အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုရိုနာဗိုင်းရပ် သတင်းမှား ဖြန့်ဝေသူများကို အရေးယူမည်ဟု မန္တလေးမြို့တော်ဝန်သတိပေး

ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေမှုများနှင့် ပတ်သက်ပြီး သတင်းမှားများကို ပြည်သူလူထုအကြား ဖြန့်ဝေနေသည့် လူမှုကွန်ရက် စာမျက်နှာများကို အရေးယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားလိုက်သည်။

လွှတ်တော်အစည်းအဝေးပြီး ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) သတင်းထောက်များနှင့်တွေ့ဆုံချိန်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဒီယာတစ်ခုက၊ ‘အကုန်သိ’ ဆိုတဲ့ဟာက ဖွနေတယ်။ ကျွန်တော် အဲ့ဒီမီဒီယာကို ဘယ်သူတွေ လုပ်သလဲဆိုတာကို ရှာခိုင်းထားတယ်။ ဒါ ပြည်သူတွေကို ထိခိုက်အောင်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် အရေးယူရမှာပါ” ဟု မြို့တော်ဝန်က ဆိုသည်။

ဒေါက်တာရဲလွင် ရည်ညွှန်းသည့် သတင်း(မှား) မှာ – “ဝူဟန်ဗိုင်းရပ်စ် သံသယလူနာ ပိုမိုများပြားလာကြောင်း မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပြီ” ဟူသည့် ခေါင်းစဉ်နှင့် ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ၏အချက်အလက်စစ်ဆေးမှုအရ အဆိုပါသတင်းကို သတင်းမှားများဖြန့်သည့် ဝက်ဘ်ဆိုက်ပေါင်း ၁၀ ခုဝန်းကျင်ခန့် ရှိနေပြီး Shwe Yaung Lan ဆိုသည့် ဝက်ဘ်ဆိုက်လည်း ပါဝင်သည်။ Like လုပ်ထားသူပေါင်း တစ်သိန်းကျော်ရှိသည့် ဝက်ဘ်ဆိုက်နှင့် နာမည်တူ Shwe Yaung Lan ဆိုသည့် Facebook page တွင်လည်း ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှား ၅ ခုအထက် ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် SM – SearchMyanmar ဆိုသည့် Facebook Page သည်လည်း ကိုရိုနာဗိုင်းရပ်သတင်းအမှား ၅ ခုအထက် ဖြန့်ဝေခဲ့သည်။ ယင်းအနက် မန္တလေးမြို့တော်ဝန်ပြောဆိုသည့် သတင်းမှားကို ၎င်းတို့၏ Facebook စာမျက်နှာတွင် တင်ခဲ့သည်။ SM – SearchMyanmar ၏ ဝက်ဘ်ဆိုက်တွင်တော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအထိသာ သတင်းများတင်ခဲ့သည်ကို တွေ့ရသည်။

သတင်းမှားများကို ဖြန့်ခဲ့သည့် အဆိုပါဝက်ဘ်ဆိုက်များက “သံသယလူနာ ဦးထိ ရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုကြောင်း အကုန်သိသတင်းဌာနက ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်” ဟုသာ Akonthi (အကုန်သိ) ကို တစ်ဆင့် ပြန်လည်ညွှန်းထားသည်ကို တွေ့ရသည်။

Myanmar Now ၏အချက်အလက်စစ်ဆေးမှုအရ အထက်ပါ သတင်းပုံစံအတိအကျ ရေးသားထားခြင်းမျိုး မတွေ့ရှိရပေ။

အကုန်သိသတင်းဌာန တာဝန်ခံအယ်ဒီတာ ဦးမျိုးသူအောင်ကမူ မန္တလေးမြို့တော်ဝန်သည် သေချာမလေ့လာဘဲ ပြောသည်ဟု ဝေဖန်သည်။

“မြို့တော်ဝန်တစ်ယောက်အနေနဲ့တော့ သတင်းအမှားဖြန့်လားမဖြန့်လား သူ ဝင်ဖတ်သင့်တာပေါ့။ သူဝင်ဖတ်ပြီးတော့ ကျွန်တော်တို့ဆိုလည်း ဒါ တရားဝင်သတင်းဌာနတစ်ခု ဖြစ်တယ်၊ သူ့အနေနဲ့တော့ ဒါမျိုးတော့ ခွဲခြားသိသင့်တယ်ပေါ့၊ ကျွန်တော်တို့ သတင်းမှားဖြန့်လား၊ မဖြန့်ဘူးလားဆိုတာတော့ သူ့အနေနဲ့ ဒါမျိုးတော့ လက်လွတ်စပယ် စကားမပြောသင့်ဘူးလို့တော့ ကျွန်တော်ထင်တာပဲ” ဟု ၎င်းက ပြောသည်။

ဖော်ပြပါသတင်းတွင် ထည့်သွင်းပြောဆိုထားသည့် တရုတ်နိုင်ငံမှ ဗိုင်းရပ် သံသယလူနာကို ဝေဘာဂီဆေးရုံတွင် စစ်ဆေးစောင့်ကြည့်နေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက ပစ္စည်းတွေက တကယ်ဖြစ်လာရင် အလုံအလောက်မရှိဘူးတဲ့။ အကုန်လုံးက ဝယ်စုရင် ကျွန်တော်တို့ ဒုက္ခရောက်ကြရမယ်။ ဒါကြောင့် သတင်းအမှားထုတ်ပြန်ရင် ကောင်းကောင်းပြန်ပြီးတော့ Counter Response လုပ်ရမယ်” ဟု ဒေါက်တာရဲလွင်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာကျောင်းသားများမှာ သံသယဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်ကို Myanmar Now က သိရှိထားပြီး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများအတွက် စောင့်ကြည့်သည့်အနေဖြင့် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် စောင့်ရှောက်ထားခြင်းလည်းဖြစ်သည်။

(ဤသတင်းကို Myanmar Now ၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက် သော်ဇင်မျိုးက ကူညီရေးသားထားသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles