
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်တုန်းက အခု ဝီရဌာနီလို့ အမည်ပြောင်းလိုက်တဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နေ အသက် ၁၅ နှစ်အရွယ် မထွေး (အမည်လွှဲ) ဟာ ရွာထဲမှာ သူငယ်ချင်းတချို့နဲ့ တွေ့ဆုံပြီးအပြန် ည ၉ နာရီကျော်လောက်မှာ အိမ်နီးချင်း အမျိုးသားတစ်ဦးရဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။
“သူငယ်ချင်းတွေကလည်း ကျွန်မ သွားနေကျ လမ်းမို့လို့ အိမ်အထိ လိုက်မပို့ဘူး။ လမ်းတစ်ပိုင်းလောက်ပဲ လိုက်ပို့တယ်။ အိမ်ရောက်ဖို့ စက္ကန့်ပိုင်းလောက်ပဲ လိုတော့တယ်” လို့ ယင်ရဲကန်ရွာသူ အဲဒီ မိန်းကလေးက ပြန်ပြောင်း ပြောပြပါတယ်။
သူ့အိမ်နဲ့တစ်အိမ်ကျော် ဦးမောင်ကျော်သိန်းရဲ့အိမ်ရှေ့ကိုအရောက်မှာ အသက် ၅၅ နှစ် အရွယ် ဦးမောင်ကျော်သိန်းက လက်ကိုဆွဲ၊ အိမ်သာထဲ အတင်းခေါ်သွားပြီး သူ့ကို မုဒိမ်းပြုကျင့်တယ်လို့ ပြောပါတယ်။
“‘အော်ရင် နင်ပဲ အရှက်ကွဲမှာ။ နင့်ကို သတ်ပစ်မယ်’ လို့ ခြိမ်းခြောက်တယ်။ ဒါကြောင့် ကျွန်မ ငြိမ်နေလိုက်ရတယ်” လို့ မထွေးက တုန်ယင်နေတဲ့အသံနဲ့ သူ့မိဘတွေရဲ့ရှေ့မှာ ပြောပါတယ်။ ဦးမောင်ကျော်သိန်းဟာ အရင်ကတည်းက သူတို့အိမ်နဲ့ အဝင်အထွက်ရှိပြီး မိသားစုဝင်လို နေခဲ့တာမို့ မထွေးက သူ့ကို ‘ဘိုးဘိုး’ လို့ ခေါ်တယ်လို့ပြောပါတယ်။
မထွေးဟာ ဒီကိစ္စကို နှုတ်ပိတ်နေခဲ့ရာက သုံးလလောက်အကြာ ကိုယ်ဝန်ရှိလာမှပဲ မိသားစုက သိခွင့်ရခဲ့ပါတယ်။ ဇွန်လ ၁၈ ရက် ည ၁၀ နာရီခန့်မှာ မိသားစုက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ သွားပြီး ဒီကိစ္စကို တိုင်ကြားခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ အုပ်ချုပ်ရေးမှူးနဲ့အတူ ရွာကနေ စက်လှေနဲ့ ၁၅ မိနစ်ခရီးရှိတဲ့ အာရက္ခရဲတပ်ဖွဲ့ ရဲစခန်းကို သွားရောက်ကြပြီး နံနက် ၁၁ နာရီခွဲ လောက်မှာ စခန်းကိုရောက်တယ်လို့ မထွေးရဲ့ အဘွား ဒေါ်သောင်းယီ (အမည်လွှဲ) က ပြောပါတယ်။
“ကျွန်မတို့ သွားတိုင်ဖို့လုပ်နေတုန်းမှာ ရွာသစ်လမ်းခွဆုံ (ရွာသစ်ရပ်ကွက်သွားတဲ့လမ်း) မှာ ဦးမောင်ကျော်သိန်းကို ငါးခြင်းတွေထမ်းပြီး (လာတာ) တွေ့ခဲ့သေးတယ်” လို့ ဒေါ်သောင်းယီက ပြောပါတယ်။
‘ဒီလပ်’ လို့ ခေါ်ကြတဲ့ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security) ဟာ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသတွေရဲ့ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးတို့ကို အဓိက ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ရဲအဖွဲ့အစည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီနေ့က ဒေါ်သောင်းယီတို့ ရောက်သွားတဲ့အချိန်မှာ အာရက္ခရဲဌာနဝန်ထမ်းတွေဟာ အထက်လူကြီး လာဖို့ရှိလို့ဆိုပြီး ကြိုဆိုရေးကိစ္စနဲ့အလုပ်ရှုပ်နေကြတာကြောင့် အတော်ကြာ စောင့်နေရပါတယ်။ ညနေ ၄ နာရီ လောက်မှပဲ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာ ယင်ရဲကန် ရွာကို လိုက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဦးမောင်ကျော်သိန်းကတော့ လက်မတင်လေး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါပြီ။
သူတို့ ရောက်မလာခင် တစ်နာရီလောက်ကမှ ဦးမောင်ကျော်သိန်းဟာ မျိုးစပါးလာယူတဲ့ စက်လှေတစ်စီးပေါ် ပါသွားတာ မြင်လိုက်ရတယ်လို့ ရွာသားတစ်ယောက်က သတင်းပေးပါတယ်။ ဒါပေမဲ့ ရဲတွေက တရားခံကို ဖိဖိစီးစီးလိုက်မရှာဖွေခဲ့ကြဘူးလို့ ကာယကံရှင်တွေနဲ့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
“ညဘက် လိုက်ရှာမယ်ဆိုရင်လည်း လိုက်ပေးလို့ရတယ်လို့ ရဲတစ်ယောက်ကတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း အကူအညီတောင်းကြည့်တယ်။ ဒါပေမဲ့ စခန်းမှူးက အဲဒီနေ့က ရဲတပ်သားတွေကို ထည့်ပေးလို့ မရဘူးဆိုပြီး ငြင်းဆိုခဲ့တယ်” လို့ ရွာသားတစ်ယောက်က ပြောပါတယ်။ စခန်းမှာ အထက်အရာရှိ ရောက်နေလို့ ထည့်မပေးနိုင်တာလို့ အကြောင်းပြတယ်လို့ ဆိုပါတယ်။
ဦးမောင်ကျော်သိန်းရဲ့ ဓာတ်ပုံကို သက်ဆိုင်ရာလုံခြုံရေးဂိတ်တွေဆီ မြန်မြန်ပို့ထားဖို့ ရွာသားတွေက ရဲတပ်ဖွဲ့ကို အကြံပေးပေမယ့် တရားခံပြေးရဲ့ဓာတ်ပုံကို ဇူလိုင်လဆန်းရောက်မှ ရဲက လာယူတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဒါပေမဲ့လည်း နောက်ကျနေခဲ့ပါပြီ။ တရားခံဟာ အမှုကျူးလွန်ပြီးနောက် နေအိမ်မှာပဲ သုံးလနီးပါး အေးအေးဆေးဆေး နေခွင့်ရခဲ့သလို အမှုဖွင့်ပြီးနောက်မှာလည်း ဖမ်းဆီးမခံရဘဲ လွယ်လင့်တကူ တိမ်းရှောင်သွားနိုင်ခဲ့ပါတယ်။ တရားခံလွတ်သွားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ ပေါ့လျော့တယ်လို့ ယင်ရဲကန်ရွာသားတွေက အပြစ်တင်ကြပါတယ်။
ဒီအတွက် အာရက္ခရဲတပ်ဖွဲ့ ‘ဒီလပ်’ ကို ဆက်သွယ်ပြီး တုံ့ပြန်ဖြေရှင်းချက်တောင်းပေမယ့် ယခု သတင်းဆောင်းပါး ထုတ်ချိန်အထိ အကြောင်းပြန်တာမရှိသေးပါဘူး။

မလုံခြုံတဲ့ဘဝနဲ့ နစ်နာသူမိသားစု
ဦးမောင်ကျော်သိန်းဟာ အရင်က ယင်ရဲကန်ကျေးရွာ ရွာသစ်စု ရပ်ကွက်ကနေ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကမှ နစ်နာသူမိသားစုရှိတဲ့ အလယ်စုရပ်ကွက်ကို ပြောင်းလာတာလို့ ရွာခံတွေက ဆိုပါတယ်။ သူဟာ မြောက်ဦးမြို့နယ် မိကျောင်းတက်ကျေးရွာမှာ ၂၀၂၂ ခုနှစ်အတွင်း လူသေစေတဲ့ ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့တာမှာ ကျပ်သိန်း ၇၀ လျော်ကြေးပေးပြီး အမှု ကျေအေးစေခဲ့တယ်လို့ ရွာသားတချို့က ပြောပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်ပါဘူး။
