အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က အမတ်လောင်းကို ဖမ်းပြီး ငွေနှင့်ကားပါ ယူဆောင်သွား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ ကိုလင်းထင်စိုးကို ယမန်နေ့ (ဇူလိုင် ၁၈) ည၌ စစ်တပ်က လူအင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားသည်။ 

ည ၈ နာရီကျော်ခန့်တွင် စစ်ကားအကြီးတစ်စီးဖြင့် စစ်သားများရောက်ရှိလာပြီး ထိုသို့ ဖမ်းဆီးစဉ် သူ၏အိမ်သို့ လာလည်သည့် အိမ်နီးချင်းလူငယ်တစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားကြသည်ကို မသိရသေးကြောင်း အသက် ၃၅ နှစ်အရွယ်ဝန်းကျင် မိသားစုနီးစပ်သူတစ်ဦးက ပြောသည်။

“အိမ်ကို ဝင်ပြီးမွှေနှောက်ရှာတယ်။ ပြီးတော့ စစ်မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ကားတစ်စီးရယ် ၊ ပိုက်ဆံတွေရယ်၊ ကလေးတွေ ပိုက်ဆံအိတ်ထဲက မုန့်ဖိုးပိုက်ဆံတွေပါမကျန် (စစ်သားတွေက) အကုန်ယူသွားတာ”ဟု ထိုအမျိုးသားက ပြောသည်။

“သူ့အိမ်မှာ တီဗီလာကြည့်တဲ့ ဘေးအိမ်က ကောင်လေးကိုပါ ဖမ်းသွားတာ”  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့၊ မိုးကြိုးကွက်သစ်ရပ်ကွက်ရှိ ဆောက်လက်စနေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်ကာ ကုန်စုံဆိုင်ဖွင့်ရန် ကြိုးပမ်းနေစဉ် စစ်တပ်က ထိုသို့ လာရောက်ဖမ်းဆီးခြင်းဟု အထက်ပါ မိသားစုနှင့်နီးစပ်သူက ပြောသည်။ 

စစ်တပ်က လာရောက်ဖမ်းဆီးချိန်တွင် ဇနီး၊ သားနှင့်သမီးတို့ကိုပါ ဖမ်းဆီးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

“ကလေးတွေနဲ့ မိန်းမကို ထည့်မလား။ ကားပေးမလားဆိုပြီး ကားကိုပါ ယူသွားတာ”ဟု အဆိုပါမိသားစုနီးစပ်သူက ဆက်ပြောပြသည်။

မြန်မာနိုင်ငံ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်၏ မန္တလေးတိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အသက် ၄၀ ကျော်အရွယ် ဦးလင်းထင်စိုးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလဝင်ပြိုင်ဖူးသော်လည်း ရှုံးနိမ့်ပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများမရှိတော့ကြောင်း ၎င်းနှင့်ရင်းနှီးသူ မိတ်ဆွေတစ်ဦးထံမှ သိရသည်။

သို့သော် ၎င်း၏ အစ်ကိုမှာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းဖြစ်ကြောင်း၊ အစ်ကိုဖြစ်သူကို အလိုရှိနေသောကြောင့် ညီဖြစ်သူကို ဖမ်းသွားခြင်းဖြစ်နိုင်ကြောင်း သူက ပြောသည်။  

“သူက ဘာနိုင်ငံရေးမှ မလုပ်တော့ပါဘူး။ စီးပွားရေးပဲ လုပ်နေတာ။ ဒါပေမဲ့ သူ့အစ်ကိုကိစ္စနဲ့ ဓားစာခံလုပ် ဖမ်းတာလို့ ထင်တယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ယင်းမိတ်ဆွေက ဆက်ပြောသည်။

“လူမှုကွန်ရက်မှာ နည်းနည်းပါးပါး စစ်ကောင်စီကို (ဝေဖန်) ရေးသားတာတွေတော့ ရှိတယ်။ ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်” 

ထိုဖမ်းဆီးမှုကြောင့် မိသားစုဝင်အားလုံး တိမ်းရှောင်နေရသည်ဟု သိရသည်။

ဖမ်းဆီးခြင်း၊ မော်တော်ကားနှင့် ငွေသား ယူဆောင်ခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ယနေ့ နေ့ခင်းပိုင်းက ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မန္တလေးတွင် ယမန်နေ့ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားအများအပြားက ပြည်ကြီးတံခွန်မြို့နယ်၊ နေအိမ်တစ်အိမ်မှ လူငယ်တချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး အဖမ်းခံရကြောင်း၊ ဒဏ်ရာရသူ ၁ ဦး သေဆုံးသွားကြောင်း ထိုရပ်ကွက်အတွင်း သတင်းရင်းမြစ်များက ပြောသည်။

အသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် ဇူလိုင် ၁၇ က မန္တလေးစိန်ပန်းအနီး မြောက်ငံပြာရည်ရပ်မှ ကိုရဲရင့်အမည်ရှိ NLD ပါတီဝင်တစ်ဦးကိုလည်း စစ်တပ်က သွားရောက် ဖမ်းဆီးခဲ့သည်။ ယင်းညတွင်ပင် စိန်ပန်းသဗြူးရပ်မှ လူငယ်တစ်ဦးအား သွားရောက်ရှာဖွေရာ မတွေ့ရှိသည့်အတွက် ဖခင်ဖြစ်သူကို ဖမ်းခေါ်သွားကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အလိုရှိသူများကို မဖမ်းဆီးနိုင်ပါက မိသားစုဝင်များကို ဖမ်းဆီး၊ ထောင်ချတတ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button