
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို ဧည့်လမ်းညွှန်အဖြစ် လိုက်ပါပို့ဆောင်ရတိုင်း မန္တလေးသို့ မကြာခဏရောက်တတ်ပါသည်။ မန္တလေးရောက်တိုင်း ကျွန်တော်တို့ ဧည့်လမ်းညွှန်များ မရောက်မဖြစ် ရောက်ကြသော နေရာမှာ အမရပူရ ရွှေမြို့တော်မှ မဟာဂန္စာရုံဘုန်းတော်ကြီးကျောင်းတိုက်ဖြစ်ပါသည်။ ထိုဘုန်းကြီးကျောင်းစာသင်တိုက်၌ သံဃာအပါး ရှစ်ရာမှ တစ်ထောင်ဝန်းကျင်ရှိတတ်ပြီး သံဃာတော်များ ဆွမ်းစားဆောင်သို့ ကြွချီလာပြီး ဆွမ်းဘုဉ်းပေးပုံမှာ ဗုဒ္စသာသနာအတွက် ကြည်ညိုဖွယ်ကောင်းလွန်းသဖြင့် တိုးရစ်များက တကူးတကလာကြည့်ကြခြင်းဖြစ်သည်။ အများအားဖြင့် မဟာဂန္စာရုံတွင် ဆွမ်းစားချိန်မြင်ကွင်းကို ပြပြီးသောအခါ ဧည့်လမ်းညွှန်များသည် ဧည့်သည်ဖြစ်သူ နိုင်ငံခြားသားများကို ခေါ်ဆောင်ကာ ဘုန်းကြီးကျောင်းနှင့် ကပ်လျက်တည်ရှိသော ကမ္ဘာကျော် တောင်သမန်အင်းဆီသို့ ချီတက်ကြစမြဲဖြစ်သည်။
တောင်သမန်အင်းရေပြင်၌ ကမ္ဘာကျော် ဦးပိန်တံတားရှိသည်။ ငှက်လှေကလေးများရှိသည်။ ဘူးသီးကျော်ဆိုင်များရှိသည်။ ဆရာတော် ဦးပညာ(အမရပူရ၏) ကျောင်းသင်္ခမ်းနှင့် မယ်ဇယ်ပင်တန်းရှိသည်။ တောင်မင်းကြီးမြတ်စွာဘုရားရှိသည်။ ချက်ချင်းရေး ချက်ချင်းရောင်းသော ဓားခြစ်ပန်းချီဆရာများရှိသည်။ လွှတ်ကြမလား ကုသိုလ်ရပါတယ်ဆိုသော စာကလေး၊ ဒီးဒုတ်၊ ဇီးကွက်ကလေးများရောင်းသော ငှက်လှောင်အိမ်များရှိသည်။ ဘော့စကိုင်းအစေ့များကို ပိုက်ဆံအိတ်လုပ်ရောင်းသော စျေးသည်များရှိသည်။ ကျောက်စိမ်းပုတီးများ လက်ကောက်ကလေးများကို မဝယ်မချင်း တောက်တဲ့ကပ်ကပ်ကာ Hello, what is your name? My name is Mya Mya ဆိုသော စကားကို နိုင်ငံခြားဘာသာ ၅ ခုလောက်နှင့် ပြောတတ်သော စျေးသည်ကောင်မလေးတွေရှိသည်။ ပြီးတော့ တောင်သမန်၏ သင်္ကေတတစ်ခုသဖွယ်ဖြစ်နေသော တောင်းရမ်းစားသောက်သူတွေ ရှိနေတတ်ပါသည်။
ကျွန်တော့်အတွေ့အကြုံအရ မြန်မာနိုင်ငံတွင် ခွက်ထိုးစီးပွားရေးသမား (သူတောင်းစားဟု ရေးရမှာ အားနာသဖြင့် ဝေါဟာရအသစ် ထွင်လိုက်ပါသည်) အပေါများဆုံးနေရာသုံးခုမှာ ဦးပိန်တံတား၊ စစ်ကိုင်းတောင်အဆင်းလမ်းနှင့် ပဲခူးမြို့တို့ဖြစ်ပါသည်။ အခြားမြို့ရွာများတွင် ကြိုးကြားကြိုးကြားသာ တွေ့ရတတ်သော်လည်း ၎င်းနေရာသုံးခုမှာလောက် ရေရှည်စွဲ၍ တစ်စုတစ်ဝေးတည်း ကုမ္ပဏီရုံးခန်းဖွင့်ကြသောနေရာ များများစားစား မရှိပါ။ ရန်ကုန်မြို့ကတော့ ထိုနှစ်နေရာပြီးလျှင် စတုတ္ထနေရာလောက် ချိတ်မည်ဟု ထင်ပါသည်။ ဟိုယခင်ကဆိုလျှင် ဦးပိန်တံတားပေါ်မှာ တောင်းရမ်းစားသောက်သူ ခွက်ထိုးသမားများ ယခုထက် ပေါများပါသည်။ အများအားဖြင့် ၎င်းတို့မှာ ကိုယ်ပျက်နေသော ကိုယ်ရေပြားရောဂါသည်များ ဖြစ်ကြပါသည်။ ကိုယ်ရေပြားရောဂါသည် မဟုတ်သူများလည်း အနည်းငယ်ရှိပါသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်ကမူ သက်ဆိုင်ရာက အရေးယူဖယ်ရှားလိုက်သောကြောင့် တံတားပေါ်တွင် တောင်းရမ်းနေကြသော ကိုယ်ပျက်နေသည့် ဝေဒနာသည်များကို သိပ်ပြီးများများစားစား မတွေ့ရတော့ပါ။ သို့သော် ထိုက်သင့်သလောက်တော့ ကျန်ပါသေးသည်။

ဦးပိန်တံတားရောက်တိုင်း ကျွန်တော် အမှတ်ရနေသော ခွက်ထိုးသမားတစ်ယောက်မှာ မျက်စိမမြင်သော လင်မယားဖြစ်ပါသည်။ မျက်စိမမြင်သည်မှာ လင်ယောက်ျားဖြစ်၍ မယားဖြစ်ဟန်တူသူကမူ ခြေအကောင်းလက်အကောင်း မျက်စိလည်းကောင်းပါသည်။ မိန်းမ၏ အလုပ်မှာ မျက်စိမမြင်သောယောက်ျားအား တွဲခေါ်ကာ လမ်းပြရပါသည်။ ယောက်ျားလမ်းလျှောက်နိုင်ရန် ဖေးမကူညီရပါသည်။ တစ်ခါတစ်ရံ သနားကြပါရှင် စသည်ဖြင့် စျေးကွက်ချဲ့ထွင်ကာ ရောင်းအားမြှင့်တင်ရပါသည်။ သူတို့လင်မယားမှာ အသက်ခြောက်ဆယ်ခန့် ရှိကြမည်ဖြစ်ပြီး ယောက်ျားမှာ မျက်စိမမြင်သည်မှအပ ကိုယ်အင်္ဂါအားလုံး အကောင်းဖြစ်ပါသည်။ ကိုယ်ပျက်နေခြင်းလည်း မရှိပါ။ နွမ်းဖတ်သောအဝတ်ကိုပင် သပ်သပ်ရပ်ရပ် ဝတ်စားထားကြပါသည်။ ထိုလင်မယားကို သတိထားမိသည်မှာ သူတို့၏ တောင်းရမ်းပုံနည်းဗျူဟာသည် သူများတကာ လုပ်ငန်းတူသူများနှင့် မတူခြားနားသောကြောင့် ဖြစ်ပါသည်။
သူတို့သည် အများသူငါ ပင်ပင်ပန်းပန်းရှာထားရသော အသပြာငွေကို မျက်ရည်ခံထိုး၍ အလကားမတောင်းပေ။ သူတို့တတ်ကျွမ်းသောနည်းဖြင့် ဖျော်ဖြေရေး Live Show ကျင်းပကာ တောင်းရမ်းခြင်းဖြစ်သည်။ ဖျော်ဖြေပုံမှာ မယ်ဒလင်လေးတစ်လက်နှင့် ဆိုတီးကလေး လက်စွမ်းပြခြင်းဖြစ်သည်။ အများအားဖြင့် လမ်းလျှောက်သွားရင်း အမျိုးသားဖြစ်သူက မယ်ဒလင်ကို တီးကာ သီချင်းကလေးညီးလေသည်။ တစ်ခါတလေ သီချင်းမဆိုဘဲ တီးလုံးသက်သက်ဖြစ်သည်။ သူတို့အမြဲတီးလေ့ရှိသော တေးသွားတစ်ပုဒ်မှာ အဆိုတော် ဒိုရာသန်းအေး၏ လှေကလေးကိုလှော်မည် ဘေးမသန်းဘဲ အေးချမ်းတော့မည် ဟူသော တေးသီချင်းဖြစ်သည်။ အခြားခွက်ထိုးသမားများမှာလည်း သူ့နည်းသူ့ဟန်ဖြင့် တောင်းကြရာ တံတားပေါ်တွင် ထိုင်တောင်းသော အခြားတစ်ယောက်မှာကား အင်္ဂလိပ်မြန်မာရောလျက် “ဟရို ဝမ်းကျပ် တူးကျပ်လောက် သနားခဲ့ပါ”ဟူသတည်း။
တရံရောအခါက ဧည့်လမ်းညွှန်အလုပ်ကိစ္စကြောင့် အနှီတောင်သမန်သို့ အမေရိကန်တိုးရစ်သုံးယောက်နှင့် ကျွန်တော်ရောက်ခဲ့ပါသည်။ မိခင်ဖြစ်သူ အသက်ခြောက်ဆယ်ခန့် အဘွားကြီးနှင့် သက်လတ်ပိုင်း သားတစ်ယောက်၊ သမီးတစ်ယောက်ဖြစ်သည်။ ဦးပိန်တံတားပေါ်မှ ခပ်ဝေးဝေးအထိ လျှောက်သွားကြမယ်ဆိုသောအခါ အမောမခံနိုင်သော အဘွားကြီးက မင်းတို့ပဲသွားကြပါ ငါဒီနေရာက စောင့်နေပါ့မယ်ဟုဆိုကာ ဦးပိန်တံတားပေါ်ရှိ သစ်သားခုံတန်းလျားတစ်ခုတွင် ထိုင်နေရစ်ပါသည်။ ကျွန်တော်နှင့် တိုးရစ်နှစ်ယောက်လည်း ဦးပိန်တံတားပေါ်တွင် ရှုခင်းကြည့်ရင်း၊ လတ်ဆတ်သောလေကို ရှူရင်း အရှေ့ဘက်သို့ လျှောက်လာခဲ့ကြပါသည်။ ထိုသို့ သွားလိုက်ရပ်လိုက်၊ နားလိုက် စကားပြောလိုက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်သွားပါသည်။ ၎င်းအပြင် တံတားအလယ်လောက် ရောက်သောအခါ ဘေးလှေကားမှ သောင်ပြင်ပေါ်သို့ ဆင်းကာ အအေးဆိုင်ထိုင်ပြီး အုန်းရေများသောက်ကြပါသေးသည်။ ထို့အပြင် ငှက်လှေစီးကြည့်ချင်သည်ဆိုသဖြင့် သမ္ဗန်တစ်စီးငှားပြီး လှေဖြင့် တံတားအောက်မှ ပြန်ကြပါသည်။ တိုတိုပြောရလျှင် ကျွန်တော်တို့သည် မူလက နာရီဝက်လောက် ကြာပါက ပြန်လာကြပါမည်ဟု သူတို့မိခင်ကြီးကို ပြောကာ စောင့်ခိုင်းခဲ့သော်လည်း တစ်နာရီကျော်ကျော် ကြာသွားပါသည်။ ကျွန်တော်တို့ပြန်ရောက်သောအခါ မိခင်ကြီးမှာ ထိုင်စောင့်နေရာတံတားပေါ်မှ လှေဆိပ်သို့ ဆင်းလာပါသည်။ ကျွန်တော်က စောင့်ခိုင်းပြီးမှာ ကြာသွားသည့်အတွက် တောင်းပန်ရာ တိုးရစ်အဘွားကြီးက “ရပါတယ် ငါလည်း ငါ့ဘာသာ ဖျော်ဖြေရေးလုပ်နေတာ“ ဟုပြောပါသည်။
ဘာတွေဖျော်ဖြေရေးလုပ်နေသနည်းဟု ကျွန်တော်တို့က မေးသောအခါ တိုးရစ်အဘွားအိုက ပြောပြသည်မှာ ကျွန်တော်တို့ထွက်သွားသည်နှင့် သူလည်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ သူနှင့် မလှမ်းမကမ်း၌ အမျိုးသမီးတစ်ယောက်သည် ဖြတ်သွားဖြတ်လာ တိုးရစ်များထံမှ တောင်းရမ်းစားသောက်နေကြောင်း ထိုအမျိုးသမီးက “ဟလို မန်းနီး မန်းနီး” ဖြင့် အော်ဟစ်တောင်းရှာပါသော်လည်း အသံထွက်မပီသ၍ မန်းရီးမန်းရီးဟုသာ သူ့နားထဲတွင် ကြားရကြောင်း။ အသံထွက်မပီသသဖြင့် တိုးရစ်များကလည်း အဖက်မလုပ်ဘဲ လှည့်၍ပင် မကြည့်ကြကြောင်း။ သူလည်း ပထမတွင် ထိုမြင်ကွင်းကို အေးအေးလူလူထိုင်ကြည့်နေသော်လည်း ခွက်ထိုးအမျိုးသမီး စျေးဦးမပေါက်တာကို မြင်သဖြင့် တတ်သည့်ပညာ မနေသာဆိုသလို ဝင်၍ ကူကြောင်း။ ကူညီပုံမှာ တိုးရစ်များဖြတ်သွားသောအခါ ဟလိုမန်းနီးမန်းနီးဟု ကူအော်ပေးကြောင်း၊ အမေရိကန်အသံထွက်စစ်စစ်ကြောင့် တိုးရစ်များက လှည့်ကြည့်ကြကြောင်း၊ ထိုအခါ တောင်းရမ်းစားသောမိန်းမကို သူက လက်ညှိုးထိုးပြကြောင်း။ ထိုအခါ တိုးရစ်များက သဘောပေါက်သွားပြီး ပိုက်ဆံများထည့်ဝင်သွားကြောင်း။ နောင်အခါတွင် လက်ညှိုးထိုးပြရန်ပင် မလိုဘဲ သူက ဟလိုဟလို မန်းနီးမန်းနီး ဟု အော်လိုက်သည်နှင့် ထိုမိန်းမက ခွက်ကို ထိုးခံပြီးဖြစ်နေကြောင်း၊ မြန်မာအမေရိကန်ပူးတွဲ၍ တောင်းရမ်းသည့် စီမံကိန်းမစ်ရှင်သည် အတော်ပင်ထိရောက်၍ တာသွားကြောင်း ခရေစေ့တွင်းကျပြောပြပါသည်။
အမှန်စင်စစ် ထိုအမျိုးသမီးကြီးသည် အမေရိကန်ပြည်ထောင်စု၌ သူဌေးကြီးတစ်ဦးဖြစ်သည်။ အနှီသူဌေးရင့်မာကြီးတစ်ယောက်သည် တောင်သမန်အင်းကိုရောက်မှ ဘယ်ကဘယ်လိုစိတ်ပါသွားသည်မသိ သူဖုန်းစားပါတီတွင် မန်ဘာအသစ် ဖြစ်သွားပေတော့သည်။ ရေမြေကိုလိုက်၍ မြန်မာပြည်ရောက်ခိုက် ယာစကာစိတ်ပေါက်သွားသလား၊ ငရုတ်သီးနှင့် အပေါင်းအသင်းမှား၍ ကြက်သွန်မှာ ရောအထောင်းခံရခြင်းပေလော၊ သို့တည်းမဟုတ် တစ်သက်လုံး တောင်းရမ်းချင်သော မွေးရာပါဗီဇစိတ်သည် မအောင့်အည်းနိုင်ဘဲ မြန်မာ့မြေတွင် ခေါင်းထောင်ထလာခြင်းပေလော၊ လူလူချင်း ကူညီချင်စိတ်သက်သက်ပေလော ဟူသည်ကား သူပဲသိပေတော့မည်။ ဤကား ကျွန်တော်ကြုံတွေ့ခဲ့သော တောင်သမန်အင်းစပ်မှ ဇာတ်လမ်းဖြစ်ပေသည်။
ပဲခူးတွင်တောင်းပုံမှာ ပို၍ ရုပ်ပျက်လေသည်။ သူဖုန်းစားခွက်ထိုးသမားများသည် တိုးရစ်ကို ပစ်မှတ်ထား၏။ တိုးရစ်လာရာလမ်းကြောင်းကို မှန်းဆရာ၌ ခရီးသွားကုမ္ပဏီများထက် တော်၏။ သူတို့သည် နေရာတကာသို့ နေပူခံကာလျှောက်မသွားပေ။ နေ့လယ်စာမစားမီ အချိန်လောက်ဆိုလျှင် ကြခတ်ဝိုင်းဘုန်းကြီးကျောင်းအထွက်မှ စောင့်တောင်း၏။ ထိုဘုန်းကြီးကျောင်းမှာ မန္တလေး မဟာဂန္စာရုံကျောင်းလိုပင် နာမည်ကျော်သဖြင့် သံဃာတော်များဆွမ်းစားချိန်တွင် တိုးရစ်များ လာကြည့်ကြသည်။ ထိုအချိန်ကောင်းကို စောင့်ပြီး ဘုန်းကြီးကျောင်းအထွက်မှ စောင့်၍ တောင်းခြင်းဖြစ်သည်။
ဆွမ်းစားပြီးချိန် တိုးရစ်များလူစုကွဲသောအခါ ခွက်ထိုးဘစ်စနက်သမားများသည် နေရာရွှေ့ကြပြန်ကုန်၏။ ဤတစ်ကြိမ်တွင်မူကား မလွဲနိုင်သောနေရာများဖြစ်သည့် ပဲခူးတွင် တိုးရစ်များအများဆုံး နေ့လယ်စာစားသုံးရာ စားသောက်ဆိုင်နှစ်ဆိုင်ဖြစ်သည့် ဟံသာဝတီစားသောက်ဆိုင်နှင့် သရီးဖိုက်စားသောက်ဆိုင်တို့ရှေ့မှ နှစ်ဖွဲ့ခွဲ၍ ပိတ်စောင့်ကြရာ တိုးရစ်များနှင့် ဧည့်လမ်းညွှန်များမှာ ပြေးစရာမြေမရှိ ကြတော့ပေ။ တောင်သမန်အင်းနှင့် ကွာသောအချက်မှာ ပဲခူးမှ ခွက်ထိုးသမားများမှာ သူတို့ကို သနားသည်ထက်သနားလာစေရန် ကိုယ်ပိုင်လား၊ နေ့စားဖြင့် ငှားထားသည်လား မသဲကွဲသော နို့စို့အရွယ်ကလေးများကို ကိုယ်စီကိုယ်င ချီပိုး၍ တောင်းရမ်းကြခြင်းဖြစ်သည်။ ကလေးများမှာလည်း ငိုယိုခြင်းမရှိဘဲ တညီတညွတ်တည်းပင်(ဘာမီတွန်များ တိုက်ထားသည့်သဖွယ်) အိပ်မောကျနေကြပေ၏။