မထွေးဖြစ်စဉ်မှာ စွပ်စွဲခံရသူကို မမိသေးတဲ့အတွက် နစ်နာသူနဲ့တကွ မိသားစုဟာ အမျိုးသမီး အရှက်နဲ့ဂုဏ်သိက္ခာ ပြဿနာ၊ စိတ်မလုံခြုံမှုတို့အပြင် တခြား ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ထပ်ရင်ဆိုင်ရပါတယ်။ အကြောင်းက မထွေးဟာ မိသားစုအတွက် အားကိုးရတဲ့ သမီးအကြီး ဖြစ်နေလို့ပါပဲ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာတာကြောင့် မထွေးရဲ့မိခင်နဲ့ ဖခင်တို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာ ယာဉ်မတော်တဆဖြစ်ပြီး မထွေးရဲ့ မိခင်ဟာ ဒဏ်ရာ အကြီးအကျယ် ရခဲ့တာကြောင့် နှစ်ဦးစလုံး ဇာတိကိုပဲ ပြန်လာခဲ့ရပါတယ်။
“ထိုင်းကို ရောက်ဖို့အချိန်မှာဘဲ ကားမှောက်တယ်။ ကျွန်မ တခန္ဓာလုံး (တကိုယ်လုံး) ဒဏ်ရာ အပြင်းအထန်ရပြီး အခုဆိုရင် နံရိုးတွေ၊ ကျောရိုးတွေကို အစားထိုးထားရတာ” လို့ မထွေးရဲ့ မိခင် ဒေါ်အေးမြ (အမည်လွှဲ) က ပြောပါတယ်။ ကျန်းမာရေးကြောင့် သူ အလုပ် မလုပ်နိုင်တော့ချိန်မှာ လယ်သူရင်းငှားလုပ်တဲ့ ခင်ပွန်းဖြစ်သူတစ်ဦးတည်းရဲ့ ဝင်ငွေပေါ်မှာပဲ အားကိုးနေရတဲ့အတွက် သမီးကြီးဖြစ်တဲ့ မထွေးက မိသားစုကို ငဲ့ပြီး ခြောက်တန်းနှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ရခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာတော့ နဂိုကျပ်တည်းပြီးသား သူတို့ဘဝဟာ “အငတ်ဘေးဆိုက်တဲ့အထိ” ဆိုးဝါးလာခဲ့တယ်လို့ ဒေါ်အေးမြက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်ထဲ ပြည်မကနေ စီးဝင်တဲ့ ကုန်ကူးသန်းရေးလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တာကြောင့်ပါ။
“(တခြားတံငါသည်တွေရဲ့) ငါးဖမ်းပိုက်တွေမှာ ကျန်လိုက်တဲ့ ငါးတွေကို ရှာဖွေစားသောက်ရပါတယ်” လို့ သူက ပြောပါတယ်။
ဒီအခြေအနေမှာ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ သားဖြစ်သူဟာလည်း ကျောင်းထွက်ပြီး လယ်သူရင်းငှား၊ နွားကျောင်းသား ဝင်လုပ်ပေးနေရပါတယ်။
ဒီလိုအခက်အခဲတွေနဲ့ နဂိုကမှ မပြေလည်ရတဲ့အထဲ ဘူးလေးရာဖရုံဆင့်ဆိုသလို မထွေး မွေးလာမယ့် ကလေးအတွက်ပါ ကြိုတွေးပြီး ပူပန်နေကြရပြီလို့ မိသားစုက ပြောပြကြပါတယ်။
ဒေါ်အေးမြကတော့ တရားခံကို ဖမ်းမိရေးအတွက်ပဲ စိတ်စောနေပါတယ်။ ဦးမောင်ကျော်သိန်းရဲ့ ကျန်မိသားစုဝင်တွေဟာ ရွာမှာပဲ ဆက်လက်နေထိုင်နေသေးပြီး သူတို့မိသားစုကို လာရောက် ရန်စတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဦးမောင်ကျော်သိန်းရဲ့သမီး အသက် ၃၁ နှစ်ရှိ ဒေါ်ဦးဆန်းယီက မထွေးကို “အပျိုဖြစ်ပြီး ၁၅ နှစ်နဲ့ ကိုယ်ဝန်ရှိနေတယ် (လို့) အော်ပြီး ပြောတာ၊ လှောင်ရယ်တာတွေ ရှိတယ်” လို့ နစ်နာသူမိသားစုနဲ့ရင်းနှီးတဲ့ ယင်ရဲကန် ကျေးရွာသားတွေက ပြောပါတယ်။ အဲဒီလိုပဲ ဦးမောင်ကျော်သိန်းရဲ့ သမက် ဦးဝင်းကျော်စောကလည်း နစ်နာသူ နေအိမ်ရှေ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေ၊ ဥပမာ လုံချည်လှန်ပြပြီး အပေါ့စွန့်တာ၊ အော်ဆဲတာတွေ လာလုပ်တယ်လို့ ပြောပါတယ်။ ဒီအချက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်က အတည်ပြုသလို မိသားစုနဲ့ တွေ့ဆုံမေးမြန်းနေစဉ်မှာပဲ လှောင်ပြောင်တဲ့စကားသံတွေ ကျယ်ကျယ်လောင်လောင် ပြောနေတာကို သတင်းထောက် ကိုယ်တိုင်ကြားခဲ့ရပါတယ်။
