အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်အနီး ရေတာရှည်မြို့နယ်တွင် တိုက်ပွဲများဖြစ်နေ

နေပြည်တော်နှင့် မိုင် ၅၀ ကျော်ခန့်သာ ဝေးသည့် ရေတာရှည်မြို့နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးနေသည်ဟု သိရသည်။

နေပြည်တော်နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာများတွင် တိုက်ပွဲများဖြစ်နေကာ တစ်ပတ်အတွင်း အရပ်သား ၄ ဦး၊ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးသည်ဟု ပဲခူးတိုင်း PDFနှင့် ဒေသခံတို့က ပြောသည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ရေတာရှည်လေးနှင့် အင်ကြီးပေါက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အရပ်သားသေဆုံးမှုမှာ ရေတာရှည်မြို့နယ် အထိုင်တပ် ၆၀၄ နှင့် ဆွာမြို့နယ်မှ အမှတ် ၁၉ ခြေမြန်တပ်ရင်းတို့က တော်လှန်ရေးသမားများ သွားလာနိုင်သည့် နေရာတို့ကို လက်နက်ကြီးဖြင့် ပစ်လေ့ရှိခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးမှ ဘုန်းတော်ကြီးတစ်ပါးနှင့် အင်ကြီးပေါက်ရွာမှ အရပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုနေ့က စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦး သေဆုံးသည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သို့သော် စစ်ရေးအခြေအနေ အသေးစိတ်ပြောရန်ကိုမူ ငြင်းဆိုသည်။

ယင်းတိုက်ပွဲအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးကမူ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ပြောသည်။

“ဗိုလ်အလောင်းတွေတောင် ပြန်ထမ်းလာခဲ့ရတာ၊ အသေတွေ ပြန်ထမ်းလာတာလည်း ရှိတယ်၊ ဒဏ်ရာရပြီး လမ်းမှာတင် သေသွားတာတွေလည်း ရှိတယ်။ အငယ်တွေကတော့ ထားခဲ့ပြီး မြေမြှုပ်ခဲ့ကြတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ကုန်း၊ နကျပ်၊ ရှမ်းစု၊ အင်းကြီးပေါက်၊ ရွာငံတို့တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲအများဆုံးဖြစ်လေ့ရှိသည်ဟုလည်း သူက ဆိုသည်။

“စစ်တပ် သွားပစ်လိုက်၊ ပြန်လာလိုက်နဲ့ PDF တွေရှိတဲ့ ရွာတွေက အလာကို မခံတာ၊ ရောက်တာနဲ့ တန်းပစ်တာပဲ” ဟု ဒေသခံ အမျိုးသားက ပြောသည်။

နိုဝင်ဘာ ဒုတိယအပတ်အတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး အင်ကြီးပေါက်ရွာမှ နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံရသည်၊ လူမရှိသည့် နေအိမ်အတွင်းမှ ပစ္စည်းများကိုလည်း ယူသွားသည်ဟု စစ်ဘေးရှောင်နေရသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပစ္စည်းခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရနိုင်သေးပေ။

လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပိတောက်ကုန်း၊ ရေတာရှည်လေး၊ အင်းကြီးပေါက်ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရသည်။ တိုက်ပွဲမရှိသည့် ကျေးရွာများသို့ သွားရောက်ပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများအိမ်တွင် နေထိုင်နေကြရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တောင်ငူ-ရေတာရှည်-ဆွာ စသည့် မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းရုံး (KNU) ၏ တပ်မဟာ (၂) လှုပ်ရှားနယ်မြေ ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးထံ ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button