အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း စလင်းမြို့နယ် တိုက်ပွဲအပြီး စစ်တပ်က ရွာလုံးကျွတ် မီးရှို့

ယမန်နေ့ (မတ် ၂၈) နံနက်ပိုင်းက မကွေးတိုင်း၊ စလင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာအနီးတွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကို ရင်ဆိုင်တိုက်ခိုက်အပြီး စစ်ကောင်စီတပ်က ထိုရွာကို မီးရှို့လိုက်သည်ဟု သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်သားများက မတ် ၂၅ ကတည်းက စလင်းမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ် ငလှိုင်တွင်းရွာသို့ ရောက်ရှိလာသည်၊ ၂ မိုင်ခန့် ဝေးသော ကင်ပွန်းခြုံရွာကို စစ်ကြောင်းထိုးလာချိန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

မနက် ၇ နာရီမှစ၍ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်အင်အား ကွာဟချက်ကြောင့် စလင်း၊ ဆော၊ ပွင့်ဖြူ၊ မင်းဘူးနှင့် စေတုတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပေးလိုက်ချိန် နေ့လယ် ၁၁ နာရီခန့်တွင် အိမ်ခြေ ၁၃၀ ခန့်ရှိသည့် ကျေးရွာကို မီးရှို့သွားကြောင်း ၎င်းက ဆက်ပြောသည်။

“မီးရှို့ပြီး တစ်နာရီလောက်မှာ ပြန်ဆုတ်သွားတဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေ မဟာမိတ်တပ်ပေါင်းစုတွေ နယ်မြေရှင်းလင်းရေး ဝင်တဲ့အချိန်မှာ အိမ်ခြေအနည်းငယ်ပေါ့၊ ၁၅ အိမ် ဝန်းကျင်လောက်ပဲ ကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒေသခံတွေ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ မွေးလူနာတွေ ပါတယ်ဗျ။ အဲ့ဒီအတွက်ကြောင့် ဆေးဝါးတော့ နည်းနည်း အခက်အခဲရှိတယ်။ စားရေးသောက်ရေးအခြေအနေက ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းပြီး ဆောင်ရွက်နေကြတာပေါ့”  

စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေအနည်းငယ် မီးလောင်ခြင်း မရှိကြောင်း၊ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည့် ဒေသခံ ၃၀၀ ခန့်မှာ မီးလောင်ပြင်အဖြစ် ကျန်နေသည့် ရွာသို့ ပြန်ရောက်လာခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

ထိုစစ်ကြောင်းသည် ငလှိုင်တွင်းကျေးရွာသို့ ပြန်ဆုတ်သွားပြီး မျက်မြင်သက်သေများ၏အဆိုအရ တပ်မ (၇၇) ယူနီဖောင်းများ ဝတ်ဆင်ထားသည်ဟု ဆို‌သည်။

ရွာကို ထိုစစ်သားများ မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရအရာရှိတို့ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်ဝင်သည့်ဒေသ အိမ်မီးရှို့မှုဆိုင်ရာ သတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်နက်ကိုင်ခုခံသူများ အခက်တွေ့စေရန် ရွာမီးရှို့သည့် စနစ်ကို စစ်တပ်က ကျင့်သုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်သူများ ပစ်သတ်ခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်လျက်ရှိရာ မကွေးတိုင်းတွင်လည်း ခုခံသူ အများအပြားရှိနေသည်။

ရွာမီးရှို့ခံရမှု ဖြစ်ပွားရာ စလင်းမြို့နယ်တွင် မဟာမိတ်များနှင့် ပူးပေါင်း၍ တိုက်ခိုက်မှုများ တိုးမြင့်လာသလို တိုက်ပွဲ ဆက်လက်ပြင်းထန်မည့် အခြေအနေလည်း ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

အာဏာသိမ်းမှုအပြီး အိမ်မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်နေသည့် Data For Myanmar အဖွဲ့၏ စာရင်းများအရ ယခုနှစ် ဖေဖော်ဝါရီလ ၂၈ အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက အရပ်သားပြည်သူနေအိမ် ၆၀,၄၅၉ ကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းပြီးလျှင် မကွေးတိုင်းမှာ ဒုတိယအများဆုံး မီးရှို့ခံခဲ့ရပြီး စုစုပေါင်း နေအိမ် ၉,၀၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button