ထိုမြင်ကွင်းကို တွေ့သောအခါ စေတနာကောင်းသောတိုးရစ်များက မြန်မာကျပ်ငွေ၊ ဒေါ်လာ၊ ဘတ်ငွေ စသည်များကို ပေါပေါများများထည့်ဝင်ကြပေ၏။ အချို့ကမူ သူတို့က တကယ်စားစရာမရှိလို့ တောင်းနေတာလား၊ ဂိုဏ်းဖွဲ့ပြီးတောင်းနေတာလား၊ သူတို့က ကျောင်းမနေကြဘူးလား၊ ကျောင်းမနေရင် အစိုးရက အရေးမယူဘူးလား၊ အစိုးရက လူမှုဖူလုံရေးအထောက်အပံ့တွေ မပေးဘူးလား၊ မြန်မာပြည်မှာ အလုပ်လက်မဲ့နှုန်းက ဘယ်လောက်ရှိသလဲ စသည်ဖြင့် လျှာကြောရှည်နေကြပေရာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပါသော်လည်း ထမင်းစားချိန်တွင် ထမင်းကောင်းကောင်းမစားရဘဲ အပိုဆာဒါးများနှင့် ဝိုင်းဝိုင်းလည်လာကြသောကြောင့် ဧည့်လမ်းညွှန်မှာ ကျွဲမြီးတိုလာကာ လက်ထဲတွင် အသင့်ကိုင်လာသော ကင်မရာဖြင့် ထိုးချိန်လိုက်မှ(သက်ဆိုင်ရာသို့ သက်သေသက္ကာယဖြင့် တိုင်မှာစိုးသဖြင့်) ခွက်ထိုးသမားများမှာ ပြေးသူပြေး ပုန်းသူပုန်း ဆဲသူကဆဲ မြည်တွန်တောက်တီးကာ လူစုကွဲလေသည်။
ဤသည် ကားလမ်းပေါ်မှ မာဒင်္ဂ ဂိုဏ်းဝင်များအကြောင်းပေတည်း။ လမ်းပေါ်တွင်မတောင်းဘဲ အရိပ်ထဲ၊ ရုံးခန်းထဲ၊ အချို့ အဲကွန်းခန်းထဲမှတောင်းသော သူများကား ပို၍ နည်းဗျူဟာစနစ်ကျကာ သေသေသပ်သပ်ရှိကြပေသည်။ ကျွန်တော့်အသိ စာရေးဆရာတစ်ယောက် စင်ကာပူတွင် အလုပ်သွားလုပ်ပြီး ရန်ကုန်သို့ အပြီးပြန်လာခဲ့ရာ ရန်ကုန်လေဆိပ်၌ “ဆရာက နိုင်ငံခြားမှာ ငါးနှစ်တောင်နေခဲ့တာဆိုတော့ တော်တော်စုမိမှာပဲ ကျွန်တော်တို့ကို မုန့်ဖိုးလေးပေးခဲ့ပါဦး“ ဟု ဝန်ထမ်းတစ်ယောက်က တောင်းသဖြင့် စင်ကာပူဆယ်ဒေါ်လာ ပူဇော်ပသခဲ့ရသည်ဟူ၏။ တစ်ယောက်ဆယ်ဒေါ်လာနှုန်းဖြင့် တွက်လျှင် ရန်ကုန်လေဆိပ်သို့ နေ့စဉ် လူအဝင်အထွက်မပြတ်သဖြင့် ဝင်ငွေမှာ နည်းမည်မဟုတ်ပေ။ အမှန်က ကျွန်တော့်မိတ်ဆွေမှာ ကျန်းမာရေးမကောင်းသဖြင့် အလုပ်ထွက်ကာ မြန်မာပြည်တွင် ဆေးကုရန် ပြန်လာခြင်းဖြစ်သည်။ ကားမောင်းသူအချို့မှာလည်း လှည့်ကင်းအဖွဲ့က တားလျှင် ဆင်များ ခြင်္သေ့များဖြင့် ရှင်းကြရ၏။ ပါမစ်လျှောက်သောသူမှာလည်း ပါမစ်ကျလိုလျှင် ပေးကြရပြန်၏။ ကျောင်းပြောင်းချင်သော ကျောင်းသားထံမှလည်း ကျောင်းအုပ်ကြီးများသည် တောင်းကြပြန်၏။ ဝန်ထမ်း နေရာကောင်းသို့ ပြောင်းလိုလျှင် လုပ်ပိုင်ခွင့်ရှိသော အရာရှိကလည်း ဂါရဝပြုငွေအလိုရှိပေသည်။ ကန်ထရိုက်လုပ်ငန်းကြီးကြီး ရလိုပါလျှင်လည်း နားလည်မှုရှိဖို့လိုသည်။
