အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တွေတွင် ရိုဟင်ဂျာများ ခရီးသွားလာခွင့် ကန့်သတ်ခံရပြီး စစ်မှုထမ်း စုဆောင်းခံနေရ 

AA က ထိုးစစ်ဆင်မှုများရှိနေသည့် ပြည်နယ်မြို့တော်တွင် စစ်တပ်က ရိုဟင်ဂျာများကို ခရီးသွားခွင့် ကန့်သတ်ထားပြီး ယခင်လမှစတင်၍ တစ်အိမ်တစ်ဦး စစ်မှုမထမ်းမနေရ ညွှန်ကြားထားသည်။ 

အာဏာသိမ်း စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ရှိနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်များကို စစ်တပ် အာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင်လတွင်  ခရီးသွားလာခွင့် ကန့်သတ်လိုက်ပြီး တစ်အိမ်တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန် စစ်သား အဓမ္မ စုဆောင်းနေသည်ဟု ဒေသခံများထံက သိရသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် အာရက္ခတပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့ အကြား စစ်ရေး ပြင်းထန်လာပြီး လက်ရှိတွင် AA က ရခိုင် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်တွေ အပါအဝင် ကျန် သုံးမြို့နယ်တွင် ရံဖန်ရံခါတိုက်ပွဲများ ရှိနေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ကျေးရွာတို့နှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာများကို စစ်တပ်က အဓမ္မ စစ်သားစုဆောင်းနေခဲ့သည်၊ ထို့နောက် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် စစ်မှုထမ်းရန် တရားဝင် အကြောင်းကြားစာ ထုတ်ပြန်လာခြင်းဖြစ်သည်။ 

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်စွဲဖြင့်  Myanmar Now က ရရှိထားသည့် စစ်တပ်၏ အကြောင်းကြားစာတွင် “အောင်မင်္ဂလာရပ်ကွက်နှင့် ဆက်စပ်နေသည့် မူဆလင်ရပ်ကွက် (၅) ရပ်ကွက်တွင် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးနှုန်းဖြင့် တစ်လလျှင် ပြည်သူ့ စစ်မှုထမ်း ၂၀ ဦး ပေးသွင်းရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တာဝန်ပေးထားသည်”ဟု ပါရှိသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တွေမြို့အနီးရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ အဓမ္မ စစ်သား စုဆောင်းခံထားရသည့်  ရိုဟင်ဂျာ ၃၀၀၀ ကျော်ရှိပြီး ယခု တစ်ကြိမ်မှာမူ တရားဝင် စာထုတ်ပြီး စစ်သားသစ် စုဆောင်းခြင်းဖြစ်သည်ဟု စစ်တွေမြို့ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသည့် အသက် ၆၀ ကျော်အရွယ် ရိုဟင်ဂျာအမျိုးသား တစ်ဦးက ပြောသည်။ 

“အခုက ဒုက္ခသည်စခန်းရော ရပ်ရွာတွေကပါ တစ်အိမ်ထောင်ကို တစ်ဦးနှုန်းနဲ့ စစ်မှုထမ်းရမှာပါ။ တစ်ကြိမ်ကို တစ်ရွာ ဒါမှမဟုတ် Camp တစ်ခုကနေပြီး လူ ၂၀ စီ အလှည့်ကျ စနစ်နဲ့ စစ်မှုထမ်းရမှာလို့ အမိန့်ထုတ်လိုက်တာ” ဟု ၎င်းက ဆိုသည်။  

ထို့အပြင် ရိုဟင်ဂျာများနေထိုင်သည့် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင်လည်း စစ်တပ်က  ဝင်ရောက် စစ်ဆေးနေပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင် ရိုဟင်ဂျာ အမျိုးသား သုံးဦးထက်မနည်း  ဖမ်းဆီးခံခဲ့ရသည်၊ ဖမ်းဆီးခံရသူများ၏ အမည်များကို လုံခြုံရေးအရ မပြောလိုကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဖမ်းတဲ့ နေရာတွေမှာတော့ ရိုဟင်ဂျာရော ရခိုင်ရော တူတူပဲ အဖမ်းခံရတာပဲ။ ဒါပေမဲ့ သွားလာခွင့်မှာတော့ ရိုဟင်ဂျာတွေကိုပဲ ပစ်မှတ်ထားပြီးတော့ အတားအဆီးတွေ သွားလာခွင့် ပိတ်ပင်ထားတာပါ” ဟု ၎င်းက ပြောသည်။ 

၂၀၂၂ ခုနှစ်က သန်းခေါင်စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိသည်။ ထိုဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာ အရေးအခင်းတွင် ၎င်းတို့ နေထိုင်ရာနေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသူများဖြစ်သည်။

စစ်တပ်သည် ယမန်နှစ်များတွင် AA ၏ ထိုးစစ်အား ခုခံနေရစဉ် ရိုဟင်ဂျာများကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းရာ၌ စစ်တွေ သာမက ကျောက်ဖြူဘူးသီးတောင်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြသူများ၊ ဒေသခံ ရိုဟင်ဂျာများလည်း ပါဝင်ခဲ့သည်။ 

ကျောက်ဖြူမြို့ ကျောက်တစ်လုံးဒုက္ခသည်စခန်းအတွင်း စစ်သင်တန်းပေးရန်ကိစ္စနှင့် ဆက်စပ်၍ ဝင်ရောက်လာသော စစ်သားများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်က တွေ့ရစဉ်။  (ဓာတ်ပုံ-  Arakan Princess Media)

ဒေသတွင်း နယ်မြေစိုးမိုးမှု အများဆုံးရယူထားသော AA ကလည်း ယမန်နှစ် မတ်လမှစတင်၍ ၎င်းတို့ အုပ်ချုပ်သော နယ်မြေများ၌ အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ အနည်းဆုံး  နှစ်နှစ်ကြာမည့် စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်းပြီး စုဆောင်းမှုများ ပြုလုပ်နေသည်။

ထိုကဲ့သို့ AA ၏ စစ်မှုထမ်း စုဆောင်းမှုကို ဒေသခံများကလည်း ဝေဖန်မှုများလည်းရှိနေသည်။ 

ခရီးသွားခွင့် ကန့်သတ်ပြီး လူဦးရေစစ်ဆေး

ထို့အပြင် စစ်တွေမြို့အနီးဝန်းကျင် ကျေးရွာနှင့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသော ရိုဟင်ဂျာ များကို လူဦးရေစာရင်း ကောက်ယူနေပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မှတ်ပုံတင်ရှိသည့် ရိုဟင်ဂျာများကိုပါ ခရီးသွားလာခွင့်များ စတင်ကန့်သတ်နေသည်ဟု ဒေသခံများထံက သိရသည်။

ဒုက္ခသည်စခန်းနှင့် ကျေးရွာတွင် နေထိုင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာတစ်ဦး ခရီးသွားလိုပါက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်၊ မြို့နယ် ၊ ခရိုင် အုပ်ချုပ်ရေး၊  လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ထောက်ခံစာ အဆင့်ဆင့်တို့ဖြင့် နယ်ခြားစောင့်တပ်ကို တင်ပြရမည်ဟု ဆိုသည်။ 

နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ လူမျိုးအမည်တွင် ဘင်္ဂါလီဟု ပါရှိပါက အဆိုပါ ထောက်ခံစာ ငါးခု ရယူပြီး နယ်ခြားစောင့်တပ် ဗိုလ်မှူးကို တင်ပြရမည်၊ ထို အဖွဲ့က ခရီးထွက်မည့်သူ၏ မိသားစုနှင့် နေအိမ်ကို လာရောက် ဓာတ်ပုံရိုက်ရယူပြီးမှသာ ခရီးထွက်ခွင့်ပြုသည်ဟု ရန်ကုန်သို့ ထွက်ခွာရန် ကြိုးပမ်းနေသည့် ရိုဟင်ဂျာ အမျိုးသား အခြားတစ်ဦး ထံက သိရသည်။ 

“ခရီးသွားမယ့် လူကို ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီးတော့ အဲဒီသွားမယ့်သူက မှတ်ပုံတင် နံပါတ် ဘယ်လောက်ပေါ့။ အဲဒါကို သွားပြီးတော့ စစ်တယ်။ ဒုက္ခသည်စခန်းက ဒါမှမဟုတ်ရင် ဒေသခံ မှန်ပါတယ်ပေါ့။ သူက လေဆိပ်ကို ပြောပြီးမှ ထွက်ခွာခွင့်ပေးတာပါ”ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင်လည်း လူဦးရေစာရင်းများ စတင်ကောက်ယူနေပြီး အိမ်ရှိ မိသားစုဝင်များကို ဓာတ်ပုံရိုက်ယူ၍ အိမ်ရှေ့တွင် ကပ်ထားရသည်ဟု ဒေသခံများထံ က သိရသည်။ 

ဇူလိုင်လ ၃၀ တွင် စတင်၍ စစ်တွေမြို့အနီး ဘုမေ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု စာရင်းများ စတင်ကောက်ယူနေပြီး ၎င်းတို့ မိသားစုဝင်များကို ဓာတ်ပုံရိုက်ယူသည်၊ ထိုဓာတ်ပုံကို နေအိမ်ရှေ့တွင် ချိတ်ဆွဲထားရသည်ဟု နေထိုင်သူ ရိုဟင်ဂျာအမျိုးသား နောက်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ဒုက္ခသည်တွေရော ဒေသကျေးရွာတွေမှာ နေတဲ့ ရိုဟင်ဂျာတွေရောက လူမဟုတ်ဘူး လားဗျာ။ UN ကလည်း ဘာမှ အကြောင်းမပြန်ဘူး။  WFP  (World Food Program)  ကလည်း ဘာမှ မပြောဘူး။ နှုတ်ပိတ်နေကြတယ်။ ကျွန်တော်တို့ကို ပေးထားတာက ၇ ပေ x ၉ ပေ အခန်းလေး တစ်ခန်းထဲမှာ ကျွန်တော့်သမီးရယ်၊ သမီး ယောက်ျားရယ်၊ ကျွန်တော့မိန်းမနဲ့ ကျွန်တော်၊ ကျွန်တော့်ညီမနဲ့ သူ့ယောက်ျား ဘယ်လိုလုပ်နေနိုင်မလဲ” ဟု ၎င်းက အခြေအနေကို ပြောပြသည်။ 

ဒုက္ခသည်စခန်းမှ ပေးထားသည့် ကျဉ်းမြောင်းသည့်အခန်းများတွင်သာ ညအိပ်ရန် အာဏာပိုင်များက ညွှန်ကြားထား​ပြီး ရှောင်တခင် ဧည့်စာရင်း စစ်ဆေးမှုများလည်း ရှိသည်၊ နေအိမ်တွင် မတွေ့ရှိရပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ခံထားရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ ဆိုရင် WFP ရဲ့ စားနပ်ရိက္ခာကိုလုံးဝ ဖြတ်ပစ်လိမ့်မယ်လို့ (စစ်တပ်က) ခြိမ်းခြောက်ပါတယ်။ လူတစ်ယောက်မရှိဘူးဆိုရင် အဲဒီ လူတစ်ယောက် ဘယ်သွားလဲ ။ မလေးရှားသွားလား၊ ထိုင်းသွားလား၊ ဘယ်သွားလဲဆိုတာကိုပေါ့ သူတို့ကို မြန်မာနိုင်ငံ ဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါအခြေအနေများနှင့်ပတ်သက်ပြီး WFP ကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။ 

ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ပြည်နယ်မြို့တော် စစ်တွေအထိ ထိုးစစ်ဆင်မည့် အခြေအနေရှိသည်။

စစ်တွေလေဆိပ်အနောက်ဘက်မှ စတင်ပြီး စစ်တွေနည်းပညာတက္ကသိုလ်အထိ ဘင်္ဂလားပင်လယ်အော်တဝိုက် ပင်လယ်ကမ်းစပ်အနီး ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၃ ခု၊ ရိုဟင်ဂျာ ကျေးရွာ ၁၀ ရွာကျော် တည်ရှိသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဒုက္ခသည် ငါးသိန်းနီးပါး ရှိကြောင်း ထုတ်ပြန်ထားသည်။  စစ်ပွဲများ အပြင်းအထန်ဖြစ်နေသည့် စစ်ကိုင်းတိုင်းတွင်မူ စစ်ရှောင်ဒုက္ခသည် ၁၃ သိန်းကျော် ရှိနေသည်။ 

စစ်တွေအနီး ရိုဟင်ဂျာစခန်းများ၌ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရန် ညွှန်ကြားစာနှင့် ခရီးသွားလာခွင့်ပြုမိန့်တောင်းစာရွက်အား တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button