အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းပြည်နယ် တွန်းဇံတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဦးသေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားရာ နေရာနှစ်ခုကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား၁ ဦး ထိခိုက်သေဆုံးခဲ့သည်။

တွန်းဇံမြို့မြောက်ဘက်ရှိ စစ်တပ် စခန်းကုန်းနှင့် ရဲစခန်းကို ဩဂုတ် ၁ နှင့် ၂ တို့တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဂဏန်းရှိ စခန်းကုန်းနှင့် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့ ဖြတ်သန်းသွားလာသည့် ဒေသခံနှစ်ဦး ပစ်ခတ်ခံရစဉ် တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားရင်း ရဲစခန်းရှေ့တွင် ပစ်ခတ်ခံရသည့် အမျိုးသား သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ဆေးကုသမှုခံယူနေသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်ဘေးရှောင်ဖို့သွားတဲ့ ဆိုင်ကယ်တစ်စီး၊ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက်၊ (စစ်တပ်က) အပေါ်ကနေ လှမ်းပစ်လိုက်တာ။ လမ်းပေါ်မှာ သွားတဲ့သူကို စကစဘက်က ပစ်လိုက်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် တပ်စွဲထားရာ နေရာများကို စတင်တိုက်ခိုက်သည့် ဩဂုတ် ၁ ရက်နေ့တွင်လည်း CDF – Hualngoram အမည်ရ ဒေသကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် Lalramchuana သေဆုံးခဲ့ပြီး အခြားအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

CDF – Hualngoram မှ သေဆုံးသူတပ်ဖွဲ့ဝင် Lalramchuana

“ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတော့ တပ်ပြန်ဆုတ်ရတဲ့ အနေအထားရှိတယ်။ နောက်တစ်နေ့ မနက်ကနေ ပြန်တိုက်တယ်။ အခြေအနေက တော်တော်တင်းမာမှုရှိတယ်။ စကစဘက်က အကျအဆုံးများတယ်။ စခန်းသိမ်းတိုက်ပွဲပုံဖော်တော့ အနီးကပ်တိုက်ခိုက်မှုတွေရှိတော့ စကစဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်” ဟု CDF Hualngoram မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိ သီးခြားအတည်မပြုနိုင်ပေ။

လူသူလက်နက်အင်အား မမျှသဖြင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် ကလေး၊ ကဘော်နှင့် ဂန့်ဂေါဒေသများတွင် လှုပ်ရှားနေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – KKG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် CDF (Hualngoram), CDF (KKG), CDF (Tongzam) နှင့် People Defense Army (PDA) အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

တွန်းဇံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

တောင်ကုန်းတောင်တန်းထူထပ်ရာ တွန်းဇံမြို့နယ်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ လူဦးရေ သုံးသောင်းခွဲကျော် နေထိုင်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ တော်လှန်နေကြရာ လက်နက်ကိုင်ခုခံမှု အပြင်းထန်ဆုံးဒေသများအနက် တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှအပ တစ်ပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) တို့ကို စစ်ရေးအရှိန်မြှင့်တင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်လဆန်းက ထုတ်ဖော်ပြောကြားပြီးနောက် ထိုဒေသများတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles