စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကို ပြန်သိမ်းပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် မြို့တောင်ဘက်ကို ထိုးစစ်ဆင်နေခြင်းကြောင့် မြစ်ကြီးနား-ရွှေဘို လမ်းပေါ်ရှိ ကျေးရွာအချို့နှင့် လက်နက်ခဲယမ်းအများအပြား စွန့်လွှတ်လိုက်ရပြီး PDF ရဲဘော်များလည်း အကျအဆုံးရှိကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်များ၊ ဒေသခံများထံက သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်သည့် အင်းတော်မြို့ကို ယခုနှစ် ဧပြီလအတွင်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် စစ်တပ်က ဇွန်လ ၂၇ ရက်မှ စတင်၍ အင်အား ၅၀၀ ခန့်ဖြင့် လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် အင်းတော်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ တိုက်နယ်အဆင့် ကျေးရွာ များဖြစ်သော မဲဇာနှင့် နန့်သဲကျေးရွာတို့ကို စစ်တပ်က ပြန်ရသွားပြီး“လေယာဉ်ပစ်” ဟု ခေါ်ဝေါ်ကြသည့် ပွိုင့်ဖိုက် စက်သေနတ်တစ်လက်အပါအဝင် ဒရုန်းများ၊ ဗုံးသီးများ၊ သေနတ်များ၊ ခဲယမ်းများ၊ မော်တော်ယာဉ်များ သိမ်းဆည်းသွားခဲ့သည်။
ယမန်နေ့ (ဇူလိုင်လ ၅ ရက်)အထိ နန့်သဲရွာအနီး တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်များဘက်မှ လူ၊ လက်နက်ခဲယမ်း ဆုံးရှုံးမှုများရှိသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီကောင်တွေက အပေါ်ကလည်း Y 12 တွေဘာတွေဝဲပြီး ဒရုန်းတွေလည်း တော်တော် အသုံးပြုတယ်။ မနေ့ကလည်း ပွိုင့်ဖိုက်တွေ၊ ဘာတွေပါသွားတာကတော့ မှန်တယ်။ ကျွန်တော်တို့ လက်နက်ကြီးအဖွဲ့က စစ်ကြောင်းအလယ်ကို တိုးမိသွားတော့ ကိုယ့်ဘက်က ကလေးတွေ ပေးဆပ်လိုက်ရတဲ့သဘောပေါ့” ဟုထိုသူက ဆိုသည်။
သို့ရာတွင် အထက်ပါအခြေအနေနှင့်ပတ်သက်၍ အသေးစိတ် ပြောပြရန် ၎င်းက ငြင်းဆန်သည်။
တော်လှန်ရးတပ်များ နယ်မြေစိုးမိုးထားသည့် အင်းတော်မြို့နယ် မဲဇာကျေးရွာနှင့် နန့်သဲကျေးရွာတို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ကြောင်း စစ်တပ်က ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။
၎င်းတို့ ထုတ်ပြန်ချက်၌ ဇွန်လ ၂၇ ရက်တွင် နတ်မဟုတ်လေးရွာနှင့် ဆည်ရွာ၊ ၂၈ ရက်တွင် လယ်နောင်ရွာ၊ ၂၉ ရက်တွင် နတ်မဟုတ်ကြီးရွာ၊ ၃၀ ရက်တွင် သံဘိုရွာတို့ကို သိမ်းပိုက်ခဲ့ပြီး ဇူလိုင်လ ၄ ရက် ညနေတွင် မြစ်ကြီးနား – ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား-ရွှေဘိုကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ဟု ပါရှိသည်။
မဲဇာရွာနှင့် နန့်သဲကျေးရွာ တိုက်ပွဲများတွင် PDF ခုနစ်လောင်း၊ လေယာဉ်ပစ်စက်သေနတ် အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ မော်တော်ယာဉ်နှစ်စီး၊ ဒရုန်းများနှင့် ဗုံးသီးများ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်း ရရှိသည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

အင်းတော်အခြေအနေနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
သေဆုံးသူအရေအတွက်နှင့် မည်သည့်တပ်ရင်းတပ်ဖွဲ့ကဖြစ်သည်ကို Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် စစ်တပ်က မဲဇာ၊ နန့်သဲ၊ အလယ်ဆိပ်၊ လယ်နောင်၊ သံဘို စသည့်ကျေးရွာများတွင် တပ်စွဲထားပြီး စစ်ကြောင်းဆက်မထိုးဘဲ ရပ်တန့်နေသောကြောင့် တိုက်ပွဲများ ရပ်တန့်ကာ ငြိမ်သက်နေကြောင်း သိရသည်။
“အဲဒီ အင်းတော်က ထွက်တဲ့ စစ်ကြောင်းကတော့ မဲဇာ၊ နန့်သဲနားမှာပဲ ရှိပါသေးတယ်။ အဲဒီ မဲဇာ၊ နန့်သဲကနေ အနောက်ဘက်ကို ပွိုင့်ကင်းတွေ ဘာတွေတော့ လွှတ်ထားတယ်ပြောတယ်။ ဒီနေ့အခြေအနေကတော့(တိုက်ပွဲ) ဆက်ဖြစ်တာမရှိဘူး၊ ထိတွေ့တာမရှိဘူး” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အင်းတော်မြို့အနောက်တောင်ဘက် မိုင် ၃၀ ကျော်အကွာ ကောလင်းနှင့်ဝန်းသို့မြို့တို့မှ စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် အင်းတော်ဘက်သို့ စစ်ကူလာနေကြောင်း၊ ထိုစစ်ကူတပ်များမှာ ယမန်နေ့က ဝန်းသို့မြို့ အရှေ့တောင်ဘက် မဲဇာတောင်အနီး ရောက်ရှိနေသည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
တိုက်ပွဲများကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတစ်လျှောက် ကျေးရွာများဖြစ်သော အလယ်ဆိပ်၊ သံဘို၊ နောင်မိုး၊ ဟင်းနု၊ လယ်ဇင်း၊ လယ်နောင်၊ ပင်သချေ၊ မဲဇာ၊ နန့်သဲစသည့် ကိုးရွာထက်မနည်းမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာ စစ်ရှောင်နေကြရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ရှောင် တော်တော်များတယ်၊ ခန့်မှန်းလို့ မရလောက်ဘူး၊ အင်းတော်က စစ်ရှောင်တွေရောဆိုတော့ လောလောဆယ်တော့ မဲဇာ၊ နန့်သဲကတော့ ဂျုံးဂျရွာတို့ ကွင်းချောင်းရွာတို့ဘက်ကို ရှောင်ကြတယ်။ အလယ်ဆိပ်ကတော့ သစ်လှတောရွာဘက် ရှောင်ကြတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
နန့်သဲရွာနှင့် အနီးဆုံးတွင်ရှိသည့် စက်တောကုန်း၊ မိုးလှိုင်းကုန်းနှင့် နီးစပ်ရာကျေးရွာများလည်း စတင် တိမ်းရှောင်နေကြရပြီဟု ၎င်းထံက သိရသည်။
စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုများ ရှိသဖြင့် ဇူလိုင်လ ၃ ရက် ညနေတွင် ပင်သချေရွာ ဒေသခံ ခုနစ်ဦး ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သလို ဇူလိုင်လ ၅ ရက်တွင် လယ်ဇင်ရွာမှ ဒေသခံ သုံးဦး မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ကြသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသော ရွှေဘို-မြစ်ကြီးနားလမ်းသည် လမ်းပန်း ဆက်သွယ်ရေးအရ အချက်အချာကျသလို အင်းတော်သည်လည်း စစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသည့် ကသာမြို့နှင့် ၁၁ မိုင်အကွာ၊ NUG ထံမှ ပြီးခဲ့သည့်လပိုင်းအတွင်း ပြန်သိမ်းပိုက်ယူထားသောမော်လူးမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ယခုနှစ်ဆန်းမှစတင်၍ စစ်တပ်က စစ်ကိုင်းအထက်ပိုင်းတွင် ထိုးစစ်များပြုလုပ်နေပြီး စစ်သားများနှင့် ခေါ်ယူစုဆောင်းထားသော စစ်မှုထမ်းများ အသုံးပြုကာ ကသာမြို့မှ တဆင့် အင်းတော်နှင့် မော်လူးမြို့များကို ယခုနှစ် ဧပြီလကုန်၊ မေလဆန်းတို့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းအပြင် စစ်တပ်က ဒေသတစ်ခုလုံး နယ်မြေစိုးမိုးနိုင်ရန် စစ်ကြောင်းများထိုးနေသည်။
လတ်တလောတွင် အင်းတော်မြို့နယ်တောင်ဘက် နယ်မြေတစ်ခုလုံးနီးပါးကို တော်လှန်ရေးပူးပေါင်းတပ်များ လက်လွှတ်ထားရပြီး မြို့အနောက်ခြမ်းဒေသအချို့တွင်သာ တော်လှန်ရေးတပ်များ ဆက်ရှိနေသည်။
၂၀၂၄ ခုနှစ် နှစ်ဆန်းမှစတင်၍ NUG တပ်များက မန္တလေးတိုင်းအတွင်း မတ္တရာအနောက်ခြမ်း၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့နှင့် စစ်ကိုင်းတိုင်းအတွင်း ခါမ်းပါတ်၊ ရွှေပြည်အေး၊ ပင်လည်ဘူး၊ ကောလင်း၊ ဗန်းမောက်၊ အင်းတော်၊ မော်လူး တို့ကို တော်လှန်ရေး တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်၍ အဆိုပါမြို့များကို စစ်တပ်က တစ်မြို့ပြီးတစ်မြို့ ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်နေရာလက်ရှိတွင် ပင်လည်ဘူးနှင့်ရွှေပြည်အေးမြို့မှလွဲ၍ ကျန်မြို့များကို NUG က ပြန်လည် လက်လွှတ်ခဲ့ရသည်။




