အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်အနောက်ပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကျပ်ပြင်ရဲစခန်း အပါအဝင်၊ မြို့အနောက်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို TNLA ပါဝင်သည့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်နေရာ ရပ်ကွက်အတွင်း ပစ်ခတ်မှုများ ရှိလာသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီ စခန်းများကို တော်လှန်ရေးအင်အားစုက ဆက်လက်တိုက်ခိုက်နေရာ ယနေ့ (ဇွန် ၂၇ ရက်) တွင် တိုက်ပွဲသည် လူနေရပ်ကွက်များအတွင်း ရောက်လာသည်ဟု သိရသည်။

မြို့အပြင်ဘက် စစ်စခန်းများကို တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် ထိန်းချုပ်ထားပြီးနောက် ဇွန် ၂၆ မှ စတင်ကာ ကျပ်ပြင်မြို့အတွင်းရှိ စစ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကျပ်ပြင်ရဲစခန်း၊ ကသဲရပ်ကွက် တောင်ကုန်းပေါ်ရှိ ရွှေမြင်ဝင်းကျောင်းတိုက်အတွင်း တပ်စွဲထားသည့် စစ်စခန်းတို့ကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေရာ ကျပ်ပြင်ရပ်ကွက်နှင့် ကပ်လျက်တည်ရှိသည့် ဒေါ်နန်းကြည်တောင်ပေါ်ဘုရားနယ်မြေမှ စစ်စခန်းကို ယမန်နေ့က ထိန်းချုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ လက်နက်ချကြရန် တော်လှန်ရေးအင်အားစုက ဦးစွာ ကမ်းလှမ်းခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ဘက်က လက်နက်ချဖို့ပြောနေပေမဲ့ လက်နက်မချလို့ Battle (ရင်ဆိုင်တိုက်ပွဲ) ဆိုင်နေရတယ်။ မနက်ကစပြီး ဆိုင်နေတာ။ အခုတော့ ခဏနားထားတယ်။ စခန်းတွေကို ဝိုင်းထားတာပေါ့နော်” ဟု သူက ပြောသည်။

မိုးကုတ်တွင် အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဟူ၍ နယ်မြေနှစ်ခုရှိပြီး အကွာအဝေးမှာ ၇ မိုင် ဖြစ်သည်။ ဌာနဆိုင်ရာရုံးများ တည်ရှိပြီး မြို့ကွက်ပိုကျယ်သော အရှေ့ပိုင်းတွင် တိုက်ပွဲမဖြစ်သေးပေ။ မြို့ကွက်ပိုသေးသော အနောက်ပိုင်းတွင် ကျပ်ပြင်သည် အကြီးဆုံးရပ်ကွက်ဖြစ်သည်။

အနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကုန်းမြင့်ဒေသများတွင် ရွေးချယ် စခန်းချထားခြင်း ဖြစ်သည်။ 

တိုက်ပွဲအနီးရောက်ရှိနေသည့် ကျပ်ပြင်ဒေသခံ အမျိုးသားတစ်ဦးကလည်း လူနေရပ်ကွက်တချို့တွင် နံနက် ၈ နာရီကျော်အချိန်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုများ ရှိသည်ဟု ပြောသည်။

“ကျွန်တော်တို့ထင်တာ မြို့ (အနောက်ပိုင်း) ရဲ့ ရာခိုင်နှုန်းအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက ရရှိသွားပြီ။ အခုက ရဲစခန်းနဲ့ ရွှေမြင်ဝင်းစခန်းကို တိုက်နေကြတာ” ဟု သူက ပြောသည်။

သပိတ်ကျင်းမြို့နယ်ဘက်သို့ သွားသည့် လမ်းပေါ်မှ မိုးကုတ်မြို့အဝင်ဆိုင်းဘုတ်အနီးရှိ စစ်စခန်းအပါအဝင် မြို့ပြင်စစ်စခန်းများကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားသည်ဟု သိရသည်။ သိမ်းယူရရှိသည့် စခန်းအရေအတွက်ကို မသိရသေးပေ။

ထိုးစစ်ဆင်ခြင်းခံနေရသည့် စစ်တပ်သည် ရွှေမြင်ဝင်းဘုန်းကြီးကျောင်းရှိ  စစ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်၊ ယမန်နေ့ ညပိုင်းတွင် စစ်လေယာဉ် လာရောက် ဗုံးကြဲခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။

“ဗုံးအလုံး ၂၀ လောက်ရှိမယ်ထင်တယ်၊ ကြဲသွားတာ၊ လူတချို့လည်း ထိခိုက်တယ်။ အိမ်တွေ ပျက်စီးတယ်” ဟု ကျပ်ပြင်မြို့ခံ အမျိုးသားက ပြောသည်။

ထိုဗုံးကြဲမှုကြောင့် ကျပ်ပြင်မြို့ခံ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ထားကြောင်း ဒေသခံတို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နှင့် မတ္တရာမြို့နယ်တို့တွင် TNLA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

၂၀၂၁ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များအနက် လတ်တလော ထိုးစစ်တွင် ပါဝင်နေသည့် တပ်များသည် မိုးကုတ်၊ မတ္တရာတို့တွင် နယ်မြေကျွမ်းကျင်ကြသည်။ 

မိုးကုတ်မြို့နယ်အပြင် ကျောက်မဲ၊ နောင်ချိုတို့သည် TNLA ကာလရှည် လှုပ်ရှားခဲ့သည့် ဒေသများ ဖြစ်သည်။

၂၀၂၃ နှစ်ကုန်ပိုင်းက TNLA  ပါဝင်သည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အကောင်အထည်ဖော်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သော်လည်း တရုတ်အစိုးရ၏ ဖိအားကြောင့် ရပ်ဆိုင်းခဲ့ရသည်။

ဇွန် ၂၆ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းမှာ စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု TNLA က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles