အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရိုဟင်ဂျာအသုံးအနှုန်းကြောင့် အမေရိကန်သံရုံးကို အမျိုးသားရေးဝါဒီတို့ ကန့်ကွက်

ရန်ကုန် – အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်စောင်တွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံမဲ့ မွတ်စလင်တို့အား ရိုဟင်ဂျာများဟု သုံးနှုန်းရေးသားခဲ့ခြင်းကို မကျေနပ်၍ မြန်မာအမျိုးသားရေးဝါဒီ အများအပြားက ကြာသပတေးနေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့သို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အမျိုးသားရေးဝါဒီ လူပုဂ္ဂိုလ်များနှင့် ရဟန်းသံဃာ အများအပြားက အမေရိကန်သံရုံးရှေ့မျက်နှာစာတွင် နေရာယူပြီး “ဘင်္ဂါလီကို ရိုဟင်ဂျာဟု သုံးစွဲသူ၊ တို့ရန်သူ” “ အမေရိကန်သံရုံး၏ ရိုဟင်ဂျာ ကြေညာချက်၊ ချက်ချင်းဖျက်” စသည့် ကြွေးကြော်သံများကို တစ်နာရီနီးပါး အော်ဟစ်ကြသည်။

ယခင်က သံရုံးနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူတို့က ရိုဟင်ဂျာဟု ပုံမှန်သုံးစွဲခဲ့ကြသည်။

မြန်မာအစိုးရ၊ အမျိုးသားရေးဝါဒီ အသင်းအဖွဲ့များ၊ သာမန်ပြည်သူအများအပြားက ရခိုင်ပြည်နယ်မှ နိုင်ငံမဲ့မွတ်စလင်တို့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သောကြောင့် “ဘင်္ဂါလီ” ဟု သုံးနှုန်းခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆန္ဒပြပွဲတွင် ပါဝင်သည့် အထင်ကရ အမျိုးသားရေးဝါဒီ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက အစိုးရသစ်တွင် ပြဿနာပေါင်းများစွာရှိနေသည်ကို နားလည်သော်လည်း ထိုပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ ဖြေရှင်းပေးစေလိုကြောင်း မိန့်ကြားသည်။

“ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မရှိပါဘူး။ မရှိတာကို အရှိလုပ်ပြီး ပြောတဲ့ အတွက် တုံ့ပြန်ဖြေရှင်းရခြင်းဖြစ်ပါတယ်” ဟု ဦးပါမောက္ခက မိန့်ကြားသည်။

ဆန္ဒပြပွဲသို့ရောက်ရှိနေသူ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးကွန်ရက်၊ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမှ ဦးဝင်းသိန်းက ရိုဟင်ဂျာဟု အမေရိကန်အစိုးရ သုံးစွဲခြင်းမှာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ပြီး၊ ထိုအသုံးအနူန်း အတည်ဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

ရခိုင်ဒေသ မွတ်စလင်တို့ကမူ ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟု သတ်မှတ်ခေါ်ဆိုပြီး ထိုဒေသတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့် နိုင်ငံသားအခွင့်အရေး ရသင့်သည်ဟု ပြောသည်။

စစ်တွေမြို့အနီး ဧပြီ ၁၉ ရက်နေ့တွင် စက်လှေ နစ်မြုပ်သေဆုံးခဲ့သူများနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်သော အမေရိကန်သံရုံး ကြေညာချက်တွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ထည့်သွင်းထားသည်။

ဆန္ဒပြခံရမှုကြောင့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် တုံ့ဆိုင်းသွားမည်လောဟု မေးမြန်းရာ အမေရိကန်သံရုံး ပြောခွင့်ရသူက “ကမ္ဘာပေါ်က ဘယ်လူသားမဆို မိမိတို့ကိုယ် မိမိတို့ အသိအမှတ်ပြုနိုင်ခွင့် ရှိပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသည့် အခွင့်အရေးတို့ကို အမေရိကန်အစိုးရက အားပေးထောက်ခံကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ထွဋ်က ဆန္ဒပြတောင်းဆိုသူများကို ပုဒ်မ ၁၉ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး၊ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ သံဃာတော်များကို စည်းကမ်း ထိန်းသိမ်းရေး ဆရာတော်များမှ တစ်ဆင့် အရေးယူသွားမည်ဟု ဆိုသည်။

“ခွင့်ပြုတဲ့နေရာက ဗဟန်း ဗိုလ်စိန်မှန်ကွင်းပါ။ သူတို့ကို အဲဒီနေရာမှာလုပ်ဖို့ ခွင့်ပြုထားပါတယ်။ ဒီမှာတော့ တစ်ယောက်က ပြဿနာရှာလိုက်လို့ ပြဿနာဖြစ်သွားမယ်ဆိုရင် နှစ်နိုင်ငံပြဿနာဖြစ်သွားနိုင်တယ်” ဟု သူက ပြောသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles