အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အစိုးရဖြုတ်ချရေး ဆန္ဒပြခဲ့သည့် အမျိုးသားရေးဘုန်းကြီး ထောင် ၁ နှစ် ချမှတ်ခံရ

အစိုးရနုတ်ထွက်ပေးရန် သပိတ်စခန်းဖွင့် ဦးဆောင်တောင်းဆိုခဲ့မှုကြောင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသော ဘုန်းကြီးတစ်ပါးကို ဗဟန်းမြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။

ဦးပညာဝံသနှင့် အမျိုးသားရေးလှုပ်ရှားသူဆိုသူများသည် အစိုးရကို အလိုမရှိကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့တွင် ၂၀၁၇ ဩဂုတ် ၂ မှ ၅ အထိ လေးရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

၎င်းသည် လူအင်အား ရာချီနှင့်အတူ အမျိုးဘာသာ သာသနာကို နှိမ့်ချသည့် အစိုးရအလိုမရှိ၊ အပြောနှင့်အလုပ် ထပ်တူမကျ ကတိမတည်သော အစိုးရအလိုမရှိ ၊ တိုင်းရင်းသားအရေးလျစ်လျူရှု၍ ကုလားအရေးဦးစားပေးသည့် အစိုးရအလိုမရှိ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးသည့်အစိုးရ ဖြုတ်ချရေး၊ ဘင်္ဂါလီကို ဘင်္ဂါလီဟု မခေါ်သည့် အစိုးရဖြုတ်ချရေး ဒို့အရေးစသည်တို့ကို ကြွေးကြော်ဆန္ဒထုတ်ဖော်သည်ဆိုကာ ဗဟန်းမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်နောင်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ ဗဟန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅ (ခ) အရ “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်” အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိလျှင် ကျူးလွန်သူကို ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးပညာဝံသကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သော်လည်း ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုသဖြင့် ၎င်းမှာ ယနေ့တွင်ပင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးပညာဝံသသည် တရားစွဲဆိုခံခဲ့ရသည့် ၂၀၁၇ တွင် ယင်းအမှုကို ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ဝရမ်းပြေးအဖြစ် ရှိနေခဲ့ကာ ၂၀၁၉ ဇွန် ၁၀ တွင် ပြုလုပ်ခဲ့သည့် ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် ထပ်မံအမှုဖွင့်ခံရပြီးနောက် ယင်းနေ့တွင်ပင် ရဲက ၎င်းကို ဖမ်းဆီးခဲ့သည်။

ဦးပညာဝံသက ၎င်းသည် တုပ်ကွေးနှင့် သွားကိုက်ရောဂါ ခံစားနေခဲ့ရသဖြင့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ မသွားရောက်ကြောင်း တရားခွင်တွင် ငြင်းဆိုသော်လည်း ဆေးလက်မှတ်ကဲ့သို့ သက်သေခိုင်လုံအောင် မတင်သွင်းနိုင်သဖြင့် ပြစ်မှုထင်ရှားသည်ဆိုကာ မြို့နယ်တရားသူကြီးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အမျိုးသားရေးလှုပ်ရှားမှုများ၊ ဦးဝီရသူထောက်ခံပွဲများ၊ အစိုးရအပေါ် ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်လေ့ရှိသူတစ်ဦး ဖြစ်သည်။

ဦးပညာဝံသမှာ ဗဟန်းမြို့နယ်တွင်ပင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရမှုရှိကြောင်း ဗဟန်းမြို့နယ်တရားရုံးရှိ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးစောထွန်းအေးက Myanmar Now ကို ပြောသည်။ သို့သော် ထိုအမှုနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။

ဦးပညာဝံသကို အမိန့်ချသည့် ယနေ့တွင် အမျိုးသားရေးလှုပ်ရှားသူများဟုဆိုသည့် ဝင်းကိုကိုလတ်၊ သီဟမျိုးနိုင်နှင့် အမျိုးသားရေးဆရာတော်အချို့ အပါအဝင် ၅၀ ဦးခန့်သည် ဗဟန်းမြို့နယ်တရားရုံး၌ လာရောက် ဝန်းရံခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button