အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းတွင်းမြစ်ရိုးတစ်လျှောက် စစ်တပ်က ခေတ်မီကင်းလှည့်ရေယာဉ်များ အသုံးပြုလာ

ခုခံတိုက်ခိုက်မှုများ ပြင်းထန်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် စစ်တပ်က ခေတ်မီစစ်သင်္ဘောများ အသုံးပြုကာ စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။​

ယခုလဆန်းပိုင်းက ချင်တွင်းမြစ်အထက်ပိုင်းတွင် ခုတ်မောင်းနေသည့် အမြန်သွားကင်းလှည့်စစ်သင်္ဘောနှစ်စီးမှာ လက်ရှိ၌ မုံရွာမြို့အထွက် ချင်းတွင်းမြစ်ကူးတံတားအောက် အလုံမင်းဒေါင့်ဆိပ်ကမ်းတွင် ရပ်နားထားသည်ဟု ဆိုသည်။

“လေးရက်လောက်ရှိပြီပေါ့။ ချင်းတွင်းတံတားမှာ သောင်တင်နေတယ်လို့ ပြောလို့ရတယ်။ ပထမတစ်စီးလို့ ကြားတယ်။ နောက် ပုံတွေတက်လာတော့ နှစ်စီး။ သစ်သယ်မဲ့လမ်းကြောင်းရှိတယ်လို့ ဖရဲသီးသတင်းဆီက သိရတယ်။ အဲဒီ အတွက်လို့တော့ ကြားတာပဲ” ဟု မုံရွာတစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုသက်ဦးက ပြောသည်။

စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုကာ ရိက္ခာများ ပေးပို့ခြင်း၊ လက်နက်ခဲယမ်းများ၊ ကျောက်စိမ်းသယ်ဆောင်ခြင်းများ ပြုလုပ်ရာတွင် ၎င်းတို့ရေယာဉ်များ အတိုက်မခံရစေရန် မြစ်ကမ်းဘေးမှနေ၍ ခြေလျင်စစ်ကြောင်းများ လိုက်လေ့ရှိသည်။

လက်ရှိတွင် စစ်တပ်က ထိုခေတ်မီကင်းလှည့်စစ်ရေယာဉ်နှစ်စီး အပါအဝင် ရေယာဉ် အစီး ၂၀ ကျော်ဖြင့် ချင်းတွင်းမြစ်အထက်ကို ဆန်တက်ရန် ပြင်ဆင်နေသည်ဟု ကြားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်ရာတွင် စစ်ကောင်စီက သဲအိတ်ကာထားသည့် သာမန်ရေယာဉ်များကို အသုံးပြုခဲ့ပြီးနောက် ယခုအခါ ခေတ်မီကင်းလှည့်ရေယာဉ်များကိုပါ အသုံးပြုလာခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီအသုံးပြုလာသည့် စစ်ရေယာဉ်နှစ်စီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့သော အစ္စရေးနိုင်ငံထုတ် Super Dvora အမျိုးအစား အမြန်သွားကင်းလှည့်ရေယာဉ်များကို အတုယုထုတ်လုပ်ထားသည်ဟု ယူဆရသည်။​

ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီအသုံးပြုလာသည့် အမြန်ကင်းလှည့်ရေယာဉ်နှစ်စီးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သီလဝါရှိ ရေတပ်စခန်းတွင် ပြုလုပ်သော တပ်တော်ဝင်အခမ်းအနား၌ မင်းရဲကျော်ထင်အမည်ရ ရေငုပ်သင်္ဘောနှင့်အတူ တွေ့ရသည်။

အလျား ၁၈ မီတာ အနံ ၄ ဒသမ ၄ မီတာရှိ ထိုအမြန်သွား ကင်းလှည့်ရေယာဉ်နှစ်စီးတွင် စက်သေနတ်နှစ်လက်၊ အော်တိုအမြောက်တစ်လက် တပ်ဆင်ထားပြီး၊ တစ်နာရီ ၂၅ မိုင်နှုန်း မောင်းနှင်နိုင်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ်က ထုတ်ပြန်ခဲ့သော ရေယာဉ်များကို ၂၀၂၁ ဒီဇင်ဘာအတွင်းက ရန်ကုန်ဆိပ်ကမ်း၌ တွေ့ရစဉ်။ (ဓာတ် ပုံ-စစ်ကောင်စီ)

အဆိုပါရေယာဉ်များမှာ ကင်းလှည့်ရေယာဉ်များသာဖြစ်၍ စိုးရိမ်စရာမရှိကြောင်း၊ ပြောင်းလဲလာသော နည်းပညာအရ အလုံပိတ်ရေယာဉ်ပုံစံ တည်ဆောက်ထားခြင်းသာဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ရေတပ်တပ်ကြပ်ကြီး မြတ်မင်းသူက ပြောသည်။

“မြစ်တွင်းသွားဖြစ်တဲ့အတွက် လက်နက်ကြီးတွေ၊ အမြောက်ကြီးတွေနဲ့ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမဟုတ်ဘူး။ ကာကွယ်ရေးလက်နက် အနည်းအကျဉ်းပဲပါမယ်။ လူလည်း အနည်းငယ်ပဲ တင်ဆောင်နိုင်မယ်။ ပုံမှန်ပါပဲ။ စစ်ကိုင်းတိုင်းအတွက်တော့ ခြိမ်းခြောက်မှုလို့ ယူဆလို့ မရဘူး” ဟု ၎င်းက ပြောသည်။

သို့သော် ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ပါက ထိုကင်းလှည့်ရေယာဉ်များသည် အစောင့်အနေဖြင့် လိုက်ပါလာနိုင်သည်ကို သတိပြုရန်လိုကြောင်း သူက ဆက်ပြောသည်။

“ဒီသင်္ဘောတွေက PDF တွေရဲ့ လက်နက်အားနည်းလို့သာ ထိထိရောက်ရောက် မဟန့်တားနိုင်တာသာ ဖြစ်တယ်။ ပွိုင့်ဖိုက်သေနတ်တွေ၊ ဗုံးပစ်လောင်ချာတွေ၊ RPG တွေ၊ ၆၀ မီလီမီတာ၊ ၈၀ မီလီမီတာ မော်တာတွေနဲ့ ပစ်မယ်ဆိုရင်ဖြင့် ဒီသင်္ဘောတွေက ပျက်စီးနိုင်ခြေမှာ ရှိတယ်။ မာကျောတဲ့ အနေအထားမဟုတ်ဘူး” ဟု ရေတပ်တပ်ကြပ်ကြီးက ပြောသည်။ 

စစ်ကောင်စီသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး ကျေးရွာများကို မီးရှို့ရာ ယခုနှစ် မေလနှင့် ဇွန်လအတွင်း ကျေးရွာ ၁၃ ရွာထက်မနည်း မီးရှို့ခံရသည်။ ထို့ပြင် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယင်းမာပင်မြို့နယ် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က စစ်ကောင်စီ၏ လူထုအပေါ် ခြိမ်းခြောက်သည့် လုပ်ရပ်သာဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“ချင်းတွင်းမြစ်ထဲမှာ အခုလိုလုပ်လာတာဟာ စစ်ရေးလေ့ကျင့်တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော် သုံးသပ်မိသလောက်ကတော့ လူထု ထိတ်လန့်အောင်၊ ကြောက်လန့်အောင် လုပ်တဲ့သဘောပါပဲ။ စစ်ရေးအရ သုံးသပ်ကြည့်ရင် ထူးခြားမှုမရှိနိုင်ပါဘူး” ဟု သူက ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button