အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် အင်းတော်၌ ထောင်တစ်သက်ချခံရသူ ၅ ဦးရှိလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၌ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး နှစ်လကျော်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ တစ်သက်တစ်ကျွန်းထောင်ဒဏ် (နှစ် ၂၀) ချထားသည့် အရပ်သား ငါးဦးအထိ ရှိလာသည်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရှိ မြို့နယ်ထက်ဝက်နီးပါးကို ကောင်းစွာမအုပ်ချုပ်နိုင်ဟု စစ်ကောင်စီက ဝန်ခံပြီးနောက် စစ်အုပ်ချုပ်ရေးနယ်မြေများ ထပ်တိုးကြေညာခဲ့ရာတွင် အင်းတော်မြို့နယ် ပါဝင်သည်။

ထိုသို့ ကြေညာပြီးနောက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်သည်၊ လှူဒါန်းသည်ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်၍ စစ်ခုံရုံးဖြင့် စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

အင်းတော်မြို့နယ် ကမ်းနီရွာတွင် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဦးဆိုသူမှာ ဖေဖော်ဝါရီ ၈ ရက်တွင် အဖမ်းခံရပြီးနောက် တစ်လမပြည့်မီ ထောင်ဒဏ်တစ်သက်ချခံရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခြားသူလေးဦးမှာ မတ်လဆန်းတွင် ဖမ်းခံရသည့် နတ်မဟုတ်ကလေးရွာသား ကိုအေးမင်းထွန်း၊ CDM ကျောင်းဆရာမ ဒေါ်သိန်းလှ၊ ဈေးသည်များဖြစ်သည့် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေးတို့ဖြစ်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော Indaw Revolution-IR မှ ပြန်ကြားရေးတာဝန်ခံ အမျိုးသားထံမှ သိရသည်။

၎င်းတို့လေးဦးကို ယခုလဆန်းတွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။​

ကိုအေးမင်းထွန်းသည် အရပ်ဝတ်ဖြင့် စစ်သားများကို PDF ထင်၍ စကားသွားပြောရာမှ ဖမ်းခံရကြောင်း၊ အမျိုးသမီးသုံးဦးမှာမူ စစ်ကောင်စီက ဖမ်းမိသွားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ) နှစ်ဦးထံတွင် တွေ့ရသည့် အလှူစာရင်းတွင် ပါဝင်၍ဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

“မီးသွေးဖုတ်တဲ့လူ (ကိုမင်းမင်းဦး) ကို စစ်ကြောင်းထိုးတော့ ဖမ်းမိသွားလည်း တစ်သက်တစ်ကျွန်းပဲ။ သူတို့ (စစ်တပ်) ကတော့ မိပြီဆိုတာနဲ့ PDF နဲ့ ဆက်စပ်တဲ့သူဆိုပြီးပဲ ပြောမှာပဲ၊ သူတို့ကတော့ မိပြီဆိုရင်တော့ အဲဒီလိုပေါ့”။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် အင်းတော်မြို့နယ်အတွင်း ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးအဖွဲ့တို့၏ စစ်ရေးလှုပ်ရှားမှုများ မကြာခဏ တွေ့ရလေ့ရှိသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် ရှိပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် အင်းတော်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်မှအပ အခြေအနေများ ပုံမှန်အတိုင်းရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အင်းတော်မြို့နယ်ကို စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာတွင် အခြေစိုက်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်အုပ်ချုပ်ရေးအမိန့်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button