အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချေးငွေပြန်မဆပ်သည့် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ သုံးခုကို ဧရာဝတီဘဏ်က တရားစွဲမည်

ရန်ကုန်ဘတ်စကားစနစ်တွင် ဝင်ရောက်ပြေးဆွဲမည့် ဘတ်စကားအသစ် အစီး ၅၀၀ ဝယ်ယူရန်အတွက် ကျပ် ၅၆ ဘီလျံကျော် ချေးယူခဲ့သော်လည်း သက်တမ်းလွန်သည်အထိ အတိုးနှင့်အရင်း ပြန်လည်မပေးဆပ်သည့် YBS ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ သုံးခုကို တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု မြီရှင် ဧရာဝတီဘဏ်က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း YBS အမည်ဖြင့် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲသည့်အခါ ဝင်ရောက်ပြေးဆွဲခဲ့ကြသည့် ကုမ္ပဏီများအနက်မှ Omni Focus General Services Public Co., ltd ၊ Central Yangon Network Co.,ltd နှင့် Keen Support Co.,ltd တို့ ယာဉ်အသစ် စီးရေ ၅၀၀ ဝယ်ယူနိုင်ရန်အတွက် ဧရာဝတီဘဏ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း စုစုပေါင်း ကျပ် ၅၆ ဘီလျံကျော် ထုတ်ချေးခဲ့သည်ဟု အဆိုပါဘဏ်က လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံ ၂၀၁၈ ဒီဇင်ဘာလ ၃ ရက်​ နေ့စွဲဖြင့် ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

YBS ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေကြသည့် ပုဂ္ဂလိကယာဉ်လိုင်းအများစုသည် ဘဏ်အား အတိုးနှင့်အရင်းများ ပုံမှန်ပေးသွင်းသော်လည်း အထက်ပါ ကုမ္ပဏီသုံးခုမှာ ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၈ နိုဝင်ဘာလ အထိ ပေးဆပ်ရန် ပျက်ကွက်သည့်အတွက် ထိုကုမ္ပဏီများကို ဥပဒေအကြောင်းအရ အရေးယူရန် ဆောင်ရွက်နေသည်ဟု ထိုစာတွင် ဖော်ပြထားသည်။

ငွေချေးသူအမည်စာရင်းတွင် Omni Focus ကုမ္ပဏီအတွက် ဦးကျော်နေဝင်း + ၁၊ Yangon Central Network အတွက် ဦးထွန်းတောက်ဝင်း + ၁ နှင့် Keen Support အတွက် ဦးကျော်ဇေယျ + ၁ ဟု ဘဏ်၏စာတွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါကုမ္ပဏီသုံးခုနှင့် ဧရာဝတီဘဏ်မှ တာဝန်ရှိသူများကို ယမန်နေ့က တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက တိုင်းလွှတ်တော်သို့ ခေါ်ယူ တွေ့ဆုံကြောင်း ‘ဟစ်တိုင် – အွန်လိုင်းသတင်း ဌာန’ က ရေးသားဖော်ပြခဲ့ပြီးနောက် ပြည်သူများအကြား ဘဏ်အပေါ် စိတ်မချမဖြစ်ရန် အသိပေး အကြောင်းကြားသည်ဟု ယနေ့ဘဏ်၏ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယခု ချေးငွေ ကျပ် ၅၆ ဘီလျံသည် ဧရာဝတီဘဏ်၏ စုစုပေါင်းပိုင်ဆိုင်မှု၏ ၁ ရာခိုင်နှုန်းခန့်သာရှိပြီး ဘဏ်၏ မတည်ရင်းနှီးငွေမှာလည်း အဆိုပါ ပမာဏထက် အဆပေါင်းမြောက်မြားစွာ ပိုသည့်အတွက် စိတ်မပူကြရန်လည်း ဘဏ်က အသိပေးထားသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ ယမန်နေ့က ကုမ္ပဏီသုံးခုနှင့် ဧရာဝတီဘဏ်တို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့သည့် ရလဒ်များကို တိုင်းဒေသကြီးအစိုးရထံ လာမည့်သီတင်းပတ်အတွင်း တင်ပြသွားမည်ဟု တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက Myanmar Now ကို ယနေ့ ပြောသည်။

“တစ်ဖက်တည်းနားထောင်လို့တော့ မရဘူးပေါ့ဗျာ။ ပြဿနာဖြစ်တော့ နှစ်ဖက်စလုံးကို ထိပ်တိုက်တွေ့ပြီး အကြောင်းအရာအမှန်သိအောင် မေးရတာပါ” ဟု ၎င်းက ပြောသည်။

ဧရာဝတီဘဏ်ကလည်း ၎င်းတို့ချေးပေးထားသည့် ငွေများမှာ ပြည်သူ့ငွေများဖြစ်ပြီး တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားမှုကြောင့် ထုတ်ချေးလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သလို ကုမ္ပဏီများဘက်ကလည်း အခက်အခဲအမျိုးမျိုးကြောင့် ယာဉ်လိုင်းများမှာ ဝင်ငွေနည်းပြီး လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် ချေးငွေများကို အချိန်မီ ပြန်မဆပ်နိုင်ခြင်းဖြစ်ကြောင်း ချေပသည်ဟု ဆွေးနွေးပွဲတွင် ရှိနေခဲ့သည့် ဦးကျော်ဇေယျက ဆက်ပြောသည်။

“အမှန်က YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့) ကနေ ဖြေရှင်းပေးရမယ့်အနေအထား။ အဲဒီက မဖြေရှင်းပေးနိုင်တဲ့အတွက် ဒီကိစ္စက အဲဒီလောက်အထိ ဖြစ်လာတာဗျ” ဟု ၎င်းက သုံးသပ်သည်။

၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာသည့် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ယခင်ပြေးဆွဲနေသည့် တစ်ဦးတည်းပိုင်စနစ်ဖြင့် စုပေါင်းထားသည့် မထသယာဉ်လိုင်းများကို ဖျက်သိမ်းကာ ပုဂ္ဂလိကနှင့်အများပိုင်ကုမ္ပဏီပိုင် ယာဉ်လိုင်းများ စုပေါင်းထားသည့် Yangon Bus Service ဟုခေါ်သော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို စတင်ခဲ့သည်။

တိုင်းအစိုးရသည် မထသဟုခေါ်သော မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့ကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အမည်ဖြင့် သီးခြားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကာ YBS ယာဉ်လိုင်းများကို ကွပ်ကဲခဲ့သည်။

မထသစနစ်မှ ယာဉ်အိုယာဉ်ဟောင်းများနေရာတွင် အစားထိုးရန်အတွက်လည်းကောင်း၊ ယာဉ်လိုင်းအသစ်များအတွက် ယာဉ်အသစ်များ ဝယ်ရန်အတွက်လည်းကောင်း လိုအပ်နေသည့် ဘဏ္ဍာငွေကြေးများကို ဧရာဝတီဘဏ်က သက်တမ်း သုံးလဖြင့် ချေးငွေရအောင် ကူညီပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၇ ဇန်နဝါရီလ ၂၄ ရက် နေ့စွဲဖြင့် ဧရာဝတီဘဏ်သို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ယာဉ်လိုင်းကုမ္ပဏီပိုင်ရှင်များနှင့် အဆက်အသွယ်မရသေးပါ။ YRTA ၏အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အခြေအနေများ ရှုပ်ထွေးနေဆဲဖြစ်သဖြင့် မဖြေနိုင်ပါသေးကြောင်း Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles