(ရန်ကုန်) – တအာင်း/ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နှစ်လနီးပါးကြာ ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး ပြန်လည်လွတ်မြောက်ရေးအတွက် ‘ဝ’ ဌာနချုပ်တွင် လာရောက်ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် FPNCC က မိသားစုထံ ယမန်နေ့က အကြောင်းကြားလိုက်သည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ကမ်းလှမ်းမှုကို ရရှိခဲ့ပြီးနောက် သြဂုတ်လ၁၇ ကတည်းက ဖမ်းဆီးခံထားရသည့် အသက် ၃၇နှစ်အရွယ် နန်းမိုဟွမ်၏မိသားစုဝင်များသည် မြန်မာ -တရုတ် မယ်စပ်ရှိ ‘ဝ’ ဌာနချုပ် ပန်ခမ်း(ပန်ဆန်း)ကို သွားရောက်ရန် ပြင်ဆင်လျက်ရှိသည်။
“အရမ်းပျော်တယ်။ အရင်က မျှော်လင့်မထားပေမယ့် အခုတော့ လွတ်တော့မယ်လို့လည်း မျှော်လင့်တယ်။ သူ့ကလေးတွေကလည်း အရမ်းမျှော်နေတော့ FPNCC ကို အထူးကို ကျေးဇူးတင်တယ်” ဟု နန်းမိုဟွမ်၏ အစ်မ နန်းမိုခမ်းက Myanmar Now ကို ပြောသည်။
ပန်ခမ်းသွားမည့် ကိုယ်စားလှယ်အဖွဲ့အမည်စာရင်းကို FPNCC ထံ ပေးပို့ရန် ပြင်ဆင်နေသော်လည်း ဆွေးနွေးပွဲအစီအစဉ်အသေးစိတ်ကို မသိရှိသေးကြောင်း နန်းမိုဟွမ်လွတ်မြောက်ရေး ကူညီနေသည့် နမ့်ခမ်းလူငယ်ကွန်ရက် တာဝန်ခံစိုင်းသိန်းရွှေက ပြောသည်။
“ဘယ်ရက်သွားမလဲ အတိအကျ မပြောနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် နန်းမိုဟွမ်လွတ်မြောက်နိုင်ရေးအတွက် ရောင်ခြည်လေးသန်းလာပြီ” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ရှိ ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့ကြောင်း TNLA က စွပ်စွဲပြီး ဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
TNLA၏အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သဖြင့်ဟု ဆိုကာ TNLA၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ(၃၃၃)ဖြင့် တရားစွဲဆိုခံထားရပြီး ၎င်းတို့၏ တရားရုံးတွင် စစ်ဆေးနေသည်ဟု TNLA က စက်တင်ဘာ ၃ရက်က ထုတ်ပြန်ထားသည်။
ယင်းဥပဒေပုဒ်မသည် အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် မှ အမြင့်ဆုံး ၁၀နှစ်ထိ ချမှတ်နိုင်သည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု TNLA၏ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က အောက်တိုဘာ၂ရက်တွင် Myanmar Nowကို ပြောသည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC) ၊”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ ပါဝင်သည်။



