အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်တွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အမျိုးသမီး ၁ သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ကျောက်တော်မြို့ အရှေ့မြောက်ဘက် ၇ မိုင်ခန့် အလယ်ကျွန်းကျေးရွာကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲခဲ့ခြင်းဖြစ်သည်ဟု အသက် ၅၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၃) မွန်းလွဲပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးလသားအရွယ် ကလေးတစ်ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရရှိသွားသည်။

ကျောက်တော်မြို့ အရှေ့မြောက်ဘက် ၇ မိုင်ခန့် အလယ်ကျွန်းကျေးရွာကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးပြီး ပြန်လာသည်ဟု ယူဆရသည့် လေယာဉ်က ဗုံးနှစ်လုံးကြဲခဲ့ခြင်းဖြစ်သည်ဟု အသက် ၅၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၃၂ နှစ်အရွယ် ဒေါ် ခင်အေးနုဖြစ်ပြီး ဒဏ်ရာရသူများတွင် ဒေါ်ခင်အေးနု၏ သားသမီးများဖြစ်သော သုံးလသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မခိုင်နုဝါတို့လည်း ပါဝင်ပြီး ကျန်ထိခိုက်သူ ၁၀ ဦးအနက် မခိုင်အေးဆန်း (၂၁ နှစ်)၊ မခိုင်ခိုင်စိုး( ၂၉ နှစ်)၊ မသိန်းဦးနွယ်(၁၈ နှစ်)၊ မစောနွယ် (၃၁ နှစ်)၊ မခိုင်ခိုင်ညွန့် (၃၂ နှစ်) ၊ မဦးမေဆန်း (၃၀ နှစ်)၊ မောင်မျိုးချစ်အောင် (၂ နှစ်) ၊ မောင်မင်းခန့်ကျော် (၄ နှစ်)၊ မောင်အောင်ခိုင်လင်း (၆ နှစ်) ဆိုသူတို့ဖြစ်ကာ ကျန်တစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရပေ။

အလယ်ကျွန်းရွာမှ ၅ မိုင်ခန့်ဝေးသည့် တောင်ရှည်တောင်ဗျူဟာကုန်း အခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၅ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူပေးကြောင်းလည်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေ၍ စိုးရိမ်စိတ်ဖြင့် နေအိမ်တွင် နေထိုင်နေကြစဉ် ဗုံးကြဲခံရခြင်းဖြစ်ပြီး နေအိမ်ငါးလုံး ပျက်စီးသွားကာ နေအိမ်များမှ ဒေသခံများပါ သေဆုံး ဒဏ်ရာရသည်ဟု အထက်ပါ အလယ်ကျွန်းရွာသားက ဆိုသည်။

“အဲဒီကောင် (လေယာဉ်) က ဝုန်းခနဲ လာပြီးတော့ မပတ်ခဲ့ဘူး။ တစ်ခါတည်း ဗုံးချတာ။ ပြီးတော့ ပတ်ပြီး နောက်တစ်လုံး ချတယ်။ ကိုက် ၂၀၀ လောက်စီပဲ ကွာတယ်”

ဒဏ်ရာရသူများအနက် သေဆုံးသူ အမျိုးသမီး၏ ရင်ခွင်ပိုက်ကလေးငယ်မှာ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒဏ်ရာပြင်းထန်တာက သေဆုံးသူအမျိုးသမီးရဲ့သားလေး၊ သူ့မှာ ကုပ်ပိုးကို ဗုံးစတွေ ထိသွားတယ်။ ပြီးတော့ သူ့သမီးမှာလည်း မျက်နှာတွေ၊ နှုတ်ခမ်းတွေမှာ ထိသွားတယ်”

လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဒဏ်ရာရရှိသူများကို ကျောက်တော်မြို့ ဆေးရုံသို့ မပို့ဆောင်နိုင်သေးဘဲ အနီးအနားရှိ ဆေးခန်းများတွင် ကုသနေရသည်ဟု ဆိုသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိ အလယ်ကျွန်းကျေးရွာတွင် လူဦးရေ ၂၀၀၀ ကျော် နေထိုင်ပြီး တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲခံရသည်ဟုလည်း အထက်ပါ ရွာသားက ပြောသည်။

“သိပ်စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ နောက်ထပ်လည်း ခုလိုလာပြီး ဗုံးချမှာကို ကျွန်တော်တို့ရပ်ရွာကလူတွေ အထိတ်တလန့်ဖြစ်နေကြရတယ်”

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း တင်းမရွာနှင့် ၅ မိုင်ခန့်အကွာရှိ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးများ ၃ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အသက်သုံးနှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦးလည်း ဒဏ်ရာအပြင်းအထန်သည်ဟု ကျောက်တော်ဒေသခံများနှင့် AA ထုတ်ပြန်ချက်များအရ သိရသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ “တောင်ရှည်တောင်ဗျူဟာကုန်း” ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု သိရသည်။  

“၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် နိုဝင်ဘာ ၁၃ မှစ၍ ရခိုင်ပြည်နယ်တွင် AA က တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၄) အထိ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ် တစ်နံတစ်လျားတွင် စစ်တပ်လက်အောက်ခံ​စခန်းပေါင်း ၁၄၇ ခု သိမ်းပိုက်ထားသည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles