အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက ခွင့်ပြုလိုက်သည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် တရုတ်ကျောထောက်နောက်ခံစီမံကိန်း

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် သဘာဝဓာတ်ငွေ့ (LNG) သုံး လျှပ်စစ်စီမံကိန်းတစ်ခုကို ခွင့်ပြုကြောင်း အာဏာသိမ်းစစ်ကောင်စီက မေ ၇ တွင် ထုတ်ပြန်ကြေညာခဲ့ရာတွင် အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိသော်လည်း အဆိုပါစီမံကိန်းမှာ ဧရာဝတီတိုင်းတွင် အကောင်အထည်ဖော်မည့် တရုတ်ကျောထောက်နောက်ခံ စီမံကိန်းကြီးဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေအနီး မီးလင်းချိုင် (မီးလောင်ချိုင့်) အရပ်တွင် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်းမှ Supreme ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်မည့် စီမံကိန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။ 

Myanmar Now က ရရှိထားသည့် အချက်အလက်များအရ အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံမှ UREC (Union Resources and Engineering) Energy Holding ကုမ္ပဏီအုပ်စုက ၄၁ ရာခိုင်နှုန်း၊ Yunnan Energy Investment ကုမ္ပဏီက ၃၉ ရာခိုင်နှုန်း၊ ပြည်တွင်းမှ Supreme ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းနှင့် အခြား တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Zhefu Group က ၁ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ခွင့်ပြုချက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

UREC ကုမ္ပဏီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် Yunnan Energy Investment ၏ ကုမ္ပဏီခွဲတစ်ခုပင်ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို တည်ဆောက်၊ စီမံ၊ လွှဲပြောင်းစနစ်  (Built, Operate, Transfer – BOT) စနစ်ဖြင့် အကောင်အထည်ဖော်ကာ နိုင်ငံတကာမှ သဘာဝဓာတ်ငွေ့ရည်တင်သွင်းကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်လျှောက်လွှာပါ မီးလင်းချိုင်စီမံကိန်းဆိုင်ရာ အချက်အလက်အချို့။ (ပုံ − Supplied) 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အစပျိုးခဲ့သည့် အဆိုပါစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ခွင့်ပြုချက်တင်ထားသည်မှာ အာဏာမသိမ်းမီကတည်းကဖြစ်ကြောင်း DICA ဝန်ထမ်းက ဆိုသည်။

“သဘောထားမှတ်ချက်တွေ လိုအပ်လို့ တခြားဝန်ကြီးဌာနတွေကို တောင်းရတယ်။ ပြီးရင်း စီးပွားရေးရာကော်မတီကို တင်ပြအတည်ပြုရတယ်။ အဲဒါတွေက အကုန်လုံးပြီးမှ ခွင့်ပြုပေးတာပေါ့။ အခုက အဲဒါတွေပြည့်စုံလို့ အတည်ပြုပေးလိုက်တဲ့ သဘောပဲ” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ အဆိုပါ DICA ဝန်ထမ်းက ဆိုသည်။ 

မီးလောင်ချိုင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စီမံကိန်းအတွက် NLD အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဆက်လက်ဆောင်ရွက်ရန် နှိုးဆော်စာ (Notice to Proceed) ပေးအပ်ခဲ့သည်။

မီးလောင်ချိုင့်စီမံကိန်းအပါအဝင် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ၂၀၁၉ ဇူလိုင်လအတွင်း လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။

ထို့နောက် ဝန်ကြီး ဦးဝင်းခိုင်နှင့် ဇနီးအပါအဝင် ဒုတိယဝန်ကြီးနှင့် ဇနီးတို့၏ ငွေစာရင်းများကို စစ်ဆေးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဗဟိုဘဏ်ကို အကြောင်းကြားခဲ့သည်။

နောက်ပိုင်းတွင် ပထမအဆင့် ၃၆ နှင့် ဒုတိယအဆင့် ၄၂ လအတွင်း အပြီးတည်ဆောက်အကောင်အထည်ဖော်ရမည်ဆိုသော မီးလောင်ချိုင့်လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အသံတိတ်ဆိတ်သွားခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံးခွင့်ပြုလိုက်သော စီမံကိန်းဖြစ်လာသည်။ 

မီးလင်းချိုင် သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရကုမ္ပဏီများ လက်မှတ်ရေးထိုးခဲ့စဉ်။ (ပုံ − Supplied) 

စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သစ်က မီးလောင်ချိုင့်စီမံကိန်းကို ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရ Supreme ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လတ်တလောတွင် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မည်သို့မျှမှတ်ချက်မပေးရန် ကုမ္ပဏီက မူဝါဒချမှတ်ထားကြောင်း ဒါရိုက်တာတစ်ဦးက ဆိုသည်။

