အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကားလမ်းတွင် စစ်ဆေးနေစဉ် စစ်တပ်နှင့် ဆက်နွှယ်နိုင်သူ ၄ ဦးကို KNU ဖမ်းဆီး

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို စစ်ဆေးနေစဉ် စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

ယမန်နေ့ (ဇွန် ၁၈) နံနက် ၇ နာရီမှ စတင်၍ KNU က လမ်းမကြီးတစ်လျှောက် ၃ နေရာခွဲ၍ စစ်ဆေးခဲ့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“ထုတ်ပြန်ချက်အပြီး ဆောင်ရွက်မှုကို အကောင်အထည်ဖော်ရာမှာ အခုလိုမျိုး ဖြစ်လာတာပါပဲ။ လက်ရှိမှာ သူတို့ကို ထိန်းသိမ်းပြီး စစ်ဆေးနေတုန်းပါ။ သူတို့ကို စိစစ်ပြီးမှ အခြေအနေအမှန် ထပ်ပြီး သိရမှာပါ” ဟု ပဒိုစောလစ္စတန်က Myanmar Now ကို ပြောသည်။

ထို ၄ ဦးနှင့် ပတ်သက်၍ အခြေအနေအသေးစိတ် မသိရပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့် ဇွန် ၁၅ မှ စတင်၍ သံဖြူဇရပ်မြို့နယ်နှင့် ထားဝယ်မြို့နယ်အကြား အမှတ် (၈) လမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၂၇) တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းက စစ်ဆေးနေခြင်း ဖြစ်သည်။

စစ်တပ်နှင့် ဆိုင်သည့် ပစ္စည်းများ သယ်ယူခြင်း မပြုရန်၊ ၎င်းတို့နှင့်အတူ စီးနင်းလိုက်ပါခြင်း မပြုရန် အချက်များပါဝင်သည့် စာတစ်စောင်ကိုလည်း ဇွန် ၁၀ ရက်စွဲဖြင့် KNLA အမှတ် (၂၇) တပ်ရင်းက ထုတ်ပြန်ထားသည်။

KNLA, PDF ပူးပေါင်းတပ်များ စစ်ဆေးနေသည့် လမ်းပိုင်းနေရာများသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၅၈၈ အခြေစိုက်ရာ ရေးမြို့နယ်၊ မော့ကနင်ရွာနှင့် နီးကပ်စွာ တည်ရှိပြီး စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခြင်းမရှိသေးပေ။

စစ်ကောင်စီက အခြေအနေကို ဆက်လက် စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်ဟု ပဒိုစောလစ္စတန်က ပြောသည်။

“အကြောင်းက နှစ်ခုရှိနိုင်တယ်။ တစ်ခုက အင်အားချိန်ဆတာ၊ နောက်တစ်ခုက အချက်အလက်တွေကို အကဲခတ်နေတာ။ လှုပ်ရှားမှုတွေက သူတို့ လိုချင်သလိုဖြစ်မှ တုံ့ပြန်မှုတစ်ခုခု လုပ်လိမ့်မယ်” ဟု ပဒိုစောလစ္စတန်က သုံးသပ်သည်။

မိုင် ၃၀၀ ကျော် ရှည်လျားပြီး မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ တနင်္သာရီတိုင်း မြိတ်မြို့နယ်အထိ ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးသည် နိုင်ငံတောင်ပိုင်းဒေသအတွက် အချက်အချာကျသည့် လမ်းမကြီးလည်း ဖြစ်သည်။

ထိုဒေသအခြေစိုက်တပ်များထံ စစ်တပ်က လူ၊ ရိက္ခာ၊ လက်နက် ပို့ဆောင်ရာတွင် ထိုလမ်းကို အသုံးပြုနေသည်။

KNU အပြင် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ တပ်ကလည်း ထိုဒေသတွင် အခြေစိုက်လှုပ်ရှားနေသည်။

ယမန်နေ့ (ဇွန် ၁၈) က KNLA, PDF ပူးပေါင်းစစ်ကြောင်းက အမှတ် (၈) လမ်းမကြီး၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့အကြား လုံခြုံရေးယူ စစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၃) ၊ ဒုစစ်ဒေသခွဲမှူးရုံးက ဓာတ်ပုံများဖြင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်နက်ကိုင်တို့က ခရီးသွားပြည်သူများကို အကာအကွယ်ယူပြီး သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ကြေညာထားသည့်အတိုင်း စစ်ဆေးသွားမည်ဟု ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။

ယင်းသို့ ကားလမ်းမကြီးများပေါ်တွင် KNLA, PDF ပူးပေါင်းတပ် စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button