ထွက်ပြေးသွားတဲ့ စွပ်စွဲခံရသူဦးမောင်ကျော်သိန်းနဲ့ သူ့မိသားစုဝင်တွေ အဆက်အသွယ် ရှိတယ်လို့ ရွာသားတချို့က ပြောပေမယ့် ဒီကိစ္စကို သီးခြားအတည်မပြုနိုင်ပါဘူး။ သတင်းထောက်ရဲ့လုံခြုံရေးအတွက် ဦးမောင်ကျော်သိန်းရဲ့ မိသားစုဝင်တွေကို မေးမြန်းတာတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။
နေအိမ်ရှေ့အထိ လာရောက် ရန်စချိန်နဲ့ ခင်ပွန်းဖြစ်သူ အိမ်မှာရှိနေချိန်နဲ့ တိုက်ဆိုင်သွားခဲ့ရင် စကားများ ရန်ဖြစ်မှာကို ဒေါ်အေးမြ စိုးရိမ်နေပါတယ်။ ကျေးရွာသားတွေကလည်း မိသားစုနှစ်စုကြား အေးအေးချမ်းချမ်းနဲ့ ပြဿနာ မဖြစ်ဖို့ လိုလားနေပါတယ်။
အုပ်ချုပ်ရေးက နုနု၊ စိန်ခေါ်မှုက ကြီးကြီး
ယင်ရဲကန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုဟာ အာရက္ခတော်လှန်ရေးအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပေါင်းများစွာထဲက တစ်ခုသာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်အထိ သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ထားနိုင်ပြီ ဖြစ်တဲ့ အာရက္ခ တပ်တော်ဟာ ၎င်းတို့ထိန်းချုပ်တဲ့ဒေသတွေမှာ ပြည်သူ့လုံခြုံရေးလုပ်ငန်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်နေပေမယ့် ရာဇဝတ်မှုကြီးတွေက ဒေသခံရခိုင်ပြည်သူတွေကို ခြိမ်းခြောက်နေဆဲပါ။
ရခိုင်ပြည်မှာ မတ်လ ၂၂ ရက်ကနေ ဇူလိုင်လ ၂၇ ရက်အတွင်း လူသတ်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးအမှုစတဲ့ အမှုပေါင်း ၂၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ ‘အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့’ က ထုတ်ပြန်ပါတယ်။ ဒီအထဲမှာ သက်ငယ် မုဒိမ်းမှုကျူးလွန်ဖို့ ကြံစည်မှုတစ်မှုနဲ့ မုဒိမ်းမှုတစ်မှု၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမှု တစ်မှုပါဝင်တာကို တွေ့ရပါတယ်။
အထူးသဖြင့် မုဒိမ်းမှုတွေမှာ တရားမျှတမှုရအောင် ဆောင်ရွက်တာအားနည်းတဲ့အခါ ကျူးလွန်သူတွေဟာ ကျူးလွန်ခံရတဲ့မိန်းကလေးကို သတ်ပစ်တဲ့အထိ လက်ရဲဇက်ရဲ ဖြစ်လာကြတဲ့အတွက် အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ချောက်ချားရဆုံး သတင်းကတော့ မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာက အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းဝေရဲ့ ဖြစ်စဉ်ပါ။ သူဟာ ဇူလိုင်လ ၁၈ ရက်မှာ တခြားရွာဘက် သွားမယ်လို့ ပြောပြီး အိမ်ကထွက်သွားခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့ပြီးနောက် ငါးရက် အကြာမှာတော့ ခါးအောက်ပိုင်း အဝတ်အစား မပါတဲ့ သူ့ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့ အနီး ကျောက်ကွင်းတစ်ခုအတွင်း ဓားဒဏ်ရာတွေနဲ့အတူ ဒေသခံတွေက တွေ့ရှိခဲ့ရပါတယ်။
