ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေကြောင့် နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်တပ်ဟာ ကချင်စစ်မျက်နှာမှာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အင်အားနဲ့ ရိက္ခာတွေကို အလုံးအရင်း ဖြည့်တင်းနေပါတယ်။ ဗန်းမော်မြို့ကို ရေကြောင်းကတစ်ဆင့် စစ်ကူပို့နိုင်ဖို့ မန္တလေးမှာ စစ်သင်္ဘောတွေ စုဖွဲ့ပြင်ဆင်နေသလို၊ ကုန်းလမ်းကနေလည်း စစ်ကြောင်းထိုးပြီး လမ်းရှင်းနေတယ်လို့ KIA ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း မန္တလေး–မြစ်ကြီးနားလမ်းကို ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်တပ်ဟာ ကားအစီးရေ ရာနဲ့ချီပါတဲ့ ယာဉ်တန်းတွေနဲ့ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေ အဆက်မပြတ် ဖြည့်တင်းထားပါတယ်။ KIA ဘက်ကတော့ ဗန်းမော်၊ ရွှေကူ၊ အင်းတော်နဲ့ မော်လူး စတဲ့ စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
စစ်ရေးလေ့လာသူတွေနဲ့ CDM တပ်အရာရှိတွေရဲ့ သုံးသပ်ချက်အရ စစ်တပ်ဟာ ဗန်းမော်–မြစ်ကြီးနားလမ်းမကြီးတစ်လျှောက် နယ်မြေပြန်လည်ရယူရေးကို ဦးစားပေးနိုင်သလို၊ တရုတ်နယ်စပ်ဒေသနဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်ဘက်တွေကိုပါ ထိုးစစ်ချဲ့လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်ကစခဲ့တဲ့ KIA ထိုးစစ်အပြီး ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေဟာ နောက်တစ်ကြိမ် အရှိန်မြင့်လာမယ့် အလားအလာ ရှိနေပါတယ်။
မြတ်ကြီး၊ မင်းမောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



