အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျူနှင့် စစ်သား ၄ ဦးသေသည့် ပုလောမြို့တွင် တပ်က ရွာသားကို သတ်ပြီး အိမ်မီးရှို့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ချုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ထိုကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ကာ ရေလုပ်သားတစ်ဦးကိုလည်း သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၁၆ မွန်းလွဲ ၁၂ နာရီခွဲခန့်က ရှပ်ပုံရွာအရှေ့ပိုင်းရှိ စံပြရပ်ကွက်အတွင်း စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ စုစုပေါင်း အင်အား ၅၀ ခန့် ဝင်ရောက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု Crocodile Column အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုမြဇံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့သည်၊ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ပြန်ဆုတ်သွားချိန်တွင် ပူးပေါင်းအဖွဲ့က ရှပ်ပုံရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်လုပ်ခဲ့ကြသည်ဟု ဆိုသည်။

မွန်းလွဲ ၂း၃၀ ခန့်တွင် ရွာထဲရှိ စစ်ကောင်စီ လက်နက်ကိုင်တို့က အိမ်များပေါ်တွင် နေရာယူကာ စောင့်ကြိုတိုက်ခိုက်သဖြင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကိုမြဇံက ပြောသည်။

တိုက်ပွဲအတွင်း ရွာခံပျူစောထီးခေါင်းဆောင် ငြိမ်းချမ်းအောင်နှင့် အဖွဲ့ဝင်တစ်ဦး၊ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးသည်၊ သိမ်းဆည်းရမိသည့် စစ်ပစ္စည်းများထဲတွင် ကာဘိုင်တစ်လက်၊ ၉လုံးပစ် ပစ္စတိုသေနတ်တစ်လက်၊ ၅.၅၆ အမျိုးအစား ကျည် ၃၁၀တောင့်၊ လက်ပစ်ဗုံး ၂လုံး၊ ၄၀ မမ အမျိုးအစား ကျည် ၆ လုံး ပါဝင်သည်ဟု သိရသည်။

ထိုသို့ ဆုံးရှုံးခဲ့သည့် စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ တွင် ရှပ်ပုံရွာသို့ ပြန်လည်ဝင်ရောက်ကာ ရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို ရွာကိုလည်း မီးရှို့သည်ဟု ကိုမြဇံက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့မှာ သူတို့က နယ်မြေရှင်းလင်းရေးလာလုပ်တယ်။ ရေလုပ်ငန်းလုပ်တဲ့သူတစ်ဦးကို လည်လှီးပြီး သတ်လိုက်တယ်။ မနေ့က (ဇန်နဝါရီ ၁၉ ) ရာဘာခြံတစ်ခြံကို စရှို့တယ်။ အနီးအနားက အိမ်တွေ လောင်သွားတယ်” ဟု ကိုမြဇံက ပြောသည်။

အမည်နှင့် အသက် အတိအကျမစုံစမ်းနိုင်သေးသည့် လည်လှီးသတ်ဖြတ်ခံရသူမှာ လူလတ်ပိုင်းအမျိုးသားမှာ လုပ်ငန်းခွင်သို့ သွားချိန် စစ်ကြောင်းနှင့် ပက်ပင်းတိုးပြီး အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရွာအတွင်းရှိ နေအိမ် ၇ လုံးနှင့် ရာဘာခြံတစ်ခြံ မီးလောင်ပျက်စီးသွားသည်၊ တပ်က ရွာအတွင်း တပ်စွဲထားသဖြင့် အသေးစိတ်အခြေအနေ စုံစမ်း၍ မရနိုင်သေးပေ။​

တနင်္သာရီကမ်းရိုးတန်း၊ ပုလောမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀၀ခန့်ရှိသော ရှပ်ပုံရွာတွင် ဒေသခံတို့မှာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ စစ်တပ်ထောက်ခံသူ အများအပြားရှိသည့် ထိုရွာတွင် စစ်တပ်က ၎င်းတို့ခန့်အပ်ထားသည့် ရွာခံအုပ်ချုပ်ရေးမှူး ငြိမ်းချမ်းအောင်ကို လက်နက်တပ်ဆင်ပေးထားသည်။

ငြိမ်းချမ်းအောင် အပါအဝင် လေးဦးသေဆုံးခဲ့ရာ ထိုရွာကို စစ်တပ်ကောင်စီက ရေတပ်သင်္ဘောနှစ်စီး အသုံးပြု၍ ပိတ်ဆို့စီးနင်းနေသည်၊ ဘေးလွတ်ရာ ထွက်ပြေးမည့် ရွာခံအချို့ကို ဖမ်းဆီး စစ်ဆေးနေသည်ဟု တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက ယမန်နေ့တွင် ရေးသားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button