အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခြောက်ရက်သားအရွယ် စစ်ဘေးရှောင် ကရင်နီကလေးငယ် အအေးမိ၍သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မိုးဒဏ်လေဒဏ်ကြောင့် အအေးမိရာမှ မာရီးယိုအမည်ရှိ ခြောက်ရက်သားအရွယ် ယောက်ျားလေးတစ်ဦး ဇွန် ၁၁ ရက်တွင် သေဆုံးခဲ့ရသည်။

“မိုးတွေ တအားရွာပြီး အအေးမိသွားတာ။ မွေးခါစ တစ်ရက်နှစ်ရက်ကတော့ အကုန်လုံး အခြေအနေကောင်းတယ်ပေါ့နော်။ နို့ဆိုလည်းသောက်တယ်”ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အမိုးအကာမလုံခြုံခြင်း၊ စောင်မလုံလောက်ခြင်း၊ ဆေးဝါးကုသရန် အခက်အခဲရှိခြင်းတို့ကြောင့် ကလေးငယ်သေဆုံးရကြောင်း မိသားစုဝင်များက ကောက်ချက်ချထားသည်။

ဖယ်ခုံမြို့ပေါ်ရှိ ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းကြီးတွင် ခိုလှုံနေစဉ် မေ ၂၃ ရက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘုရားကျောင်းမှ အခြားနေရာသို့ ပြောင်းရွှေ့စဉ် အဆိုပါကလေးငယ်ကို မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသူကလေးငယ်၏ မိခင်ဖြစ်သူမှာ စိတ်ထိခိုက်နေသည်မှအပ ကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟု အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။

“ဒီရက်ပိုင်း မြူတွေ တအားကျတယ်၊ မိုးလည်းရွာတယ်။ (စစ်ရှောင်စခန်းမှာ) ခြုံစောင်တွေ သိပ်မလုံလောက်ကြဘူး။ ကျွန်တော်တို့ စောင်တွေရဖို့ ကြိုးစားနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖယ်ခုံမြို့နယ်တွင်သာမက အနီးရှိ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင်လည်း အမိုးအကာမလုံခြုံသည့်ဒဏ်၊ ဆေးဝါးအခက်အခဲနှင့် သောက်သုံးရေရှားပါးမှုကို ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“အခက်အခဲဖြစ်တာက သောက်သုံးရေပေါ့နော်။ ပြီးတော့ အိမ်သာတစ်လုံးကို လူအယောက် ၃၀ စောင့်ပြီး တက်နေရတယ်။ တချို့အလှူရှင်တွေ ဆေးတွေပို့လာတယ်၊ ဒါပေမယ့် ဆေးဝါးတွေ သိပ်မစုံဘူးပေါ့နော်။ အများအားဖြင့် နှာစေးချောင်းဆိုးဗိုက်နာပျောက်ဆေးလောက်ပဲပေါ့။ တချို့ကတော့ ရောဂါအခံတွေရှိတဲ့ ကင်ဆာသမားတွေ လေးဖက်နာသမားတွေဆို သူတို့အတွက် အခက်အခဲတအားဖြစ်တယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ စစ်ဘေးရှောင်နေရသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ ရိက္ခာပြတ်လပ်မှုကြောင့် ရွာထဲပြန်၍ ရိက္ခာယူသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်မှုများရှိနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း တောတွင်းစစ်ရှောင်စခန်းတစ်ခုတွင် ဆေးဝါးမလုံလောက်မှုကြောင့် လသားအရွယ်ကလေးငယ်တစ်ဦး ဖျားနာပြီး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်ထားသည်။ 

ဇွန်လ ၁၁ ရက်ကလည်း စစ်ရှောင်များအတွက် ဝယ်ယူထားသည့် ဆန်အိတ် ၈၀၊ စားသုံးဆီ ၃ ပီပါ၊ ကုန်ခြောက်၊ ဆေးဝါးတို့အပြင် အိမ်စီးကားတစ်စီးနှင့် လူနာတင်ယာဉ်တစ်စီးကို ဖယ်ခုံမြို့နယ် လွယ်ယင်း(တောင်ခြေ)ကျေးရွာတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဇွန်လ ၉ ရက်က ကရင်နီစစ်ရှောင်များအတွက်ပို့မည့် ဆေးဝါး ကျပ်သိန်း ၃၀ ကျော်ဖိုးနှင့် မိုးကာအထည် ၁၀၀၀ ကို ရန်ကုန်မြို့ရှိ ကားဂိတ်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လာရောက်သိမ်းဆည်းသွားကြောင်းအလှူရှင်တစ်ဦးက Myanmar Now ကို အတည်ပြုထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အပါအဝင် ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်တို့တွင် စစ်ကောင်စီတပ်က အာဏာသိမ်းမှု၊ အကြမ်းဖက်ဖြိုခွင်းမှုများကို ဆန့်ကျင်ကြသည့် ပြည်သူတို့အပေါ် ထိုးစစ်ဆင်နေမှုကြောင့် လူဦးရေတစ်သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်း ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် သိသာသော စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကို ရည်ညွှန်းလျက် သေကျေပျက်စီး၊ ဆင်းရဲဒုက္ခများ ထပ်မံကျရောက်မည်ဟု ဇွန် ၁၁ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။ 

ကယားပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဦးအထိ သေဆုံးခဲ့ရပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ (ဇွန် ၁၃) တွင် သတင်းထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button