ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေး အလွတ်သဘောဆွေးနွေးပွဲကျင်းပခြင်းကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်ဟု ရုရှားသတင်းအေဂျင်စီတစ်ခုဖြစ်သော TASS က ယမန်နေ့ (ဇူလိုင် ၂၉) တွင် ရေးသားသည်။
ကုလလုံခြုံရေးကောင်စီ၏ ကြားဝင်ဆောင်ရွက်မှုက မြန်မာနိုင်ငံအတွင်းက အခြေအနေကို တိုးတက်စေမည်မဟုတ်ကြောင်း ရုရှားအမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။
“ဒီအခြေအနေမှာ ကြားဝင်သင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ (ရုရှား) အနေဖြင့် ဒီနေ့ကျင်းပတဲ့ အလွတ်သဘောဆွေးနွေးပွဲအပါအဝင် စိုးရိမ်ဖွယ်ရာ ဘယ်လိုဆောင်ရွက်ချက်မျိုးမဆို၊ ဘယ်လိုရန်စမှုမျိုးမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ဒီအလွတ်သဘောဆွေးနွေးပွဲဟာ သိသာထင်ရှားတဲ့ ရန်စမှုလို့ ကျွန်တော်ထင်ပါတယ်” ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ခြောက်လပြည့်လုချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလွတ်သဘောဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပခဲ့ပြီး၊ ထိုဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးခဲ့သည်။
ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်သည့် အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ဦးဆောင်သော အနောက်အင်အားကြီးနိုင်ငံများက ချမှတ်ခဲ့သည့် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ကုလအထွေထွေညီလာခံတွင် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ စီးဝင်ခြင်းကို တားမြစ်သည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ရုရှားနိုင်ငံက ကြားနေမဲပေးခဲ့ပြီး၊ ထိုဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ဖိအားပေးနေသော်လည်း ရုရှားနိုင်ငံက မြန်မာစစ်အုပ်စုကို ထောက်ခံအားပေးနေသည့်အပြင် စစ်လက်နက်ပစ္စည်းများဆက်လက်ရောင်းချကာ အမြတ်ထုတ်လျက်ရှိကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ထားသည်။
ယမန်နေ့က ကျင်းပခဲ့သည့် ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် ကုလဦးဆောင်သည့် စောင့်ကြည့်ရေးအဖွဲ့ (UN-led monitoring mechanism) တည်ဆောက်ဖွဲ့စည်းပေးရန် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။



