အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ် မင်းပြားမြို့မှ မြောက်ဦးသို့ စစ်တပ်ရွှေ့ပြောင်းစဉ် AA ကြားဖြတ်တိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ မြောက်ဦးမြို့သို့ တပ်ပြောင်းရွှေ့သည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဒီဇင်ဘာ ၁၃) တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၄ နာရီနီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြု ပြန်လည်တိုက်ခိုက်သည်ဟု သိရသည်။

မြောက်ဦးမြို့နှင့် နယ်မြေချင်း ထိစပ်နေသည့် မင်းပြားမြို့နယ် ပန်းမြောင်းရွာရှိ ဘုရားတောင်၊ ထိုနေရာနှင့် ၃ မိုင်ခန့်အကွာ တောင်ဖြူတောင်ပေါ်တို့တွင် အထိုင်ချထားသည့် တပ်စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ မြောက်ဦးမြို့ရှိ ရဲစခန်းသို့ ပြောင်းရွှေ့လာစဉ် AA တပ်သားများက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်။

အင်အားရာချီရှိသည့် စစ်ကောင်စီတပ်သားများ မြောက်ဦးမြို့ အရှေ့ဘက်သို့ ရောက်ရှိစဉ် AA က မိုင်းဆွဲတိုက်ခိုက်ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဗျူဟာကုန်းနှစ်ခုက စကစဘက်ကနေ တပ်စွန့်ခွာပြီးတော့ မြောက်ဦးဘက်အခြမ်းကို ကူးလာတယ်။ မိုင်းခွဲခံရတာရယ်၊ ဝိုင်းအပစ်ခံရတယ်ဆိုတော့ အထိခိုက်များတော့ လေယာဉ်နဲ့ လာပစ်တယ်။ စေတီတွေ၊ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ပတ်ပတ်လည်တွေ AA ရှိမယ်လို့ သူတို့ထင်တဲ့နေရာတွေကို“ ဟု ဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီလေတပ်က မြောက်ဦးမြို့တစ်ဝိုက်ကို လေကြောင်းဖြင့် တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်သည်၊၊ ပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ရှေးဟောင်းသမိုင်းဝင်နယ်မြေအတွင်းက စေတီတော်များ ကျည်ထိ ပျက်စီးမှုများရှိခဲ့သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေတပ်သည် မြောက်ဦးမြို့အရှေ့ဘက် သက္ကျမာရ်အောင်ဘုရားအနီးနှင့် မြို့မြောက်ဘက်ရှိ မင်္ဂလမာရ်အောင်စေတီတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ ယနေ့ (ဒီဇင်ဘာ ၁၄) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ရှေ့ဟောင်းသမိုင်းဝင်နယ်မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရားသိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့ကို ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုအခြေအနေကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ စတင်၍ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်တို့တွင် အခြေစိုက်သည့် စစ်တပ်စခန်းတချို့က မြို့အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်း၊ ရေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုများအပြီး စစ်ကောင်စီတပ်က ကုလားတန်မြစ်ဝအတွင်း စက်လှေ၊ သမ္ဗန်လှေများမှ အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူ စုစုပေါင်း ၅၃ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးမှုများမှာ စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုတို့၏ မြေပြင်ထိုးစစ်ကို ပြန်လည်ရင်ဆိုင်နိုင်ခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့အနီး တိုက်ပွဲဖြစ်ပွားမှုကို စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ၎င်းတို့ ဝါဒဖြန့်သတင်းစာတွင် အတည်ပြုပြောဆိုထားသော်လည်း လေကြောင်းပါ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် အရပ်သားများကို ဖမ်းဆီးထားမှုအခြေအနေများကိုမူ ထည့်သွင်းပြောဆိုထားခြင်းမရှိပေ။

“တပ်ကို မြောက်ဦးမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဘုရားတွေကြားထဲမှာပဲ ဘုရားစေတီတွေကြားထဲမှာပဲ AA အနေနဲ့ ခံကတုတ်တွေ၊ ယာယီနေရာတွေ ပြုလုပ်ပြီး ပစ်ခက်တိုက်ခိုက်ခဲ့တာ ရှိပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုထားသည်။

AA အပါအဝင် ၎င်းတို့ကို ခုခံတွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများကို လူမှုစီးပွားရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇော်မင်းထွန်းက ပြန်လည်ပြစ်တင်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button