စစ်ကောင်စီက အမှန်တကယ်ခွင့်ပြုလိုက်ပါက အဆိုပါစီမံကိန်း ဆက်လက်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကိုလည်း အတိအကျ မသိရသေးပေ။ 

မြန်မာနိုင်ငံတွင် အကြီးဆုံးသဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းဖြစ်သည့် မီးလောင်ချိုင့်စီမံကိန်းကို တရုတ်ကုမ္ပဏီများနှင့် ပူးတွဲလုပ်ကိုင်ခွင့်ရရှိထားသည့် Supreme ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းထိပ်သီးကုမ္ပဏီတစ်ခုဖြစ်သည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူ၌ တရုတ်နိုင်ငံပိုင် Sinohydro ကုမ္ပဏီနှင့် ပူးပေါင်း၍ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စီမံကိန်းကို ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ Supreme ကုမ္ပဏီအုပ်စု ပိုင်ရှင်မှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌဟောင်း ဒေါက်တာစိန်မြင့် (ခ) အစိန်ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီအား ဦးစီးလုပ်ကိုင်နေသူမှာ ၎င်း၏သားဖြစ်သူ ဦးဇော်နိုင်သိန်းဖြစ်သည်။ 

မီးလောင်ချိုင့်စီမံကိန်းတွင် အများဆုံးပါဝင်ရင်းနှီးမြှုပ်နှံထားသည့် UREC ကုမ္ပဏီမှာ ယူနန်အခြေစိုက် Yunnan Energy Investment Group (YEIG) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ရန်ကုန် သာကေတမြို့နယ်ရှိ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီလည်းဖြစ်သည်။ 

သာကေတ ဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ကိုင်ခွင့်ရ တရုတ် UREC ကုမ္ပဏီ။ (ပုံ − Supplied)

တရုတ်ကုမ္ပဏီ UREC က သာကေတ ၁၀၆ မဂ္ဂါဝပ်စီမံကိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက် ၂၀၁၆ ဇန်နဝါရီလတွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လျှပ်စစ်ဝန်ကြီးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးခင်မောင်စိုးဖြစ်သည်။ UREC ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူမှာ Guan Yukun ဆိုသူဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် သုံးလကျော်ရှိလာသည့်အချိန်တွင် စစ်ကောင်စီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုကို ခွင့်ပြုကြောင်း စစ်ကောင်စီလက်ထက် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သစ်က ကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်သစ်ကို မတ်လအတွင်း ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အစိုးရအဆက်ဆက် စီးပွားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများကို ကျော်လွန်လျက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းသည် တပ်မတော်တွင် နံပါတ်လေးအဆင့်ရှိ စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ ဦးဆောင်သော အနောက်နိုင်ငံများ၏ အရေးယူပိတ်ပင်မှုများ ရှိလာသည့်အပြင် တပ်ပြန်ခေါက်သွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်းရှိရာ ထိုအထဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများလည်း ပါဝင်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းရန် ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Electricite de France (EDC) က မတ်လအတွင်း ဆုံးဖြတ်ခဲ့သည်။ လျှပ်စစ်မဂ္ဂါဝပ် ၆၇၁ ထုတ်လုပ်မည့် ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် အကုန်အကျခံတည်ဆောက်ရန် စီစဉ်ထားသည်။ 

ထို့ပြင် စီးပွားရေးလုပ်ကိုင်ရာတွင် ဗွေဆော်ဦးဆောင်ရွက်ရသည့် ကုမ္ပဏီသစ်မှတ်ပုံတင်မှု ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း DICA စာရင်းများအရ သိရသည်။ ကိုဗစ်နိုင်တင်း (Covid-19) ကပ် ရောဂါထိန်းချုပ်ကာလဖြစ်သော်လည်း အာဏာမသိမ်းမီက လစဉ် ကုမ္ပဏီသစ် ၆၀၀ မှ ၁၅၀၀ ကြား မှတ်ပုံတင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ကုမ္ပဏီသစ်မှတ်ပုံတင်မှု ၁၀၀ မှ ၂၀၀ အထိသာ ရှိတော့သည်။ 

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုကို အလေးထားမှုအားနည်းသော တရုတ်ရင်းနှီးမြှုပ်နှံများ ပိုမိုလွှမ်းမိုးလာနိုင်သည်ဟုလည်း သုံးသပ်မှုများလည်း ရှိနေသည်။  

“ရှိရင်တောင် တရုတ်ရင်းနှီးမြှုပ်နှံမှုပဲ ပိုဝင်လာဖို့ရှိတာပေါ့။ တရုတ်ကတော့ သူတို့နိုင်ငံအကျိုးစီးပွားအတွက် မြန်မာပြည်ကို အသုံးချနေတာပဲ။ စစ်အစိုးရတက်လာရင် အခွင့်အရေးယူပြီးတော့ မတရားစာချုပ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်တာပေါ့ဗျာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button