ဒီဖြစ်စဥ်ကြောင့် ရခိုင်ပြည်သူတရပ်လုံး ဝမ်းနည်းကြေကွဲခဲ့ရပြီး ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးဖို့အတွက် တောင်းဆိုမှုတွေရှိသလို အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို မေးခွန်ထုတ်လာကြပါတယ်။ ဒါ့အပြင် မနှင်းနှင်းဝေရဲ့ အလောင်းကို ပြန်တွေ့ချိန်မှာ လက်နောက်ပြန် အနေအထားနဲ့ လက်ထိတ်ခတ်ခံထားရတာကြောင့် အာရက္ခ တပ်တော်အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေမလားဆိုပြီး ပြည်သူတွေ သံသယဖြစ်ကြပါတယ်။
ဒါဟာ တကယ့်ကို တုန်လှုပ်စရာကောင်းတယ်လို့ အသက် ၂၀ ကျော်အရွယ် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ယောက်က တယ်လီဖုန်းကနေ ပြောပါတယ်။
“Facebook ဖွင့်ကြည့်တာနဲ့ သတင်းတွေမှာ မြင်ရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ စိတ်လုံခြုံမှုက လုံးဝမရှိတော့ဘူး” လို့ သူက ပြောပါတယ်။
ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ‘ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး’ ကလည်း “လူသတ်မုဒိမ်းကောင် တရားခံအား ဥပဒေနဲ့ အညီအမြန်ဆုံး အရေးယူပေးဖို့နဲ့ နောက်လူများ မလုပ်ရဲလောက်အောင် ပြစ်ဒဏ်ပေး” ဖို့ စာထုတ် တောင်းဆိုခဲ့ပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်လို့ လူသုံးယောက်ကို ဖမ်းဆီး စိစစ်နေတယ်လို့ အာရက္ခ ရဲတပ်ဖွဲ့ ‘ဒီလပ်’ က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အခု အဉ္ဇနပူရလို့ အမည်ပြောင်းထားတဲ့ မင်းပြားမြို့နယ် ဖားပြိုကျေးရွာ မှာ ဖြစ်ခဲ့တဲ့ အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ် တစ်ယောက် မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ အမှုဟာလည်း အခုချိန်ထိ အမှုမှန် မပေါ်နိုင်သေးပါဘူး။ အဲဒီအမှုမှာ သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အထဲ တစ်ရွာတည်းသား ဦးမောင်လှဝင်းဆိုသူက သူကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အခုထိ ပြစ်ဒဏ်မချမှတ်သေးသလို ကျန်တဲ့ ဖမ်းထားတဲ့ ခုနစ်ယောက်ကိုလည်း ပြန်မလွှတ်ပေးသေးဘူးလို့ ကာယကံရှင်မိသားစုတွေက ပြောပါတယ်။
“တရားမျှတမှု လုံးဝ မရှိဘူးလို့ မြင်တယ်။ … ပြစ်ဒဏ်ချ မခံရဘဲ အဲဒီ တရားခံ လွတ်မြောက်လာရင်တော့ ကျွန်မတို့ မိသားစုထဲက တစ်ယောက် ထောင်ထဲ ပြန်ဝင်ရမှာပဲ (လက်စားပြန်ချေရမှာပဲ)။ အဲဒီလိုပဲ ပြောချင်တော့တယ်” လို့ မုဒိမ်းကျင့်သတ်ဖြတ် ခံလိုက်ရတဲ့ ကလေးငယ်ရဲ့ အဘွားက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေတဲ့ မုဒိမ်းမှုတွေဟာ အပြစ်ပေးအရေးယူမှုတွေ အားနည်းတာ၊ အသိပညာပေး လုပ်ငန်းတွေ မလုပ်နိုင်တာတွေကြောင့်ဖြစ်ပြီး ရခိုင်ပြည်သူ အမျိုးသမီးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း မလုံခြုံမှုတွေ တိုးပွားနေရတယ်လို့ ပြည်သူတွေက ရှုမြင်နေကြပါတယ်။
