အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကွပ်ကဲမှုအောက်ဝင်ရန် ကြေညာခဲ့ခြင်းမှာ တစ်ဖက်သတ် ဖိအားပေးမှုကြောင့်ဖြစ်ပြီး တပ်တစ်ခုလုံး၏ သဘောထားမဟုတ်ကြောင်း SRF က ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မင်းကင်းမြို့နယ်တွင် အခြေစိုက်သော NUG လက်အောက်ခံ ပသုံးလုံး ယန္တရားနှင့် SRF တို့ ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင် ကိုစံတင်ထွန်းပါ ဖမ်းဆီးခံရပြီးနောက် မေလ ၂၈ ရက်တွင် ပကဖအောက် ကူးပြောင်းရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်ပေးကွပ်ကဲမှု (Chain of Command) အောက်ဝင်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် SRF တပ်ဖွဲ့ဝင်များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိသည့် တပ်ဖွဲ့ဝင်များ ကို ပြန်လွှတ်ပေးရန် တိုင်ကြားခံထားရသည့် တပ်ဖွဲ့ဝင်များအနေဖြင့် NUG ၏ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးရန် စသည့် အချက် သုံးချက်ကို သဘောတူခဲ့ကြောင်း နှစ်ဖွဲ့ပူးတွဲ ထုတ်ပြန် ခဲ့သည်။ ကိုစံတင်ထွန်းမှအပ ဖမ်းထားသည့် SRF တပ်ဖွဲ့ဝင်များကို NUG က လွှတ်ပေးခဲ့သည်။
ဇူလိုင်လ ၇ ရက်တွင် ကိုစံတင်ထွန်းသည် ထိန်းသိမ်းထားသည့်နေရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး နောက် SRF သည် ဖိအားပေးမှုကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အချို့၏ အရေးပေါ် ဆုံးဖြတ်ချက်ချပြီး သဘောတူခဲ့ရခြင်းဖြစ်ကြောင်း ပါဝင်သည့် ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး SRF ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗဟိုကော်မတီ ခွင့်ပြုချက်ရမှ ဖြေကြားခွင့်ရှိမည်ဖြစ်ပြီး လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးဟု Myanmar Now ကို တုံ့ပြန်ပြောထားသည်။
မင်းကင်းနယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF သည် သီးခြားရပ်တည်လှုပ်ရှားနေ သည့် ကျောင်းသားတပ်တစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။
ထို SRF အဖွဲ့သည် ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်ကျေးရွာ အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များအားဖမ်းဆီးသတ်ဖြတ် ခြင်း၊ ကိုယ်ပိုင်တရားစီရင်ရေးဖြင့် တရားစီရင်ခြင်း၊ အသက် ၁၈ နှစ်မပြည့်သေးသူများကို အဓမ္မစစ်မှုထမ်း ခိုင်းခြင်းအပါအဝင် အမှု ရှစ်မှု ဖြင့် မင်းကင်း ပအဖက စွပ်စွဲ ထားသည်။

တစ်ဖက်သတ် ဖိအားကြောင့် သဘောတူခဲ့ရသည်ဆိုသည့် SRF ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုး ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက်အထိ ပြန်မဖြေသေးပေ။
အလားတူ NUG ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက ထိုကိစ္စနှင့်ပတ်သက်ပြီး လတ်တလော ပြောကြားရန် မရှိသေးဟု ဆိုသည်။
“လောလောဆယ်ဘာမှမပြောလိုပါဘူး။ စစ်ဒေသနဲ့သက်ဆိုင်ရာမြို့နယ်တွေကတော့ လိုအပ်ရင် ထုတ်ပြန်လိမ့်မယ်ထင်ပါတယ်”ဟု ဦးကျော်နီက ယနေ့ နံနက်တွင် Myanmar Now ကို ပြောသည်။
ဆက်လက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံ ဦးဝင်းမင်းစိုးထံ ဆက်သွယ် မေးမြန်းထားသော်လည်း သတင်းထုတ်ပြန်ချိန်ထိ ပြန်လည်ဖြေကြားလာခြင်းမရှိသေးပေ။
SRF ခေါင်းဆောင် ကိုစံတင်ထွန်း ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်း၏ ရည်းစားဖြစ်သူ မဇွန်ပွင့်ဖြူ နှင့်ဖခင်ဖြစ်သူကို မင်းကင်း ပအဖ က ခေါ်ယူစစ်ဆေးနေပြီး ပြန်လည်လွတ်မြောက်ခြင်း ရှိ၊မရှိ အခြေအနေနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့ကို မေးမြန်းထားဆဲဖြစ်သည်။
ကျောင်းသားတော်လှန်ရေးတပ်တော်သည် SRF အနေဖြင့်သာ ဆက်လက်ရပ်တည်ကာ မဟာမိတ်အဖွဲ့ များနှင့်ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးပေါ်ပေါက်လာကာ ၂၀၂၀ အနိုင်ရ အမတ် အများစုဖြင့် ဖွဲ့စည်းထားသည့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပသုံးလုံးယန္တရား (ပကဖ၊ ပလဖ၊ ပအဖ) အပါအဝင် ကျောင်းသားတပ်များ၊ ဒေသခံကာကွယ်ရေးတပ်များ ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့်အတူ စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြသည်။



