အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်းတွင် ခရီးသည်တင်စက်လှေမှောက်ပြီး ၁၁ ဦး သေဆုံး

ဒေသတွင်းသွားလာသော ခရီးသည်တင်လှေတစ်စီး ရေစီးပြင်းထန်နေစဉ် တိမ်းမှောက်နစ်မြုပ်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အချို့ကို ဆေးရုံ ပို့ဆောင်ထားရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့(ဇွန်လ ၁၅ ရက်)၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က  ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူ များ၊ ဒေသခံများထံက သိရသည်။

ရသေ့တောင်မြို့နယ် ကူတောင်ရွာမှ ကျောက်တော်မြို့သို့ လူ ၃၅ ဦးတင်ဆောင်ကာ ထွက်ခွာလာသည့် စက်လှေသည် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တောင်စေတီအနီး ကင်းချောင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး ငါးဦး နှင့်အမျိုးသား သုံးဦးတို့၏ ရုပ်အလောင်းများကို ကနဦး ဆယ်ယူရရှိကာ ယမန်နေ့ ညပိုင်းအထိ အချက်အလက်များအရ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အဲဒီစက်လှေက ကျောက်တော်ကနေ ကုန်ပစ္စည်းတွေ ဝယ်ဖို့သွားတာ။ ပုဏ္ဏားကျွန်းနဲ့ ဦးရာဇ်တောင် စေတီကြားက ကင်းချောင်းမှာမြုပ်တာ။ ရေစီးကြမ်းလို့ မြုပ်တာလို့သိရတယ်။ရေနစ်မြုပ်လို့  ကယ်ဆယ်လို့ ရတဲ့သူထဲက စိုးရိမ်ရတဲ့လူတချို့ကိုတော့ဆေးရုံကိုအရေးပေါ်ပို့ထားရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အသက် ၂၀ ကျော်မှ ၆၀ ကျော်အကြား အရွယ်များဖြစ်သော ဒေါ်မသောင်း ဒေါ်အမူချေ ၊ မနိုင်နိုင်ဝင်း၊ ဒေါ်ရီရီဆန်း ၊ မစိုးယုဝေ ၊ ကိုဉာဏ်လင်းဝေ ၊ ကိုမောင်ဇိ ၊ ဦးခင်မောင် ၊ ဦးသန်းကျော်စိန် ၊ ဦးသိန်းကျော့ဝေ၊ ​ဦးမောင်သိန်းရွှေ တို့ ဖြစ်ကြသည်ဟု ဒေသတွင်းအခြေစိုက် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးထံက သိရသည်။ 

မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များ အချိန်မရွေး ကျရောက်လာနိုင်သဖြင့် ခရီးသည်များ အနေဖြင့် အသက်ကယ်အင်္ကျီများ ဝတ်ဆင်သွားလာရန်လိုအပ်ကြောင်း၊​ အာရက္ခတပ်တော် (AA) က  ဦးဆောင်ကာ ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ရခိုင်အခြေစိုက် လူမှုကူညီရေးသမား စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်ကလည်း ဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ စက်လှေတွေမှာ သတ်မှတ်လူဦးရေတင်မယ်၊ စက်လှေမောင်းတဲ့သူက ကျွမ်းကျင်ရမယ်၊   စက်လှေတိုင်းမှာ(ပါတဲ့လူတွေလည်း) အသက်ကယ်အင်္ကျီတွေကို ဝတ်ထားရမယ်ဆိုတာကို တိုက်တွန်း သင့်တယ်လို့မြင်တယ်  “ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် သွားလာနေကြသည့် ခရီးသည်တင် စက်လှေများတွင် အသက်ကယ်အင်္ကျီများ ပါဝင်မှုမရှိသလောက်နည်းပါးကာ ခရီးသည်အများစုလည်း ဝတ်ဆင်သည့်အလေ့အကျင့်မရှိသည်ကို တွေ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းကာ အုပ်ချုပ်လျက်ရှိသည်။

ရေလမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ပြည်သူများအနေဖြင့် အသက်ကယ်အင်္ကျီဝတ်ဆင်ကြရန်၊ ကုန်ပစ္စည်းနှင့်ခရီးသည်များကို အလွန်အကျွံမတင်ဆောင်ရန် စသည့် အချက်များကို လိုက်နာကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပို့ဆောင်ရေးဌာနက မေလ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလတွင် ရခိုင်ပြည်နယ်အတွင်း ရေနစ်သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိ ရှိခဲ့ကြောင်း AA နှင့်နီးစပ်သည့် Arakan Princess Media ၏ ဖော်ပြချက်အရသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်တောင်စေတီအနီး၊ ကင်းချောင်းတွင် နစ်မြုပ်ခဲ့သော စက်လှေ။ (ဓာတ်ပုံ-  ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button