ဒါပေမဲ့လည်း အာရက္ခတပ်တော်ဟာ သိမ်းပိုက်ထားပြီးသား မြို့နယ်ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ စနစ်တကျလည်ပတ်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်တာတွေ့ရတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။
အသက် ၁၆ နှစ်အောက် အမျိုးသမီးဖြစ်မယ်ဆိုရင် ကာယကံရှင်က သဘောတူရင်တောင် မုဒိမ်းမှုမြောက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ အပြင် တရားခံ ထွက်ပြေးပုန်းအောင်းနိုင်ဖို့ ကူညီသူတွေကိုလည်း တရားဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ‘အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့’ က ထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးယန္တရားလည်ပတ်နေဖို့ကြိုးစားတဲ့ အချိန်မှာ တချို့ ဝန်ထမ်းတွေအနေနဲ့ အတွေ့အကြုံ နည်းသေးတယ် ဆိုပေမယ့် အကျင့်စာရိတ္တပျက်ပြားတဲ့ ဝန်ထမ်းတွေကို အရေးယူတယ်လို့ တပ်တော်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ဒါပေမဲ့ အပြစ်ပေး အရေးယူတာတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် အနေနဲ့ သီးခြားထုတ်ပြန်တာမျိုးတွေတော့ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
တစ်ဖက်မှာလည်း အာရက္ခရဲတပ်ဖွဲ့ဘက်မှာ လိုအပ်တဲ့ ဘဏ္ဍာငွေနဲ့တကွ ရင်းမြစ်တွေလည်း အကန့်အသတ်ရှိနေပါတယ်။ မထွေးရဲ့အမှုမှာ ကူညီနေတဲ့ ယင်ရဲကန်ရွာသားတစ်ဦးကတော့ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှာ သွားလာဖို့ စက်လှေတွေက အစ အခက်အခဲရှိနေခဲ့တယ်လို့ ပြောပြပါတယ်။
“အရင်တုန်းကတော့ စက်လှေရှိတယ်။ ဒါပေမဲ့ ကိုင်တွယ်တာ ကြမ်းတာတွေနဲ့ စက်ကလည်း ပျက်နေတယ်။ တစ်ခုခု အရေးအကြောင်းဆိုရင် ကျေးရွာသားတွေနဲ့ အုပ်ချုပ်ရေး အိမ်တွေကပဲ လာယူကြရတယ်။ ပစ္စည်းယူတဲ့ အခါမှာလည်း သေချာမကိုင်ဘူး။ မကြာခဏ စက်ပျက်တယ်။ ပျက်သွားရင်လည်း လုပ်မပေး (ပြင်မပေး) တော့ မငှားချင်ကြတော့ဘူး” လို့ ပြောပါတယ်။
ယင်ရဲကန်ရွာက မထွေးရဲ့မုဒိမ်းမှုဖြစ်စဉ်၊ ပုဏ္ဏားကျွန်းက မနှင်းနှင်းဝေရဲ့ဖြစ်စဉ်၊ မင်းပြား ဖားပြိုးကျေးရွာက သက်ငယ်မုဒိမ်းကျင့် လူသတ် ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ရော၊ ရခိုင်ဒေသတခုလုံးရဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး မြင်ကွင်းကြီးတခုလုံးနဲ့ ပတ်သက်လို့ပါ အာရက္ခတပ်တော်/အာရက္ခရဲတပ်ဖွဲ့ဘက်ကို အင်တာဗျူးဖို့ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
နစ်နာသူမိသားစုဝင်တွေနဲ့ အာရက္ခပြည်သူ တရပ်လုံးကတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အာရက္ခတပ်တော်ရဲ့ လက်ထက်မှာ တိကျမှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အုပ်ချုပ်ရေး စနစ်တစ်ခု၊ လုံခြုံမှုရှိတဲ့ဘဝတွေကိုရလာဖို့ မျှော်လင့်နေကြပါတယ်။ ။



