အာဏာသိမ်းစဉ် ဖွဲ့စည်းခဲ့ပြီး ၆ လ ပြည့်တိုင်း သက်တမ်းပြန်တိုးလျက်ရှိသော စစ်ကောင်စီသည် မနက်ဖြန် (ဇူလိုင် ၃၁) တွင် သက်တမ်းမတိုးတော့ဘဲ အပြောင်းအလဲပြုလုပ်မည်ဟု သတင်းထွက်နေသော်လည်း နိုင်ငံအတွက် ထူးခြားလိမ့်မည်မဟုတ်ဟု အကဲခတ်များက ခန့်မှန်းနေကြသည်။
၂၀၂၅ ဒီဇင်ဘာတွင် ကျင်းပနိုင်ရန် အကြီးအကျယ် ပြင်ဆင်ထားသော ရွေးကောက်ပွဲကို တာဝန်ယူမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/ လုံ) ထံသို့ အာဏာပြန်အပ်ကြောင်း ထုတ်ပြန်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းကြသည်။
မပြောင်းလဲသည့် အပြောင်းအလဲ
လေသံပစ်ထားသလို လာမည့်လများအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံ ဥပဒေ အခန်း (၁၁) အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဥပဒေ၊ ပုဒ်မ ၄၂၆ အရ အာဏာသိမ်းခေါင်းဆောင်သည် ၎င်းအားပေးအပ်သည့် တာဝန်များပြီးဆုံးကြောင်းကြေညာပြီး ကာ/လုံအဖွဲ့ထံ အာဏာ ပြန်အပ်မည်ဖြစ်သည်။
ကာ/လုံ အဖွဲ့က ဦးဆောင်ပြီး အာဏာပိုင်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ ကော်မရှင်တို့ကို ဖွဲ့စည်းရမည်၊ အထွေထွေရွေးကောက်ပွဲကို ၆လအတွင်း ကျင်းပပေးရမည်ဟု ပါရှိသည်။
စစ်ကောင်စီကို ၆ လ သက်တမ်း မတိုးတော့ဘဲ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းနိုင်ခြေရှိသည်၊ လူမပြောင်းသဖြင့် ထူးခြားသည့် နိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဟု ဝါရင့် ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်သည်။
“ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က ကျွန်တော့်ကို ပေးအပ်ထားတဲ့တာဝန်တွေ ပြီးပါပြီဆိုပြီးတော့ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစီရင်ခံမယ်။ ယာယီသမ္မတကြီး မင်းအောင်လှိုင်က ကာလုံ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်ကို ပြန်လွှဲမယ်။ ကာလုံ ဥက္ကဋ္ဌ မင်းအောင်လှိုင်က နေပြီးတော့ ရွေးကောက်ပွဲတွေ ဦးဆောင်ပြီး ကျင်းပရမယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီ သက်တမ်းတိုးမှုမရှိလျှင် ၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပရန် သေချာနေပြီဖြစ်သည်၊ ခေါင်းဆောင် အပြောင်းအလဲ ရှိမည်မဟုတ်ဟု ခန့်မှန်းသည်။
“အရေးပေါ် အခြေအနေ ကြေညာထားတာကို ပြန်ပြီး ရုပ်သိမ်းရမှာပေါ့။ ရုပ်သိမ်းဖို့ဆိုရင် ကာကွယ် ရေး ဦးစီးချုပ်ကနေပြီးတော့ နိုင်ငံတော် သမ္မတကြီးကို အာဏာလွှဲပြောင်းပေးရမှာပေါ့။ ဘယ်လက် ကနေပြီးတော့ ညာလက်ကို အာဏာလွှဲပြောင်းပေးရမယ့် သဘောပေါ့” ဟု ၎င်းက ပြောသည်။
အခြားတစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုက အာဏာသိမ်းဗိုလ်ချုပ်များ၏ အစီအစဉ်ကို ဆန့်ကျင် တုံ့ပြန်ကြဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
အာဏာ ၃ ရပ်နှင့် စစ်ခေါင်းဆောင်
၂၀၂၁ ဖေဖော်ဝါရီတွင် မဲစာရင်း အကြောင်းပြသည့် စစ်တပ်က အာဏာမှုမှာ အခြေခံဥပဒေအတိုင်း ကာ/လုံ အစည်းအဝေး ခေါ်ယူပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အစည်းအဝေးများ ၆ လ တစ်ကြိမ်ကျင်းပတိုင်း စစ်ကောင်စီသက်တမ်းတိုးရေး အစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖတ်ပြရပြီး ၎င်းတို့၏ ယာယီသမ္မတ ဦးမြင့်ဆွေက သဘောတူသည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ၂၀၂၄ ဇူလိုင် ၁၈ တွင် အသက် ၇၃ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေသည် အာရုံကြောနှေးကွေး တုံ့ဆိုင်းသည့် ရောဂါကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ယာယီသမ္မတ ရာထူးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထဲ ရောက်သွားသည်။
ထို့ကြောင့် အာဏာသိမ်းခေါင်းဆောင်သည် ယာယီ သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် စသည့် အမြင့်ဆုံး အာဏာရှိသည့် ရာထူး ၃ နေရာကို ရယူထားခြင်းဖြစ်သည်။
သတင်းထွက်ပေါ်နေသည့် ၂၁ ဦး ကော်မတီ
ကောင်စီ သက်တမ်းမတိုးတော့ဘဲ အဖွဲ့ဝင် ၂၁ ဦးပါဝင်သည့် ကော်မတီတစ်ခု ပေါ်လာမည်၊ ရွေးကောက်ပွဲကျင်းပပြီးနောက် နေပြည်တော် ကွန်ဗန်ရှင်းစင်တာ MICC 1 ကို ယာယီလွှတ်တော် အဖြစ် သုံးရန် ပြင်ဆင်ထားသည်ဟု သိရကြောင်း စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“ခုအစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်နာမည်တခုနဲ့ ပြန်လည်ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေထွက် ပြီး ကျွန်တော်တို့ အသိုင်းအဝိုင်းမှာတော့အတော် ပွက်လောရိုက်နေတာပဲ။ အတိကျတော့ မသိ ဘူး။ အပြောင်းအလဲရှိမယ်ဆိုတာပဲကြားတယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်ရှိ စစ်တပ် အရာရှိဟောင်း တစ်ဦးက အာဏာသိမ်းခေါင်းဆောင်သည် နိုင်ငံတော် သမ္မတ ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သည့် ရာထူးမျိုးကို ဆက်လက်ရယူထားလိမ့်မည်ဟု သုံးသပ်သည်။
“ဒါပေမယ့် အသွင်သဏ္ဌာန် ဖွဲ့စည်းမှုတွေ ဘယ်လိုဖြစ်နေပါစေ အနှစ်သာရကတော့ အာဏာအားလုံးကို သူပဲ ချုပ်ကိုင်ထားမှာပါပဲ” ဟု သူက ပြောသည်။



