မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်၌ ထောင်ဒဏ် နှစ်တစ်ရာကျော် ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးကုသခွင့် မလုံလောက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ယနေ့ (ဇူလိုင်လ ၂၂ ရက်) နံနက်တွင် သုသာန်သို့ပို့ဆောင်မီးသင်္ဂြိုဟ်လိုက်ကြသည် ဟု စုံစမ်းသိရှိရသည်။
ထောင်အာဏာပိုင်များက သေဆုံးသွားပြီဖြစ်သည့် နိုင်ကျဉ်း ကိုလှိုင်ဘွားကို အိုးဘိုထောင်မှ ကြာနီကန် သုသာန်သို့ ပို့ဆောင်၍ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ၂၂ ရက်) နံနက် ၁၀ နာရီခန့်တွင် မိသားစုဝင်များကို အသိပေးခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူမိသားစုနှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက ပြောသည်။
“သင်္ဂြိုဟ်တာကို လူ၂၀ အကန့်အသတ်နဲ့ လာခွင့်ရမယ်။ ဆွေမျိုးမိသားစုတွေ၊ ဝတ်ရွတ်သူတွေ အပါအဝင် ပေါ့နော်။ အလောင်းကိုတော့ မိသားစုကို မပေးဘူး။ နေအိမ်ကို သယ်ခွင့်မရဘူး”ဟု ထိုသူက ဆိုသည်။
ထောင်အရာရှိအချို့က ကိုလှိုင်ဘွားကို ကြာနီကန်သုသာန်၌ အမိန့်ပြန်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့သား အသက် ၄၂ နှစ်အရွယ် ကိုလှိုင်ဘွားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ဆန့်ကျင် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၁(က)၊ ၅၂(ဂ)၊ ၅၄(က) တို့ဖြင့် တရားစွဲဆိုခံခဲ့ရကာ စုစုပေါင်း ထောင်ဒဏ် ၁၆၄ နှစ် ချမှတ်ခံရသည်။
ဖမ်းဆီးခံရစဉ်က ကျန်းမာရေးကောင်းမွန်သူဖြစ်သော်လည်း ထောင်တွင်း ကျန်းမာရေးဆိုးဝါးလာကာ အသည်းခြောက်သည့်ရောဂါ ခံစားခဲ့ရသည်ဟု သိရသည်။
ယခုနှစ် မေလအတွင်း ၎င်းခံစားနေရသော ရောဂါပိုပြင်းထန်လာပြီး ပြင်ပဆေးရုံ၌ ကုသခွင့် တောင်းခံ သော်လည်း မပေးခဲ့ဘဲ မကွယ်လွန်မီတစ်ရက်အလို ရောဂါသည်းထန်လာမှသာ ပြင်ပဆေးရုံ၌ ကုသခွင့် ပေးခဲ့သည်ဟု အထက်ပါအမျိုးသားက ဆိုသည်။
“သူ ပြီးခဲ့တဲ့ ငါးလပိုင်းကစလို့ ရောဂါက ဖောက်လာခဲ့တာ။ ထောင်ကို ဆေးကုသခွင့်တွေ တောင်းခံတယ်။ မပေးခဲ့ဘူးလို့သိရတယ်။ နောက်ဆုံးမဖြစ်တော့တဲ့အဆုံး သေခါနီးတစ်ရက်အလို ဒီလ ၁၉ ရက်နေ့မှာမှ ထောင်အပြင်ဆေးရုံကို ထွက်ခွင့်ပေးတယ်”
ပြင်ပဆေးရုံရောက်ပြီး နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက်၊ ည ၁၀ နာရီ ၅၂ မိနစ်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။
အကျဉ်းထောင်များ၌ ထောင်တွင်းဆေးရုံများရှိသော်လည်း ဆေးဝါးများနှင့်ကုသမှု မစုံလင်သောကြောင့် ကုသမှု နှင့် ဆေးဝါးစုံလင်သည့် ပြင်ပဆေးရုံ၌သာ ပြသရန် အကျဉ်းသားများက ပိုလိုလားကြခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်လက်ထက် အကျဉ်းထောင်များတွင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ အင်မတန် ဆိုးဝါးခဲ့ကြောင်း ထောင်မှ လွတ်လာသူများက အတည်ပြုကြသည်။
မကြာသေးမီက အိုးဘိုထောင်မှလွတ်လာသူ နိုင်ကျဉ်းအမျိုးသားတစ်ဦးကလည်း စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အိုးဘိုထောင်၏ အကျဉ်းသားများရပိုင်ခွင့်ဖြစ်သော ဆေးဝါးကုသခွင့်အခြေအနေများမှာ ဆိုးရွားလှသည်ဟု ဆိုသည်။
ထောင်ဆေးရုံဟုခေါ်သော ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်ရေးနေရာသည်လည်း ဆေးဝါးနှင့် ဆရာဝန်များ လုံလောက်မှုမရှိဘဲ အခြေခံဆေးဝါးများသာ ရှိသည်ဟု အိုးဘိုထောင်မှ လွတ်လာသူ အထက်ပါ အမျိုးသားက ပြောသည်။
“ဘာရောဂါဖြစ်လို့ သွားပြောပြော ပါရာစီတမောပဲ ပေးတယ်။ ကြီးကြီးမားမား ကုသစရာ ဆေးဝါးလည်း မရှိဘူး။ ဆရာဝန်လည်း မရှိဘူး”
အကျဉ်းသားများ ရောဂါဝေဒနာပြင်းထန်ပါက ထောင်တွင်းဆေးရုံ၌ ပြခွင့်ရရန် လာဘ်ငွေ အဆင့်ဆင့် ပေးရသလို အပြင်ဆေးရုံသို့ လွှဲပြောင်းကုသရန်ဆိုလျှင် ထောင်ပိုင်နှင့်ဆရာဝန်များကို သိန်းနှင့်ချီ၍ လာဘ်ထိုးနိုင်မှသာ ခွင့်ပြုချက် ရရှိကြခြင်းဖြစ်သည်။
ငွေကြေးမတတ်နိုင်သည့်သာမာန်အကျဉ်းသားများနှင့် အထူးကန့်သတ်ချုပ်ချယ်ခံထားရသည့် နိုင်ကျဉ်း များသည် အချိန်မီဆေးဝါးကုသခွင့်မရဘဲ ထောင်အတွင်း၌ပင် သေဆုံးခဲ့သည့်ဖြစ်စဉ်များ အများအပြား ရှိနေသည်။
အထင်ရှားဆုံးဥပမာတစ်ခုမှာ ၂၀၂၄ ခုနှစ်အတွင်း NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သေဆုံးခဲ့မှုဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် ကို လုံလောက်သည့်ဆေးဝါးကုသခွင့်မပေးဘဲ အသက်သေဆုံးခါနီး နာရီပိုင်း အလိုမှ ထောင်မှလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပါတီပြောခွင့်ရသူနှင့် မိသားစုဝင်များက ဝေဖန်ခဲ့ကြသည်။
၂၀၂၁ နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းပြီးနောက် မန္တလေးအိုဘိုထောင်တွင် ထောင်ဒဏ် ၂၉ နှစ် ချခံရသော၊ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသော ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ် ရှိပြီ ဖြစ်သည်။
အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံအနှံ့၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့သည်။
စစ်ကြောရေးစခန်းတွင် သေဆုံးသည်အထိ နှိပ်စက်ခံရသည့် ဖြစ်စဉ်များစွာလည်းရှိနေပြီး အချို့မှာမူ စစ်ကြောရေးစခန်းသို့ မရောက်မီ လမ်းတွင်ပင် အသတ်ခံကြရသည်။ အချို့မှာ စစ်ကြောရေးစခန်းမှ ဒဏ်ရာများစွာဖြင့် ထောင်သို့ရောက်လာပြီး ဆေးဝါးကုသခွင့်မရရှိကြဘဲ သေဆုံးသွားကြသည်။
တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် မန္တလေးမြို့တွင် NLD ပါတီနှင့်ဆက်စပ်သူ အများအပြား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံခဲ့ရမှုများ ဖြစ်ပွားခဲ့သည်။
စစ်တပ် မတရားအုပ်ချုပ်စဉ် ငါးနှစ်ကျော်အတွင်း NLD ပါတီမှ လွှတ်တော်အမတ် ၁၄၉ ဦးနှင့် ပါတီဝင် ၂၈၈၀ ဦးအထိ မတရားဖမ်းဆီးခံထားရသည်ဟု လူအခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT- NLD) ကလည်း ယခုနှစ် မတ်လ ၄ ရက်က ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဇူလိုင် ၂၁ ရက်အထိစာရင်းများအရ စစ်တပ်၏ ဖမ်းဆီးခံခဲ့ရသူ ၃၁၅၄၂ ဦး ရှိပြီး အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ ၁၄၅၈၃ ဦး ရှိကြောင်း သိရသည်။



