အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝတိုက်ပွဲအတွင်း ရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အရပ်သား ခုနစ်ဦးသေပြီး ရှစ်ဦးဒဏ်ရာရကာ နေအိမ် ခုနစ်လုံးခန့်လည်း မီးလောင်သွားခဲ့သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ဧပြီ ၇ ညနေပိုင်းတွင် နန်းချောင်းဝရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်က AA တပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုကြားကြောင်း ဒေသခံများကို ကိုးကားပြီး ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က Myanmar Now ကို ဧပြီ ၈ (ယနေ့) တွင်ပြောသည်။

အဆိုပါရွာအနီးဝန်းကျင်နှင့် ပလက်ဝမြို့နယ်တဝိုက်တွင် AA အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာပြီးနောက်ပိုင်း ယခုလို တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“အဲဒီနားတစ်ဝိုက်က အေအေ ဝင်ထွက်တာတွေ၊ တောက်လျှောက်ရှိနေတယ် အဲဒါကြောင့် အခုလိုဖြစ်ကုန်တာပဲ” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မတ် ၂၃ ရက်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာလိုက်သည့်အတွက် Myanmar Now အနေဖြင့် သီးခြားဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

နန်းချောင်းဝကျေးရွာသည် ပလက်ဝမြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကုလားတန်မြစ်၏ အရှေ့ဘက် ကုလားတန်မြစ်ကူးတံတားအနီးတွင် ရှိပြီး အိမ်ခြေ ၄၁ အိမ်နှင့် လူဦးရေ ၁၈၅ ဦးရှိသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်က နန်းချောင်းဝရွာ၏ တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၁ ခန့်တွင် ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ညနေ ၃ နာရီခွဲခန့်တွင် နောက်တစ်ကြိမ်ပြန်ဖြစ်ပြီး ယခုလို ဗုံကြဲခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နန်းချောင်းဝရွာသားတစ်ဦးကပြောသည်။

ဖြစ်စဉ်အတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများတွင် ၎င်း၏ ဆွေမျိုးများပါဝင်ပြီး သေဆုံးသူ အမျိုးသားတစ်ဦးဖြစ်သည့် ဦးလင်းထွန်းမှာ ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သည်ဟု အဆိုပါရွာသားက ဆိုသည်။

“အခုရွာထဲမှာလည်း ဘယ်သူမှမနေရဲတော့ဘူး၊ ကျွန်တော်တို့အကုန်လုံး လယ်လှရွာကို ပြောင်းနေကြတယ်” ဟု အဆိုပါရွာသားက ပြောသည်။

ဖြစ်စဉ်အပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာရသူများကို ပလက်ဝဆေးရုံသို့ ပို့ဆောင်လိုက်ပြီး သေဆုံးသူများကို ရွာအနီးတွင်ပင် သင်္ဂြိုဟ်လိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ပလက်ဝမြို့နယ် ဘောင်ဝရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြောင့် အိမ် ၁၃ လုံးမီးလောင်သွားပြီး ရွာသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

နန်းချောင်းဝရွာမှ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကူညီထောက်ပံ့ရေးလုပ်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပြီး အဆိုပါဖြစ်စဉ်ကိုလည်း ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ပလက်ဝမြို့နယ်တောင်ဘက်နှင့် အနောက်ဘက်များတွင် တိုက်ပွဲများပြင်းထန်လာပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ ယခုရက်ပိုင်းတွင်း ပလက်ဝမြို့နယ်တွင် စစ်ရှောင် ၇၀၀ ခန့် တိုးလားပြီး စုစုပေါင်း စစ်ရှောင် ၂၃၀၀ ခန့် ရှိနေသည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles