ်ဒါဇင်နီးပါး ဒဏ်ရာရသွားသည်။

စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့တွင် ထိန်းသိမ်းထားသည့် ဗိုလ်နဂါးတပ် (BNRA) ၏ တပ်ရင်းမှူးနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်းတို့ နောက်ဆုံးရှိခဲ့သည့်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးအပါအဝင် လေးဦးသေဆုံး၊ ၁၃ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားသည့် ပင်လည်ဘူးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ ကင်းပန်းကျေးရွာတွင် ရှိသည့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော  BNRA ၏ တပ်ရင်းမှူးနှစ်ဦးသည် ဩဂုတ်လ ၁၅ ရက်ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 

နောက်တစ်ရက် ဩဂုတ်လ ၁၆ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် တိုက်လေယာဉ်နှစ်စီးက ထိုကျေးရွာကို ဗုံး ရှစ်လုံးခန့် ကြဲချခဲ့သလို စက်သေနတ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု  ဒေသခံများထံက သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကင်းပန်းရွာမှ အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး၊ အရပ်သား များဖြစ်သော အမျိုးသမီး နှစ်ဦး၊ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု ကင်းပန်ရွာသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နှစ်ကြိမ်ကြဲသွားတယ်။ နောက်တစ်ခေါက်က ထွက်ပြေးတာတွေကို စက်သေနတ်နဲ့ လမ်းတလျှောက် ပစ်သေးတယ်။ သေဆုံးတာက ဦးလေးတစ်ယောက်၊ အပျိုအရွယ် တစ်ယောက်၊ အဖွားတစ်ယောက်၊ ကိုးနှစ်အရွယ် မိန်းကလေးတစ်ယောက် စုစုပေါင်း လေးယောက်။ ဒဏ်ရာရတာက အတိအကျ မသိရသေးတာ၊ ခန့်မှန်းခြေ ၁၃ ယောက်လောက်ရှိတယ်။ ခြေပြတ်လက်ပြတ်တွေရောပဲ” ဟု ထိုသူက ဆိုသည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ အမည်၊ အသက် စသည့် အသေးစိတ်အချက်အလက်များကို အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက် ထပ်မံတိုးမြင့်လာနိုင်ကြောင်း၊ နေအိမ် ၁၅ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာနှင့် စစ်တပ် အခြေစိုက်စခန်းများရှိရာ ဝန်းသိုမြို့တို့မှာ မိုင် ၃၀ ကျော်ခန့်သာ ကွာဝေးသည်။

ဗုံးကြဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကို Myanmar Now က ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပ​​င်လည်ဘူးမြို့၏မြောက်ဘက် မံစီလေးကျေးရွာကို ယနေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲမှုများ ရှိခဲ့ပြီး နေအိမ် နှစ်လုံး ပျက်စီးကာ  လူထိခိုက်မှု မရှိကြောင်း၊ ပင်လည်ဘူးနယ်အတွင်း ယနေ့ လေကြောင်းအန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။ 

ထိန်းသိမ်းထားသည့် BNRA တပ်ရင်းမှူးနှစ်ဦး ထွက်ပြေး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်များကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်များကို သတ်ဖြတ်မှု၊ ပကဖ ရဲဘော်များကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုအပါအဝင် အမှု ခုနစ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး BNRA ဂိတ်စခန်းများကို ယခုနှစ် ဖေ​ဖော်ဝါရီလက စီးနင်းခဲ့သည်။

ထို့နောက် ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်နှင့် ပူးပေါင်းသွားပြီး  BNRA တပ်မှူးများဖြစ်သည့် ဒေါင်းညို၊ သုဘရာဇာ အပါအဝင် တပ်ဖွဲ့ဝင်အချို့ NUG ထံ လာရောက်ပူးပေါင်းမှုများ ရှိခဲ့သည်။ 

ဒေါင်းညို၊ သုဘရာဇာ တို့ ပူးပေါင်းလာကြောင်း NUG ယင်းမာပင်ခရိုင်ဘက်က ထုတ်ပြန်ခဲ့စဉ်။

ဒေါင်းညို၊ သုဘရာဇာတို့သည် ကျန်းမာရေးအခြေအနေများကြောင့်  ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာ ဆေးရုံတွင် ဆေးကုသမှုခံယူနေခြင်းဖြစ်သည်ဟု သိရသည်။ ထိုဆေးရုံသည် CDM ဆရာဝန်၊ သူနာပြုများနှင့် လည်ပတ်နေပြီး အရပ်သားများ အားထားရသည်ဟု ဒေသခံများအဆိုအရ သိရသည်။

“၁၅ ရက်နေ့က ထွက်ပြေးတယ်၊ ၁၆ ရက်နေ့ ဗုံးလာကြဲတယ်။ သူတို့ ထွက်မပြေးခင်အထိ ကင်းပန်းရွာ က ထမင်းကျွေးပြီး စောင့်ရှောက်ထားခဲ့တာ” ဟု အထက်ပါ ကင်းပန်းရွာသားက ပြောသည်။

ဒေါင်းညိုနှင့် သုဘရာဇာတို့ ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အစောင့်နှစ်ဦးကို အိပ်ဆေးခတ်ခဲ့ကြောင်း၊ ဝန်းသိုမြို့နယ်အခြေစိုက် စစ်တပ်ထံ ရောက်ရှိသွားကြောင်း သတင်းများ ထွက်နေသော် လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ပင်လည်ဘူးဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ထွက်ပြေးသွားသူ နှစ်ဦးကို ပြန်ဖမ်းမိရန် ရှာဖွေနေဆဲဖြစ်ပြီး စစ်တပ်ထံ ရောက်၊ မရောက် အတည်မပြုနိုင်သေးကြောင်း ပြောသည်။

“ဘယ်ပြေးသွားလဲဆိုတာက မသိရဘူးလေ၊ ရှာတော့ ရှာနေကြတယ်။ ဒါပေမဲ့ ပြန်တွေ့ဖို့က မလွယ်တော့ဘူး၊ ဘယ်ရောက်သွားလဲဆိုတာလည်း မသိရဘူး” ဟု ၎င်းက ဆိုသည်။

ထိန်းသိမ်းထားသည့် ဗိုလ်နဂါး၏ တပ်ရင်းမှူး နှစ်ဦးသည် ထွက်ပြေးမှု မတိုင်မီ ဧည့်သည် နှစ်ဦးနှင့် တွေ့ဆုံမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းမှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

ထိုနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည့် အခြေအနေနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့အထိသတင်း ထုတ်ပြန်ခြင်း မရှိသေးသလို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့်ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။ 

ပြီးခဲ့သည့် ဇူလိုင်လဆန်းကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင် ကိုစံတင်ထွန်းကို NUG လက်အောက်ခံ ပသုံးလုံးက ဖမ်းဆီးထားစဉ် ထိန်းသိမ်းထားသည့်နေရာမှထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့သေးသည်။

စစ်ကိုင်းတိုင်း အင်းတော်၊ မော်လူး၊ ကသာ စသည့် မြို့နယ်တို့တွင် တိုက်ပွဲ ရံဖန်ရံခါဖြစ်ပွားမှုများ ရှိနေသော်လည်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ပင်လည်ဘူးမြို့၌ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးသည်။

တော်လှန်ရေးအားကောင်းနေသည့် ၂၀၂၃ နှင့် ၂၀၂၄ နှစ်များအတွင်း NUG တော်လှန်ရေးတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ အင်းတော်၊ ဗန်းမောက်၊ မော်လူး၊ ပင်လည်ဘူး၊ ခါမ်းပတ်၊ ရွှေပြည်အေး စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းရာမှ အင်အားကောင်းလာသည့် စစ်တပ်က ၂၀၂၅ နှင့် ၂၀၂၆ တို့တွင် စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်များပြန်လည် ပြုလုပ်နိုင်ခဲ့သည်။ ယင်းနောက် ကောလင်း၊ အင်းတော်၊ မော်လူး၊ ဗန်းမောက်နှင့် ခါမ်းပတ်မြို့များကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် NUG အနေဖြင့် စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူး၊ မြို့သစ်၊ ရွှေပြည်အေး စသော မြို့တို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။ 

ပ​​င်လည်ဘူးမြို့၏မြောက်ဘက် မံစီလေးကျေးရွာ ယနေ့ဗုံးကြဲခံမှု အပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button