
လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို အသက်ဘေးမှ ကယ်တင်ပေးရန် ထိုင်းဘုရင်ထံ အသနားခံတောင်းဆိုပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ယနေ့နေ့လယ်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။
ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ချခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် အမျိုးသားရေးဆရာတော် ဦးပါမောက္ခဦးဆောင်ကာ မေတ္တာသုတ်နှင့် မောရသုတ်တို့ကို ရွတ်ဆိုခဲ့ပြီး ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာကို ထိုင်းသံရုံးသို့ သွားရောက်ပို့ဆောင်ရာ ထိုင်းသံရုံးက လက်ခံခဲ့သည်။
လွန်ခဲ့သည့် ၅ နှစ် ၂၀၁၄ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံကော့တောင် (လိပ်ကျွန်း)တွင် ဗြိတိန်ခရီးသွားစုံတွဲ မစ္စတာဒေးဗစ်မီလာ (၂၄ နှစ်) နှင့် မစ္စဟာနာ ဝစ်ထာရစ် (၂၃ နှစ်) တို့အား သတ်ဖြတ်မှု၊ အမျိုးသမီးငယ်အား မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ၂၀၁၅ ဒီဇင်ဘာလအတွင်းက ကော်စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ အယူခံကို သြဂုတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၏ အဆင့်အမြင့်ဆုံးတရားရုံးက ပယ်ချခဲ့ပြီးနောက် သေဒဏ်ကျခံဖို့ အတည်ဖြစ်ခဲ့သည်။