ကျွန်တော့်မိတ်ဆွေတစ်ဦး၏ သမက်သည် နယ်စပ်မြို့တစ်မြို့သို့ အကောက်ခွန်ဝန်ထမ်းတစ်ယောက်အနေဖြင့် ပြောင်းရွှေ့သွားပြီး ခြောက်လအတွင်းမှာပင် ရန်ကုန်မြို့ဆင်ခြေဖုံး၌ အိမ်တစ်လုံး ဝယ်နိုင်သွားလေသည်။ ကျွန်တော့်ငယ်သူငယ်ချင်းတစ်ယောက်မှာလည်း ဆယ်တန်း တဗုန်းဗုန်းကျနေသဖြင့် သူတို့အမျိုးများက (ဟိုစဉ်က) အစိုးရဓာတ်ဆီဆိုင်၌ အကူပန့်ကိုင်စာရေးအဖြစ် သွတ်သွင်းပေးလိုက်ရာ လခနည်းသော်လည်း သုံးနှစ်အတွင်းမှာပင် တိုက်နှင့်ကားနှင့် ဖြစ်သောဟူ၏။ ဆည်မြောင်းဦးစီးဌာနမှ ယာဉ်မောင်း(ဒရိုင်ဘာ)သည်ပင်လျှင် မယားသုံးလေးယောက်ကို တင့်တင့်တယ်တယ် ထားနိုင်သည်အထိ အချို့ပုဂ္ဂိုလ်များ ဝင်ငွေကောင်းခဲ့ကြပေသည်။ အချို့…… အရာရှိအချို့မှာလည်း ရာထူးတာဝန်ထမ်းဆောင်ရင်း အောင်ဘာလေထီများ ဆယ်ခါပြန်ပေါက်သည် ထင်ရ၏။ သိန်းထောင်ကျော်တန် ကားကြီးများကို စီးနိုင်ကြပေသည်။ မြေစာရင်းဌာနနှင့် အခွန်ဦးစီးမှူးများမှာလည်း ငွေဝင်ဂါထာရှိကြပေကုန်၏။ အကျဉ်းဦးစီးဌာနနှင့် ရဲအရာရှိကြီးများ၊ တရားသူကြီး၊ ဥပဒေအရာရှိ၊ စည်ပင်အရာရှိများ၏ အိမ်တွင်လည်း လာဘ်ရွှင်ဂမုန်းတို့ တိုးတက်ဖြစ်ထွန်းကြကုန်၏။ အစိုးရဌာနအသီးသီး၏ ယန္တရားသည် ဆီမထည့်လျှင်မလည်သော အညာမှ ဆီဆုံအဟောင်းကြီးကဲ့သို့ ဆီထည့်မှ တကျွီကျွီ လည်ကြကုန်၏။
ထိုရောအခါ ကျွန်တော်သည် မြင်ခဲ့တွေ့ခဲ့ဖူးသော တောင်သမန်အင်းနှင့် ပဲခူးမှ ပုဂ္ဂိုလ်များကို သတိရလွမ်းဆွတ်မိပါသည်။ အကယ်စင်စစ် အလုပ်ချင်းတူသော်လည်း အကြံတူ နောက်လူသာစမြဲဟူသော စကားပုံအရ သူတို့လုပ်သော အလုပ်မျိုးကိုပင်လုပ်၍ သူတို့ထက် မြင်းမိုရ်တောင်နှင့် ဆီးစေ့လောက် ကွာဟနေသော ဘဝများကို မြင်ယောင်မိလေသည်။ လမ်းဘေးမှ ကယ်ပါနှင့် စောရများမှာမူကား ဘိစနက်မဟာဗျူဟာ နည်းစနစ် ချွတ်ယွင်းညံ့ဖျင်းမှုကြောင့် “ဟယ်လိုမန်းနီး“ အဆင့်မှ မတက်နိုင်ကြသေးပါတကား။