အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်း၊ ကချင်နယ်စပ်ရွာကို စစ်တပ်စီးနင်း၊ ရွာလုံးကျွတ် ဖမ်းထားဟုဆို

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို ယမန်နေ့ (မတ် ၂၂) ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရုတ်တရက် ဝင်ရောက်စီးနင်းကာ ရွာခံများကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားသည်ဟု စုံစမ်းသိရှိရသည်။

မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာ လေးတန်ချောင်း အရှေ့ဘက်ကမ်းမှ အိမ်ခြေ နှစ်ရာကျော်ရှိသည့် ထိုရွာကို ဒေသတွင်း၌ မာန်ဟဲရွာဟု လူသိများသည်။ ထိုနေ့ ညနေ ၄ နာရီခန့်တွင် မြို့ဘက်မှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ လက်နက်ကိုင်တို့က အရပ်ဘက်သုံး ထရပ်ကားနှစ်စီးဖြင့် ရောက်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ ထိုရွာ စီးနင်းခံရချိန်တွင် ဒေသခံအမျိုးသားတစ်ဦးသာ လွတ်မြောက်လာသူရှိပြီး ကလေးများမှအပ ရွာခံအားလုံးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း၊ အချို့ကို ရိုက်နှက်နှိပ်စက်နေသည်ဟု သိရကြောင်း အသက် ၂၀ ကျော်အရွယ် အင်းတော်ဒေသခံ အမျိုးသားက ဆိုသည်။

“ရုတ်တရက်ဆိုတော့ ဘယ်သူမှ ရှောင်ချိန်မရလိုက်ဘူး။ ဘာသတင်းမှလည်း ကြိုရမထားတော့ အကုန်မိသွားတာ၊ လွတ်တဲ့တစ်ယောက်ကလည်း ရွာအစွန်မှာ နေတာဆိုတော့ မြောင်းထဲမှာ ပုန်းပြီးမှ လွတ်လာတာ” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၄၀ အရွယ် အင်းတော်ဒေသခံ အမျိုးသားတစ်ဦးကလည်း ထိုရွာကို စစ်ကောင်စီတပ်က ယနေ့ (မတ် ၂၃) မွန်းလွဲပိုင်းအထိ စီးနင်းထားဆဲဖြစ်ရာ ရွာခံများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု ပြောသည်။

“ရှင်းရှင်းပြောရမယ်ဆိုရင် နာမည်အတိအကျတွေနဲ့ကို လက်ညှိုးထိုးပြီး ဖမ်းခိုင်းနေတာ” ဟု ထိုသူက ဆိုသည်။

စစ်ကောင်စီတပ်ကို မာန်ဟဲရွာသို့ ခေါ်လာသူမှာ အင်းတော်ဒေသခံ စစ်သားတစ်ဦးပင်ဖြစ်သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ရရာလက်နက်ဖြင့် ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက စစ်ဆင်ရေးများ တရစပ်လုပ်နေရာ ဒေသခံတို့ကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ရှိနေသည်။

မာန်ဟဲရွာကို စစ်တပ်ဝင်စီးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ စစ်ကောင်စီကို ခုခံမှုများ ပေါ်ပေါက်နေရာ ထိုအထဲတွင် အင်းတော်မြို့နယ်အတွင်းရှိ ဒေသများလည်း ပါဝင်သည်။ ပြီးခဲ့သည့် မတ် ၂၀၊ ၂၁ တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့သေးသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် ရှိသည့် အင်းတော်၊ ဗန်းမောက်စသည့် မြို့နယ်များတွင် ဝါရင့် ကချင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (KIA) နှင့် ဒေသအခြေအစိုက် တော်လှန်ရေးအဖွဲ့များ အားကောင်းသည်။

ခုခံစစ်ဆင်နေသူများထဲတွင် KIA နယ်မြေသို့ သွားရောက်ပြီး စစ်သင်တန်းတက်ခဲ့သူများလည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles