အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်နှင့် KIA ရွှေကူတိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်များအကြား မေလ ၅ ရက်မှစတင်သည့် တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက် အထိနာနေသည့်အတွက် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်နှင့် KIA ပြန်ကြားရေးထံက သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်များအကြား မေလ ၅ ရက်မှစတင်သည့် တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး စစ်တပ်အထိနာနေသည့်အတွက် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်နှင့် KIA ပြန်ကြားရေးထံက သိရသည်။

ရွှေကူနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ငါးအိုးရွာမှ မိုင် ၃၀ ခန့်ဝေးသည့် ရွှေကူမြို့ကို စစ်တပ်က စစ်ကူများပို့နေသလို ရွှေကူမှတဆင့် ဗန်းမော်မြို့သို့ စစ်ကူများ ပို့ဆောင်နေသည့်အတွက် ရွှေကူမြို့ အနီးဝန်းကျင်နေရာအစုံတွင် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ 

ရွှေကူမြို့တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ လေးလမ်းဆုံ၊ ငါးလမ်းဆုံနှင့် ရွှေကူမြို့ အရှေ့ဘက်  ခုနစ်မိုင်ခန့်အကွာတွင်ရှိသည့် တော်လှန်ရွာအနီး တိုက်ပွဲများပြင်းထန်နေသလို ငါးအိုးရွာမှ တက်လာသည့် စစ်ကားများကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဖြစ်နေတာတော့ ငါးအိုး၊ ငါးလမ်းဆုံ၊​ တော်လှန်ရွာ၊ နောက်ပြီး လင်းကတော။ အဲဒီနားတောက်လျှောက်ဖြစ်နေတာပဲ။ သူတို့ကတော့ ပြန်ဆုတ်သွားလိုက် လန်ကျသွားလိုက် အင်အားစုပြီး ပြန်တက်လာလိုက် လုပ်နေတာပဲ။ သိပ်တော့ နောက်မဆုတ်ဘူး၊ လူလှိုင်းစစ်ဆင်ရေးပုံစံမျိုးပေါ့။ ဘယ်လောက်သေသေ အင်အားစုဖွဲ့ပြီး ပြန်တိုးနေတာ” ဟု အဆိုပါ KIA သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က ငါးအိုးရွာနှင့် ရွှေကူမြို့ပေါ်တို့ကိုသာ ထိန်းချုပ်နိုင်ပြီး မြို့ပြင်ဧရိယာ အများစုကို KIA နှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည့်အတွက် စစ်တပ်က ထောက်ပို့လမ်းကြောင်းဖောက်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၄ နာရီခန့်မှ စတင်၍ စစ်တပ်က ရွှေကူမြို့အရှေ့ဘက်ကို ထိုးစစ်ဆင်လာသောကြောင့် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်တွင် အကျအဆုံးများကာ သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

အထိနာသည့် စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် မြို့အရှေ့ဘက်နေရာများသို့ နံနက် ၄ နာရီခွဲမှ စတင်၍ မွန်းလွဲပိုင်းအထိ  အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု အထက်ပါ KIA သတင်းရင်းမြစ်က ပြောသည်။

“အထိအခိုက် အကျအဆုံးကတော့ သူတို့ဘက်ကတော်တော်များနေတယ်၊​ အဓိကကတော့ (ပြည်သူ့စစ်မှုထမ်း)ပစ တွေပေါ့၊ ပစတွေကို အသေခံခိုင်းပြီးတိုးနေတာဆိုတော့ သူတို့ဘက်ကတော့ အထိအခိုက် အကျအဆုံးများတယ်။ လေယာဉ်ကတော့ မနက် ၄ နာရီခွဲကတည်းက အခုထိ လာနေတုန်းရှိသေးတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တံတားဦး၊ မိတ္ထီလာ၊ ဟုမ္မလင်းလေယာဉ်ကွင်းတို့မှတက်လာသည့် လေယာဉ်များဖြင့် တစ်ကြိမ်လျှင် ဂျက်ဖိုက်တာနှစ်စီး၊ Y 12 အမျိုးအစား လေယာဉ်များပါအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ရွှေကူဒေသတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း KIA ကလည်း အတည်ပြုထားပြီး စစ်တပ်က ရွှေကူမြို့အနီးရှိနေရာ တစ်ခုကို ထိုးစစ်ဆင်နေသည့်အတွက် KIA တပ်များနှင့် တိုက်ပွဲဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့ကတော့ တိုက်ပွဲရှိတယ်၊ လေကြောင်းကနေ ဗုံးကြဲတာလည်းရှိတယ်။ ပလောင်ကုန်းလို့ပြောတယ် အဲဒီမှာတော့ စစ်ဘက်ကနေ ကြည့်ရင် ဗျူဟာကုန်းလိုမျိုးဖြစ်တယ်။ အဲဒီဘက်ကို ထိုးလာလို့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်တယ်။ နောက် လေးလမ်းဆုံနေရာဘက်မှာလည်း တိုက်ပွဲဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် ယမန်နေ့က ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲတွင် စစ်တပ်က Y 12 အမျိုးအစားလေယာဉ်ဖြင့် ဗုံးအလုံးရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရွှေကူမြို့အနီးတိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ရွှေကူမြို့ခံများ မြို့မှ တိမ်းရှောင်ကြရန်ဇွန်လ ၈ ရက် ရက်စွဲဖြင့် KIA တပ်မဟာ(၁၁)လက်အောက်ခံ တပ်ရင်း(၁၂)က ထုတ်ပြန်ထားသည်။

KIA ထုတ်ပြန်ချက်ကြောင့် မြို့ခံအချို့ တိမ်းရှောင်သွားကြသော်လည်း အများစု ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ရွှေကူမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် ဗန်းမော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ မြို့တွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

ဗန်းမော်မြို့ကို ယခင်က ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်က စစ်ကူပို့ဆောင်ခဲ့ပြီး ယခုအခါ ရွှေကူမြို့မှတဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စုဆောင်းနိုင်ခဲ့သည့် စစ်အင်အားအများအပြားကိုသုံးကာ ကုန်းလမ်းအတိုင်း စစ်ကူများ ပို့ဆောင်နိုင်ရန် ကြိုးစားနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button