ယူကရိန်းနိုင်ငံကို ယူရိုဘီလျံနဲ့ချီတဲ့ စစ်ရေးအကူအညီတွေပေးဖို့ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဥရောပနိုင်ငံတွေဟာ ရုရှားနဲ့ ပဋိပက္ခဖြစ်ဖို့ ပြင်ဆင်နေတာလို့ စွပ်စွဲလိုက်ပါတယ်။
တူရကီနိုင်ငံ အန်ကာရာမြို့ မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ ဘေးအန္တရာယ်ဆီကို ဦးတည်သွားစေနိုင်ပြီး တာဝန်မဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NATO အဖွဲ့က ထုတ်ပြန်တဲ့ အန်ကာရာ ကြေညာစာတမ်းမှာတော့ ၂၀၂၆ ခုနှစ်အတွင်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း အကူအညီတွေနဲ့ စစ်သင်တန်းတွေပေးဖို့ ယူရို ၇၀ ဘီလျံ အကူအညီပေးသွားမှာ ဖြစ်ပြီး နောက်လာမဲ့နှစ်မှာလည်း အလားတူ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ စစ်အေးခေတ်ကာလကတည်းက ပိတ်ပင်ထားခဲ့တဲ့ နျူကလီးယားလက်နက် ပိတ်ပင်မှုဥပဒေကို ပယ်ဖျက်ဖို့ ဖင်လန်လွှတ်တော်အမတ်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် နေတိုးမဟာမိတ်နိုင်ငံများတွေဟာ ဖင်လန်နိုင်ငံကို ဖြတ်သန်းပြီး နျူကလီးယားလက်နက် သယ်ဆောင်ခွင့် ဒါမှမဟုတ် ဖင်လန်မြေပေါ်မှာ နျူကလီးယားလက်နက် အခြေစိုက်ထားရှိခွင့် ရမှာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ မိုင်ပေါင်း ၈၃၀ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်အပြီး ၂၀၂၃ ခုနှစ်မှာတော့ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဖင်လန်ရဲ့ ယခုလုပ်ရပ်ဟာ ရုရှားရဲ့ အမျိုးသားလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်စေပြီး နိုင်ငံရေး၊ စစ်ရေးအရ တုံ့ပြန်မှုတွေလုပ်ဖို့ လိုအပ်လာမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ဒီအခြေအနေတွေကြောင့် ရုရှားနဲ့နယ်မြေချင်းထိစပ်နေတဲ့ ပိုလန်နိုင်ငံနဲ့ နေတိုးအဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံတို့ဟာလည်း နျူကလီးယား ပိတ်ပင်မှုဥပဒေကို ပယ်ဖျက်ဖို့ ကြိုးစားလာနေကြပါတယ်ခင်ဗျား။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



