အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏ မဲခေါင်ထိပ်သီးအစည်းအဝေးအိပ်မက်ကို တရုတ်လျစ်လျူရှုခဲ့

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေးကို ကမကထပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံက လျစ်လျူရှုသဖြင့် အထမမြောက်ခဲ့ပေ။

လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (LMC) အလှည့်ကျဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ထိပ်သီးအစည်းအဝေး ကျင်းပရန် ဖိတ်ကြားရာ  တရုတ်က အကြောင်းမပြန်ခဲ့ကြောင်း Al Jazeera သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက်နေ့ သတင်းတစ်ပုဒ်တွင် ရေးသားသည်။

မဲခေါင်ဒေသအတွင်း ဩဇာလွှမ်းမိုးနိုင်ရေးအတွက် LMC ကို တရုတ်နိုင်ငံက ဦးဆောင်ကာ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့်အတူ ၂၀၁၆ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ထိုနိုင်ငံများသည် မဲခေါင်မြစ်နှင့် ထိစပ်နေသော နိုင်ငံများဖြစ်ပြီး လျန်ချန်းဆိုသည်မှာ တရုတ်နိုင်ငံအတွင်း မဲခေါင်မြစ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဖွဲ့၏ (၇) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၌ ကျင်းပခဲ့စဉ် မြန်မာနှင့် တရုတ်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိပ်သီးအစည်းအဝေး ကျင်းပလျှင် နိုင်ငံခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များ တက်ရောက်ရမည် ဖြစ်သည်။

မကျင်းပဖြစ်ခဲ့သော လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကာချင်း အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မျှော်လင်ခဲ့သည်။

သို့သော် တရုတ်က အကြောင်းမပြန်သဖြင့် ထိပ်သီးအစည်းအဝေး အထမမြောက်ခဲ့ပေ။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နှစ်နှစ်ပြည့်လုချိန်အထိ ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများမှ ဖယ်ကြဉ်ခံထားရသည်။

“စစ်ကောင်စီဖိတ်ကြားချက်ကို ဘေဂျင်းက အကြောင်းမပြန်ဘူး။ ရက်စွဲတို့ တက်မယ့်အကြောင်းတို့လည်း မသတ်မှတ်နိုင်ခဲ့ဘူး” ဟု အရှေ့တောင်အာရှမှ သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သူ ဟောင်ကောင်အစိုးရ အရာရှိဟောင်း Michael Ng က ပြောဆိုကြောင်း Al Jazeera သတင်း၌ ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မည်သည့် တရုတ်ခေါင်းဆောင်မှ မင်းအောင်လှိုင်နှင့် လူချင်း မတွေ့ဆုံသေးကြောင်းလည်း မကြာသေးမီကအထိ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး ဒုတိယအကြီးအကဲ တာဝန်ယူထားသူ Ng က ဆိုသည်။

“ဝန်ကြီးချုပ်လီက မင်းအောင်လှိုင်နဲ့ တွေ့လိုက်မယ်ဆိုရင် စစ်အစိုးရကို တရားဝင် အပြည့်အဝ ထောက်ခံပေးလိုက်သလို ဖြစ်သွားမှာစိုးလို့ တရုတ်ဘက်က အေးတိအေးစက်လုပ်နေပုံရတယ်”

ပြီးခဲ့သည့်နှစ်အတွင်း ပုဂံ၌ကျင်းပသော လန်ချန်း – မဲခေါင်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် ရောက်လာသော်လည်း နေပြည်တော်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ ပုဂံအစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံ့အကြီးအကဲအဖြစ် တက်ရောက်လိုခဲ့သော်လည်း တရုတ်ဘက်က ပယ်ချခဲ့သည်ဟု နေပြည်တော်မှ လာသောသတင်းများက ဆိုသည်။ အဆိုပါ အချက်ကို သီးခြားအတည်မပြုနိုင်ပေ။

လန်ချန်း-မဲခေါင်ထိပ်သီးအစည်းအဝေး ကျင်းပရန် စစ်ကောင်စီဖိတ်ခေါ်ချက်ကို တရုတ်က အကြောင်းမပြန်ခဲ့ကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Jason Tower က ပြောသည်။

“LMC ကတဆင့် တရားဝင်အသိအမှတ်ပြုခံရမှု တိုးရအောင် မင်းအောင်လှိုင်ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အာဆီယံကို ကျော်ပြီး လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေး ကျင်းပရေး အကြောင်းပြန်လိုက်ရင် အပြင်းအထန် ဝေဖန်ခံရမှာလေ” ဟု သူက ဆိုသည်။​

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့မှာ အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်လည်း ပိတ်ပင်ခံထားရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles