အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှေစီး ဒုက္ခသည် ၁၀၆ ဦးကို စစ်တွေသို့ ပြန်လည်ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းခန်းမတွင် နှစ်ရက်ကြာ ထိန်းသိမ်းထားခဲ့သည့် လှေစီးဒုက္ခသည် ၁၀၆ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် သာကေတမြို့နယ် ရှုခင်းသာရေတပ်စခန်းမှ စစ်တွေသို့ ရေတပ် စစ်ရေယာဉ် ဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်က ပို့ဆောင်လိုက်ပြီဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ လှေစီးဒုက္ခသည်များသည် စစ်တွေမြို့ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ ပွဲစားတစ်ဦး၏စီစဉ်မှုဖြင့် ပြီးခဲ့သည့်လကုန်ပိုင်း က စက်လှေဖြင့် ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး သွားရောက်စဉ် လမ်းကြောင်းမှားကာ ယခုလ ၁၆ ရက်နေ့တွင် ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးသို့ရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ထောက်ပံ့ရေးတွေ လုပ်ပေးလိုက်တယ်။ တပ်ကတော့ စီစဉ်ပေးတာပေါ့” ဟု လူကယ်ပြန် ဝန်ကြီးဌာန ဘေးအန္တရာယ် လျှော့ချရေးစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ယနေ့ နေ့လယ်ပိုင်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

ဒုက္ခသည်များမှာ အမျိုးသား ၅၀၊ အမျိုးသမီး ၃၁ ဦး၊ ကလေးငယ် ၂၅ ဦး ပါဝင်ပြီး လမ်းခရီးတွင် တစ်ဦး သေဆုံးခဲ့သည်။

ရက်အနည်းငယ်ကြာ သွားရမည့် စစ်တွေခရီးစဉ်အတွက် အစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင်များ ထောက်ပံ့ပေးလိုက်ပြီး ဒုက္ခသည်များကို စစ်တွေရှိ မည်သည့်နေရာတွင် ပြန်လည် နေရာချထားမည်ကို မသိသေးကြောင်း ဒေါက်တာကိုကိုနိုင်က ပြောသည်။

ဖြစ်စဉ်အသေးစိတ်ကို ဝန်ကြီးဌာနမှ ထုတ်ပြန်မည်ဟု ဒေါက်တာကိုကိုနိုင်က ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေးဘာသာရေး အဓိကရုဏ်းများကြောင့် ရခိုင်နှင့် မွတ်စလင် ဒေသခံများသည် နေရပ်စွန့်ခွာကာ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ၂၀၁၈ စက်တင်ဘာ ၃၀ အထိ ရရှိသည့် အချက်အလက်များအရ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း ၂၃ ခုနှင့် ဒုက္ခသည်စုစုပေါင်း ၁၂၈,၀၀၀ ကျော် ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button