စစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်ထိန်းချုပ်လိုက်ပြီးနောက် ပြည်နယ်၏ ပထမဆုံးလေဆိပ် ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်ကို ပြန်ဖွင့်နိုင်ရန် ပြင်ဆင်နေသော်လည်း လေဆိပ်အဆောက်အဦများအပြင် စက်ပစ္စည်းများလည်းပျက်စီးသွားသည့်အတွက် လတ်တလော ပြန်လည်ဖွင့်လှစ်နိုင်ရန် ခက်ခဲနိုင်ခြေရှိကြောင်း ဒေသခံတို့က ဆိုသည်။
“(လေဆိပ်) အဆောက်အဦတချို့က ပျက်စီးသွားတယ်။ စက်ပစ္စည်းတွေက နိုင်ငံခြားကမှာရမယ့် စက်ပစ္စည်းတွေ လည်းရှိတယ်။ ကျွန်တော်ထင်တာက ဒီနှစ်အတွင်းတော့ ရမယ်မထင်ဘူး”ဟု ဖလမ်းမြို့နယ်အသင်း တာဝန်ရှိသူကပြောသည်။
ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၀၀၀ ကျော်ရှိ ဆူရ်ဘုန်လေဆိပ်သည် ရွေးကောက်ခံ အရပ်သား အစိုးရလက်ထက်တွင်တည်ဆောက်ခဲ့ရာ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် လေယာဉ်အချို့ စမ်းသပ်ဆင်းသက်နိုင်ခဲ့သော် လည်း ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းသွားသဖြင့် လေဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပေ။
ထို့နောက် ချင်းပြည်နယ်တွင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာခဲ့ရာ ဖလမ်းမြို့အပြင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ထိုလေဆိပ်ကို ချင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် ထိန်းချုပ်ထားရာမှ ၂၀၂၅ ခုနှစ်တွင် ဖလမ်းမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။
ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၄၀ ခန့်သာဝေးသည့် ဖလမ်းမြို့ကို ပြန်ရရေး စစ်တပ်က အင်အားထောင်နှင့်ချီ ပါဝင်သည့် စစ်ကြောင်းသုံးကြောင်းဖြင့် ယမန်နှစ် နှစ်ကုန်ပိုင်းကတည်းက ပိတ်ဆို့ထိုးစစ်ဆင်ခဲ့ရာ ဧပြီလတွင်မှ မြို့ကို ပြန်သိမ်းယူနိုင်ခဲ့သည်။
စစ်တပ်လက်အောက်ခံ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးမျိုးမြင့်သည် ဇူလိုင်လ ၃ ရက်တွင် ဖလမ်းမြို့နှင့် ဆူရ်ဘုန် လေဆိပ်တို့ကို သွားရောက်စစ်ဆေးသည်ဟု စစ်တပ်ထိန်းချုပ် မီဒီယာက ထုတ်ပြန်သည်။
ဆူရ်ဘုန်လေဆိပ်သည် လေယာဉ်ပြေးလမ်း မျက်နှာပြင်အခြေအနေကောင်းမွန်သော်လည်း ပြေးလမ်း ပေါ်ရှိမီးများ၊ လေကြောင်းလုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ လေကြောင်းလမ်းညွှန် ဆိုင်ရာပစ္စည်းများ ပျက်စီးနေပြီး လေဆိပ်အဆောက်အအုံ၊ လေကြောင်း ထိန်းမျှော်စင်အပါအဝင် အဆောက်အအုံအချို့ ပျက်စီးမှုများရှိနေသည်။ လေဆိပ်ပြန်ဖွင့်နိုင်ပါက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ လျင်မြန်စွာ သယ်ဆောင်နိုင်မည်ဟု ထိုသတင်းတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလ တိုက်ပွဲများကြောင့် ဖလမ်းမြို့နေ လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်ဝင်ရောက် နေထိုင်သူ နှစ်ထောင်နီးပါးခန့်သာရှိသေးသည်ဟု ဒေသခံများကပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဖလမ်းမှ စစ်ဘေးရှောင်များ ရာနှင့်ချီခိုလှုံခဲ့ရာ ၎င်းတို့အနက် လူ ၅၀၀ နီးပါး ဖလမ်းမြို့သို့ ပြန်ဝင်သွားသော်လည်း အချို့မှာ သားသမီးများ၏ ပညာရေး၊ စီးပွားရေးလုပ်ငန်းများကြောင့် ချက်ချင်းနေရပ်ပြန်ခြင်းမရှိသလို အချို့မှာ အခြေအနေကိုစောင့်ကြည့်နေဆဲဖြစ်ကြောင်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေသည့် ဖလမ်းမြို့နယ်အသင်းထံက သိရသည်။
မြို့ခံအချို့ ပြန်လည်ဝင်ရောက်လာသော်လည်း ဖလမ်းမြို့မှာ အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိ သေးကြောင်း ဒေသခံများကပြောသည်။
“ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့က အချိန်ယူရဦးမှာပါ။ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရမှာက တပိုင်း၊ လူမှုစီးပွားအနေအထားတွေက တပိုင်း၊ အပစ်ခတ်မရှိတော့ဖို့က တပိုင်းဆိုတော့” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။
ဖလမ်းမြို့နယ်အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ဆေးရုံက မီးလောင်သွားတယ်ဆိုတော့ မြို့တော်ခန်းမမှာပဲ ဆေးရုံဖွင့်ထားတယ်။ ကျောင်းလည်းစဖွင့်ပြီဆိုတော့ လည်ပတ်နေတဲ့ပုံစံပေါ့။ အရင်တုန်းက အနေထားလောက်တော့ မရှိသေးဘူး”ဟု ပြောသည်။
နယ်မြေထက်ဝက်ကျော်လက်လွှတ်ခဲ့ရသည့် ချင်းပြည်နယ်ကို စစ်တပ်က မြေပြင်ဝေဟင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြည်နယ်မြောက်ပိုင်း ဖလမ်းနှင့်တွန်းဇံမြို့တို့ကို ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် ဖလမ်း-ဟားခါးလမ်းပိုင်းကို ထိုးစစ်ဆင်ပြီး၊ တစိတ်တပိုင်းထိန်းချုပ်နိုင်သည့် ထန်တလန်သို့ ဟားခါးမြို့မှတဆင့် မြေပြင်စစ်ကြောင်းထိုးကာ စစ်ကူအင်အားဖြည့်တင်းနိုင်ခဲ့သည်။
ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ပြန်လည်ချဲ့ထွင်နိုင်လာသော်လည်း ချင်းပြည် တောင်ပိုင်းစစ်ကြောင်းတွင်မူ အထိနာနေသည်။
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့်ကန်ပက်လက်ကိုလည်း မကွေးတိုင်းဘက်မှ ထိုးဖောက်စစ်ဆင်လာသည့် အင်အား နှစ်ထောင်ခန့်ပါ စစ်ကြောင်းကို ချင်းတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး စစ်တပ်အထိနာကာ ထိုးစစ်ကို ဟန့်တားထားနိုင်ကြောင်း သိရသည်။
“အခုရက်ပိုင်း မိုးရွာမှိုင်းအုံ့တော့ (လေကြောင်း) ငြိမ်တယ်။ တိုက်ပွဲလည်းငြိမ်တယ်။ (စစ်ကူအင်အား ဖြည့်တင်းတာ)လောလောဆယ်တော့ မကြားရသေး။ သူတို့လည်းနောက်နည်းနည်း ပြန်ဆုတ်ပြီးငြိမ်”ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။
စစ်ခေါင်းဆောင်က သမ္မတရာထူးရယူလိုက်ပြီးနောက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု လေသံပစ်ထားပြီး တစ်ဖက်တွင်လည်း စစ်ကိုင်း၊ မကွေး၊ ချင်း ပြည်နယ်တို့တွင် ထိုးစစ်အရှိန်မြှင့်နေသည်။



