အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူသိများထင်ရှားသူ ၇၀ ကျော်ကို ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီးအရေးယူမည့်စာရင်းပေါ်ထွက်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုများကို လှုံ့ဆော်နေသည်ဟူသော စွပ်စွဲချက်ချက်ဖြင့် ဖမ်းဆီးအရေးယူမည့် ထင်ပေါ်ကျော်ကြားသူ ၇၀ ကျော်နှင့် သက်ဆိုင်သော စာရင်းတစ်ခု ထပ်မံ ပေါ်ထွက်လာသည်။

စစ်အာဏာရှင်စနစ်ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆန့်ကျင်ကြောင်း ပြသသည့် ‘၂ ငါးလုံး’ အထွေထွေ သပိတ်စတင်သည့် ယနေ့ (ဖေဖော်ဝါရီ ၂၂) တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အဆိုပါစာရင်းအရ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းသမားနှင့် အနု ပညာရှင်များအပါအဝင် ထင်ပေါ်ကျော်ကြားသူ ၇၈ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးအရေးယူ သွားမည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ‘လျှို့ဝှက်’ ဆိုသော အဆိုပါစာရင်းတွင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထား သူများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဂျင်မီအပြင်  မိုးသီးဇွန်၊ လူမှုကွန်ရက်တွင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် မျိုးရန်နောင်သိန်း၊ သက္ကမိုးညို၊ အင်းစိန်အောင်စိုးတို့ ပါဝင်သည်။

ထို့အပြင် စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသည့် ရန်ကုန် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ သတင်းဆောင်းပါးရှင်တစ်ဦးဖြစ်သော ဂျေလှသင်၊ စာရေးဆရာ မိုးနီလွင်နှင့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းတို့လည်း ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခုကျွန်မကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲသူတွေက နိုင်ငံတော်နဲ့ ဘာမှမပတ်သက်တဲ့ ပုန်ကန်သူတွေပါ။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်ပုန်မှုကျူးလွန်ထားသူတွေက နိုင်ငံနဲ့နိုင်ငံသား တွေရဲ့အကျိုးအတွက် သတင်းစာ ဂျာနယ်စာမျက်နှာတွေအပေါ်မှာ ဆောင်းပါးရေးတဲ့ စာရေးဆရာတစ်ယောက်ကို ၅၀၅(ခ)နဲ့အမှုဖွင့်တာ မရှက်ဘူးလား”ဟု အဆိုပါစာရင်းတွင် ပါဝင်နေခြင်းနှင့် ပတ်သက်၍ ဂျေလှသင်က မေးခွန်းထုတ်သည်။

ဖေဖော်ဝါရီလ ၁၇ တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က ) ဖြင့် အာဏာသိမ်းစစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားခြင်းခံရသည့် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး နှင့် ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့သည်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူခံရမည့်စာရင်းထဲတွင် ပါဝင်နေသည်။

အဆိုစာရင်းအရ အထက်ပါ နာမည်ကျော်သရုပ်ဆောင် ၆ ဦးအပြင် အနုပညာရှင်အသိုင်းအဝိုင်းမှ သရုပ်ဆောင်နှင့် အဆိုတော် ၃၉ ဦးသည်လည်း ပုဒ်မ ၅၀၅ (ခ)ဖြင့် အရေးယူခံရမည့် အနေအထား ဖြစ်သည်။

လူမှုကွန်ရက်တွင် ပေါက်ကြားလာသော အဆိုပါစာရင်းတွင် နာမည်အလိုက် ၎င်းတို့၏ Facebook အကောင့်လင့်နှင့် Followers အရေအတွက်အပြင် လှုံ့ဆော်သော Post အရေအတွက်နှင့် သတင်းမှား အရေအတွက်ကိုလည်း ဖော်ပြထားသည်။ 

သရုပ်ဆောင် လူမင်းအား အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၂၀ ညအချိန်မတော်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ကြောင်း လူမင်း၏ ဇနီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ထားသည်။ 

ထို့အပြင် ပန်ဆယ်လို၊ ထက်ထက်၊ မျိုးကိုကိုစန်း၊ မိုးခရီး၊ Travel by Naw Htike ကဲ့သို့သော လူသိများ သူများလည်း အဆိုပါစာရင်းတွင် ပါဝင်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles