အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ္မတူတွင် TNLA နှင့် RCSS တိုက်ပွဲဖြစ်ပြီး ဒေသခံ ၂၅၀ ကျော် တိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် နားကျဲရွာအနီး၌ ယမန်နေ့ (ဒီဇင်ဘာ ၉) နံနက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၅၀ ကျော် တိမ်းရှောင်နေရသည်။

နမ္မတူမြို့၏အရှေ့ဘက် ၁၅ မိုင်ခန့်အကွာတွင် RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးအသုံးပြု ပစ်ခတ်မှုများရှိသဖြင့် အနီးအနားရှိ ပိန်းလုံရွာ၊ နားကျဲရွာ၊ ကွန်ကျောင်းရွာ၊ နားကျိုင်းရွာ စသည့် ကျေးရွာ ၄ ရွာမှ ရာချီသောဒေသခံများသည် နားကျဲရွာမှ သုံးမိုင်အကွာ မန်စံကျေးရွာသို့ တိမ်းရှောင်လာခြင်း ဖြစ်သည်။

“အန္တရာယ်ကင်း ရှောင်တာပေါ့။ မိုင်း၊ ဗုံးလို သေနတ်သံတွေကြားတော့ ကြောက်လို့ ပြေးလာတာပေါ့။ ရွာမှာတော့ ထိခိုက်မှုမရှိဘူး။ အေးအေးဆေးဆေးပဲ စီးပွားရေးလုပ်ချင်တယ်။ စစ်ပွဲတွေ မရှောင်ချင်တော့ဘူး။ အိမ်မှာပဲ နေချင်တော့တယ်” ဟု  စစ်ရှောင်လာသော အသက် ၃၀ အရွယ် နားကျိုင်းရွာသူ နန်းဥမ္မာက ပြောသည်။ 

လတ်တလောတွင် စစ်ရှောင်လာသူများကို ရွှေစကားဝါ မန်စံမြောက်ကျောင်းတွင် နေရာချထားပေးပြီး ရွာတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည်ဟု မန်စံရွာခံ ဦးစိုင်းကျော်က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မနက် ၇ နာရီလောက်မှာ နမ့်မီချောင်းတစ်ဖက်ကနေ လက်နက်ကိုင်တစ်ဖွဲ့က ကူးလာပြီး နားကျဲရွာထဲမှာ တိုက်ပွဲဖြစ်တာ။ မနက် ၁၀ နာရီလောက်အထိ တိုက်ပွဲဖြစ်တာ။ TNLA က တစ်ဖက်ကမ်းကို ကူးလာတယ်။ RCSS က ဒီဘက်မှာ ထိုင်နေတယ်။ ၂၀၂၀ ထဲမှာ ဒါက ဒုတိယအကြိမ်ဆိုပေမဲ့ အရင်တစ်ခါက ဖြစ်တယ်ဆိုတာ နယ်မကျော်ကြဘူးပေါ့။ ဒီတစ်ခါတော့ တံတားကျော်လာလို့ ဖြစ်ကြတယ်” ဟု ၎င်းက ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းရင်းမှာ TNLA ဘက်က စွပ်စွဲသကဲ့သို့ နယ်မြေကျော်လွန်လှုပ်ရှားခြင်းကြောင့် မဟုတ်ဘဲ အဆိုပါနယ်မြေတွင် ၎င်းတို့၏တပ်များ လှုပ်ရှားလာသည်မှာ နှစ် ၃၀ ခန့် ရှိပြီဟု RCSS/ SSA ၏ လူထုဆက်ဆံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

“RCSS အနေနဲ့ ပြည်သူလူထု တောင်းဆိုတဲ့အတိုင်း သဘောထားရှိတယ်။ အခု ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးတောင် တပ်မတော်ကအစ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းက မဖြစ်သင့်ဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။ 

RCSS အတွက် တပ်မတော်က လက်နက်ကြီးဖြင့် ကူပစ်ပေးကြောင်း ဒေသခံများ၏ ပြောဆိုမှုမှာလည်း မမှန်ကန်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဆိုသည်။ 

တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ယနေ့ (ဒီဇင်ဘာ ၁၀) တွင် တိုက်ပွဲဖြစ်ပွားမှု မကြားရသောကြောင့် တိုက်ပွဲဆက်မဖြစ်ပါက နေရပ်ပြန်ရန် စဉ်းစားနေသည်ဟု စစ်ရှောင်များက ပြောသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ထက်မနည်း လှုပ်ရှားမှုများ ရှိနေပြီး ဒေသခံများ မကြာခဏ စစ်ရှောင်နေရသောဒေသလည်း ဖြစ်သည်။ 

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်ပြီး TNLA မှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် တပ်မတော်နှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button