နိုင်ငံတဝန်းရှိ အများပြည်သူဆိုင်ရာပန်းခြံနှင့် လမ်းဆုံလမ်းခွများတွင် စိုက်ထူထားခဲ့သော လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများအပါအဝင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်ပတ်သက်သည့် သင်္ကေတမှန်သမျှကို အာဏာသိမ်းစစ်အစိုးရက ဆက်တိုက်ဖယ်ရှား ရှင်းလင်းနေသည်။
စစ်တပ်စိတ်တိုင်းကျ ခြယ်လှယ်ကျင်းပခဲ့သည့် ၂၀၂၅-၂၆ ရွေးကောက်ပွဲမှတဆင့် ဦးမင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်သည်။ ၎င်းလက်ထက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မတိုင်မီ ညအချိန်မတော် မီးအမှောင်ချ၍ ဗိုလ်ချုပ်ရုပ်တုများ ဖယ်ရှားရှင်းလင်းမှုကို အရှိန်မြှင့်လာခြင်းဖြစ်သည်။
Myanmar Now က ပြုစုထားသော စာရင်းများအရ ၂၀၂၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ဗိုလ်ချုပ်ကြေးရုပ် ရှစ်ခုထက်မနည်း ဖယ်ရှားရှင်းလင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် နေပြည်တော်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှ ဗိုလ်ချုပ်ကြေးရုပ်လေးခုကို ဖယ်ရှားခဲ့ရာ အာဏာရှင် စစ်အုပ်စုလက်ထက် ဖယ်ရှားခံရသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စုစုပေါင်း ၁၂ ခုထက်မနည်း ရှိပြီဖြစ်သည်။
ဖယ်ရှားခံရသော ဗိုလ်ချုပ်ရုပ်တုအားလုံးနီးပါးမှာ NLD အစိုးရလက်ထက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ပြီး ခြွင်းချက်အနေဖြင့် ပဲခူးမြို့လယ် ရွှေမော်ဓောဘုရားလမ်းနှင့် တောင်ငူလမ်းဆုံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖလက်ထက် စိုက်ထူခဲ့သည့် ဗိုလ်ချုပ်မြင်းစီးရုပ်တုကိုလည်း ဖယ်ရှားခဲ့သည်။ ယင်းရုပ်တုသည် NLD လက်ထက်တွင် အများပြည်သူပိုင်နေရာအဖြစ် အဆင့်မြှင့်တင်ခဲ့သည့် နေရာဖြစ်သည်။
လူထု၏ လှုပ်ရှားမှုတိုင်းကို နည်းမျိုးစုံသုံးပြီးစောင့်ကြည့်နေသည့် စစ်အုပ်စုသည် ညလူခြေတိတ်ချိန်တွင် အုပ်ချုပ်ရေးမှူးများနှင့်အတူလာရောက်၍ ညတွင်းချင်း အပြီးဖယ်ရှားကြခြင်းဖြစ်ကြောင်း ရန်ကုန်နှင့် နေပြည်တော်မှ မြို့ခံနှစ်ဦးက ပြောဆိုသည်။
သာကတမြို့နယ် စစ်တပ်ဩဇာခံရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကြား မြကန်သာပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝ ပုံစံတူရုပ်တုမှာ ယခုလဆန်း ညလူခြေတိတ်ချိန်တွင် ဖြိုဖျက်ခံခဲ့ရပြီး မြို့ခံအများစုက နောက်တစ်နေ့နံနက်ရောက်မှသာ သိရကြောင်း အသက် ၄၀ ကျော်အရွယ် သာကေတမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“နေရာတိုင်းမှာ ဖျက်နေတဲ့သဘောဆိုတော့ သူတို့ဒါကို မရှိစေချင်တဲ့သဘောပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာက လွတ်လပ်ရေးယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး။ သူ့ပုံတူရုပ်ကို ဖြိုဖျက်တာက ဗိုလ်ချုပ်ရဲ့ အမှတ်သညာကို ပျောက်အောင်လုပ်နေတာ။ တော်တော်လေးစိတ်မကောင်းဘူး။ ရုပ်တုတောင် ကြောက်နေသလားလို့ မေးရမလို ဖြစ်နေတယ်” ဟု သူက ပြောသည်။
ထိုသို့ဖယ်ရှားပြီးနောက် ပန်းခြံများကို ပိတ်ထားသလို ရဲနှင့်စစ်သားများအစောင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
နေပြည်တော်တွင်လည်း ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားစဉ်က အုပ်ချုပ်ရေးမှူးများခြံရံ၍ ညတွင်းချင်းဖျက်သွားကြပြီး ကာရံထားသော အုတ်တံတိုင်းကို အစိမ်းရောင် ပြောင်းသုတ်သွားကြကြောင်း နေပြည်တော်အခြေစိုက် အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့မတိုင်မီ ဗိုလ်ချုပ်ရုပ်တုများကို စစ်အုပ်စုက အပြီးသတ်ဖယ်ရှားမည်ဟူသော သတင်းများထွက်ပေါ်နေပြီး ယင်းကို စနစ်တကျ အကွက်ချစီစဉ်၍ လုပ်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
“စနစ်တကျကို သေချာညွှန်ကြားချက်တစ်ခုနဲ့ လုပ်တယ်ဆိုတာတော့ ကျိန်းသေသလောက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ … ၁၉ ဇူလိုင် မတိုင်ခင်မှာ ဒါကို ဖြိုဖျက်ကြဖို့ဆိုတဲ့ကိစ္စတွေပေါ့။ ဒါမျိုးတွေလည်းကျွန်တော်တို့ကြားရတယ်။ အဲ့ဒီအတွက်ကြောင့် ဒါက ညွှန်ကြားချက်မရှိဘဲနဲ့တော့ လုပ်စရာအကြောင်းမရှိဘူး။ အထက်အဆင့်က ညွှန်ကြားလို့သာ ဒီလိုလုပ်ကြတယ်” ဟု ၎င်းက သုံးသပ်သည်။
စစ်တပ်၏ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ပြည်သူလူထုက အားမတန်မာန်လျှော့ထားရသော်လည်း ၎င်းတို့လေးစားတန်ဖိုးထားသည့် လွတ်လပ်ရေးဖခင်ကြီး၏ အထိမ်းအမှတ်ရုပ်တုများ ဖြိုဖျက်မှုနှင့်ပတ်သက်၍ စစ်အုပ်စုကို ပိုမိုနာကြည်းမုန်းတီး လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာရှင်က အမိန့်မပေးဘဲ ဗိုလ်ချုပ်ကြေးရုပ်တုများဖြိုဖျက်မှုကို မည်သူမျှလုပ်ရဲမည်မဟုတ်ဘဲ ယခုလုပ်ရပ်သည် တိုင်းပြည်၏ဖခင်ကြီးအပေါ် ကျေးဇူးကန်းသည့်လုပ်ရပ်ဖြစ်ကြောင်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် စမ်းချောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့သည့် NLD အမတ် ဦးဘိုဘိုဦးက ပြောသည်။
“စစ်အာဏာရှင်အမိန့်မပေးဘဲ အောက်ကလူတွေမလုပ်ရဲပါ။ ‘ကြေးရုပ်ကိုသွားကန်တော့ကြ’ လို့ အမိန့်ပေးရင် သူ့လူတွေအားလုံးကြေးရုပ်ရှေ့ ဖင်ထောင်ပြီးကန်တော့ကြမှာ” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် ကျောင်းသင်ခန်းစာများ၌ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍနှင့်တကွ တက္ကသိုလ်ကျောင်းသားလူငယ်များ စတင်ခဲ့သည့် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးလှုပ်ရှားမှုနှင့် တော်လှန်ရေးသပိတ်လှုပ်ရှားမှုများကို မှေးမှိန်အောင်လုပ်ခြင်းစသည့် သမိုင်းကို ဖျောက်ဖျက်သည့်ဖြစ်ရပ်များရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီဘက်ခေတ်မှာကျတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုတွေပေါ်လာတယ်။ အဲ့ဒါတွေကို မင်းအောင်လှိုင်လက်ထက်မှာ ဖြိုခဲ့တယ်ဆိုတဲ့သဘောပေါ့။ ဒါက … NLD ကို အဓိကရည်ရွယ်ချင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချင်တာပေါ့” ဟု သူက ဆိုသည်။

မန်လည်ဆရာတော် ရေးသားသည့် “ပတ္တမြားရွှေဂူ” ကဗျာထဲကအတိုင်း ပတ္တမြားရွှေဂူကို ဝက်များက ရွှံ့ညွန်လူး၍ ပွတ်တိုက်သော်လည်း မှေးမှိန်သွားမည်မဟုတ်ဘဲ ပိုမိုတောက်ပြောင်လာမည့် အလား ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာနှင့် ၎င်းအပေါ်လူထု၏ ချစ်ခင်စိတ်မှာ တစ်ပြားသားမျှ လျော့နည်းမသွားဘဲ ပို၍တောက်ပလာမည်ဖြစ်ကြောင်း မန္တလေးအခြေပြု စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။
“သူတို့လုပ်ပိုင်ခွင့်ရှိတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုကို ဖြိုချလို့ရကောင်းရနိုင်ပေမယ့် ပြည်သူလူထုရဲ့ ရင်ထဲအသည်းထဲမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ လေးစားစိတ်၊ တန်ဖိုးထားစိတ်၊ ထောက်ခံကြည်ညိုစိတ်တွေကတော့ တစ်ပြားသားမှ လျော့ကျသွားမှာမဟုတ်ဘူ” ဟု ၎င်းက ပြောသည်။
“အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်များ ချမှတ်သွားတဲ့ လွတ်လပ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရပ်တည်ချက်လမ်းစဉ် လုပ်ငန်းစဉ်ကို ဆက်လက်ချီတက်ကြဖို့ဖြစ်တယ်”ဟု ကိုတေဇာစန်းက ပြောသည်။
NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြေးရုပ်များစိုက်ထူမှုကို ကျယ်ကျယ်ပြန့်ပြန်ပြုလုပ်ခဲ့ပြီး စစ်အုပ်စုလက်ထက်တွင် ပုဂ္ဂိုလ်ရေးခံစားချက်ဖြင့် ပြန်လည်ဖြိုချနေပုံရကြောင်း နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေကလည်း ယူဆသည်။
“ဒီရုပ်တုတွေ ရှိရှိ မရှိရှိ ပြည်သူရင်ထဲမှာ ရှိပြီးသားပဲလေ၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး။ ဒီသမိုင်းက ဖျောက်လို့မှ မရတာ၊ ဖျက်တာကတော့ ဘယ်လို ခံစားချက်နဲ့ လုပ်ကြလဲတော့ မသိဘူးပေါ့နော်၊ ဖြိုဖျက်တဲ့သူဘက်က အမြင်တော့ အတိအကျမပြောတတ်ဘူး၊ အုပ်ချုပ်ရေးပိုင်းဆီက ကြားရသလောက်ကတော့ ဗိုလ်ချုပ်ကြေးရုပ်တိုင်းကို ဖျက်တာတော့ မဟုတ်ဘူး၊ NLD အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ကြေးရုပ်တွေကို အဓိကထား ဖျက်တယ်လို့တော့ ကြားရတယ်” ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ဖယ်ရှားမှုများနှင့်ပတ်သက်၍ စစ်အုပ်စုက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေးရှိသည်ဟုဆိုကာ အသေးစိတ်ဖြေဆိုခြင်းမရှိပေ။
ထို့အပြင် စစ်အုပ်စုဩဇာလွှမ်းမိုးထားသော ပြည်သူ့လွှတ်တော်၏ စစ်တပ်လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်းကို မေးမြန်းသော်လည်း အသေးစိတ်မသိကြောင်း၊ ၎င်းတို့လွှတ်တော်တွင်လည်း ပြောဆိုဆွေးနွေးခြင်းမရှိကြောင်း ပြောသည်။
ယခုကဲ့သို့ ဖယ်ရှားမှုများသည် ဗေဒင်ယတြာအယူများနှင့်ဆက်စပ်မှုရှိနိုင်သည်ဟု NUG စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြောသည်။

သို့ရာတွင် စစ်အုပ်စုသည် ဗိုလ်ချုပ်ကြေးရုပ်များအပြင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်သော အလံ၊ အမှတ်အသား၊ သင်္ကေတများကိုလည်း လူမြင်ကွင်းမှ ဆက်တိုက်ဖယ်ရှားရှင်းလင်းနေသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ NLD ပါတီဌာနချုပ်တွင်တည်ရှိသည့် ပါတီအမှတ်တံဆိပ်များကို ဇွန်လ ၁၃ရက် နံနက်အစောပိုင်းတွင် စစ်တပ်က ဖယ်ရှားခဲ့သည်။
ငါးထပ်မြင့်သည့် NLD ဌာနချုပ်၏ အပေါ်ဆုံးထပ် ခွပ်ဒေါင်းပုံ ပါတီအမှတ်တံဆိပ်နှင့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီကို မြေပေါ်နိုင်ငံရေးမှ အပြီးတိုင်ဖယ်ရှားရေးအတွက် စစ်တပ်၏ကြိုးပမ်းမှုဟု ပါတီထိပ်သီးတာဝန်ရှိသူများက မှတ်ချက်ပေးသည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်ပေါက် ခြံတံခါးထိပ်တွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် ဆိုင်းဘုတ်တစ်ခုလည်း ပါတီရုံးချုပ်ဖြစ်စဉ်အပြီး နောက်တစ်ရက်အကြာ ဇွန်လ ၁၄ ရက် ညပိုင်းတွင် ဖယ်ရှားခံလိုက်ရသည်။



